
နေပြည်တော် ဇွန် ၆
နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် အာဆီယံ၏ကင်းလွတ် ခွင့်နှင့် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၊ ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်းနှင့် ပဲခူးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ရွှေပုံတို့က ထောက်ခံ ဆွေးနွေးကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် က မိမိတို့အနေဖြင့် သဘောတူစာချုပ်တွင် ပါဝင်ခြင်းဖြင့် အာဆီယံအဖွဲ့ကြီး၏ လုပ်ငန်းတာဝန်များနှင့် ဂျကာတာမြို့ ရှိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကို ပိုမို ထိရောက်စွာ ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် သဘောတူစာချုပ်ကို အတည်ပြုလက်မှတ်ထိုးခြင်းဖြင့် အာဆီယံအဖွဲ့၌ တာဝန်သိသော နိုင်ငံတစ်ခုအဖြစ် ဖော်ညွှန်းနိုင်မည်ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံ များမှခန့်အပ်သည့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး အဖွဲ့ဝင်များနှင့် ကျွမ်းကျင် ပညာရှင်များ၏ တာဝန်ထမ်းဆောင်ရာ၌ အထောက်အကူ ပြုမည်ဖြစ်ပြီး ကိုယ်ကျိုးအသုံးပြုမှုများရှိပါက ပြန်လည် ရုပ်သိမ်းနိုင်ခွင့်ကိုလည်း စာချုပ်၌ ရှင်းလင်းစွာ ပြဋ္ဌာန်း ထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုး ထားသော်လည်း ပြည်ထောင်စုလွှတ်တော်၏ အတည်ပြု ချက်ရရှိမှသာ အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ အတည်ပြုစာချွန်လွှာ ပေးပို့ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း လွှတ်တော်သို့ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်၏ဆန္ဒရယူပြီး အတည်ပြုကြောင်း ကြေညာသည်။
ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်ကမှတ်တမ်းတင်ခဲ့သည်။
(သတင်းစဉ်)
No comments:
Post a Comment