
နေပြည်တော် ဇွန် ၎
အခင်းအကျင်းသစ်နှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆွေးနွေးပွဲကို ဇွန် ၄ ရက်နှင့် ၅ ရက်တို့တွင် နေပြည်တော်ရှိ Lotus ဟိုတယ်၌ ကျင်းပလျက်ရှိသည်။
နေပြည်တော်ရှိ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ အားကောင်းလာစေရန်၊ ပြည်သူလူထုနှင့်အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက် မှုအားကောင်းလာစေရန်၊ Good Government အားကောင်းလာစေရန်၊ အရပ်ဘက်အဖွဲ့ အစည်းများဖြစ်သည့် Than Lwin (Citizen Empowerment Program)နှင့် Triangle Women’s Support Group အဖွဲ့တို့က နေပြည်တော်ကောင်စီနယ်မြေတွင်း ရှစ်မြို့နယ်ရှိ CSO များကိုဖိတ်ကြားပြီး ဆွေးနွေးပွဲကျင်းပ ရခြင်းဖြစ်ကြောင်း သိရသည်။
''အစိုးရတစ်ခုတည်းပြောင်းလဲလို့ မရဘူး။ အစိုးရနဲ့ပြည်သူကြားမှာ အရပ်ဘက်အဖွဲ့အစည်း တွေက အစိုးရကိုကူညီနိုင်တယ်။ စောင့်ကြည့်နိုင်တယ်။ ထိန်းကျောင်းနိုင်တယ်''ဟု ဇော်မင်းကျော် (Than Lwin Empowerment Founder)က ပြောသည်။
အစိုးရအား ပြည်သူလူထုက ထောက်ပြပေးရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားထားကြောင်း ဟောပြောပို့ချသူ ဦးသီဟသူ(ခ)ဆန်နီ (နိုင်ငံသားစွမ်းရည် မြှင့်တင်ရေးအဖွဲ့)က ပြောသည်။
ဆွေးနွေးပွဲပထမနေ့တွင် ဦးလေးညွန့်က မြန်မာ့စီးပွားရေးတွင် လယ်ယာကဏ္ဍအရေးပါမှု၊ ဦးသီဟသူက အုပ်ချုပ်မှုကောင်း၏ အဓိက အခြင်းအရာများကို ဆွေးနွေးဟောပြောပြီး ဒုတိယနေ့တွင် နေဘုန်းလတ်က လူငယ်များ၏ အခန်းကဏ္ဍ၊ ဒေါ်ခင်လေးက မူဝါဒဥပဒေများ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးရေးအတွက် နိုင်ငံသားတို့၏ အခန်းကဏ္ဍ၊ တေးသံရှင်စောဖိုးခွား၏ ဖျော်ဖြေမှု၊ ပညာပေးအစီအစဉ်များနှင့် ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။
(ဖိုးသန့်)
No comments:
Post a Comment