
ကိယက် ဇွန် ၆
ပြင်သစ်နိုင်ငံ၌ ယူရို ၂ဝ၁၆ ဘောလုံးပြိုင်ပွဲ ကျင်းပချိန်အတွင်း အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသူ ပြင်သစ်နိုင်ငံသားတစ်ဦးကို ပိုလန်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသတွင် မေလနှောင်းပိုင်းက ယူကရိန်း ထောက်လှမ်းရေး အေဂျင်စီက ထိန်းသိမ်းနိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇွန် ၆ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ပြင်သစ်နိုင်ငံသားမှာ အသက် (၂၅)နှစ် အရွယ်ရှိပြီး ၎င်း၏ မော်တော်ယာဉ်အတွင်းမှ ရော့ကက်လောင်ချာများနှင့် အေကေ-၄၇ ရိုင်ဖယ်သေနတ်များ အပါအဝင် လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ၎င်းအားဖမ်းဆီးနိုင်ခဲ့သည်။ ပြင်သစ်နိုင်ငံသား၏ အမည်ကိုမူ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
အဆိုပါ ပြင်သစ်နိုင်ငံသားသည် လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် ယူကရိန်းရှိ လက်နက်ကိုင်အုပ်စုများနှင့် ဆက်သွယ်လုပ်ဆောင်ခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ ဗက်စီလီ ဂရစ်ဆက်က ပြောကြားသည်။
ယူရို ၂ဝ၁၆ ဘောလုံးပြိုင်ပွဲ ကျင်းပချိန်အတွင်း ရဟူဒီနှင့် မွတ်စလင်တို့၏ ဝတ်ပြုပွဲပြုလုပ်ရာ နေရာများနှင့် အဆောက်အအုံများအပါအဝင် ပစ်မှတ်များကို အကြမ်းဖက်တိုက်ခိုက်ရန် အဆိုပါပြင်သစ်နိုင်ငံသားက ကြံစည်လျက်ရှိကြောင်း ယူကရိန်းတာဝန်ရှိသူက ပြောကြားသည်။
ယူကရိန်း ထောက်လှမ်းရေးအေဂျင်စီသည် အဆိုပါ ပြင်သစ်နိုင်ငံသားကို ဒီဇင်ဘာလမှစ၍ ထောက်လှမ်း စောင့်ကြည့်ခဲ့ကြောင်း၊ ၎င်းကို ယူကရိန်းနှင့် ပိုလန်နိုင်ငံအကြား ယာဟိုဒင်နယ်ခြားဖြတ်ကျော်ရေးစခန်းတွင် လွန်ခဲ့သည့်လက ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားကြသည်။
ရိုက်တာ။
No comments:
Post a Comment