
နေပြည်တော် ဇွန် ၆
ဒုတိယအကြိမ် လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင် များ၏ ခေါင်းဆောင်မှုနှင့် ပညာရပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပသည်။
ယခုပြုလုပ်သည့် အစီအစဉ်တွင် နိုင်ငံအသီးသီး၏ လွှတ်တော်များမှ ကော်မတီဆိုင်ရာလုပ်ငန်းများကို Video Clip များဖြင့် လေ့လာခြင်း၊ နိုင်ငံ အသီးသီးမှ လွှတ်တော်ကော်မတီဆိုင်ရာကျွမ်းကျင်သူများ၊ လွှတ်တော်ကိုယ်စား လှယ်များ၏ အတွေ့အကြုံများကို ကြားသိခြင်းတို့အပြင် ကော်မတီများ၏ တာဝန်များကို ထိရောက်ပီပြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် အရည်အသွေး မြှင့်တင်ရေးဆိုင်ရာများကို ပြည့်စုံစွာ လေ့လာသိရှိကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ လွှတ်တော်နာယကက ပြည်သူ့ကိုယ်စားလှယ်များသည် အရည်အသွေး၊ အရည်အချင်းပြည့်ဝရန်လိုကြောင်း၊ လွှတ်တော်အသီးသီးမှ ကော်မတီများသည် ''ပြည်သူ့ဆန္ဒ ပြည်သူ့အသံ''ကို ဖော်ထုတ်ရာ ''ပြည်သူ ဗဟိုပြုဌာန၊ ပြည်သူကိုယ်စားပြုဌာနများဖြစ်ကြောင်း၊ အုပ်ချုပ်မှုကဏ္ဍ၏ လုပ်ဆောင်ချက်များအား ထိန်းကျောင်းစောင့်ကြည့်ရန်''ဆိုသော လွှတ်တော်၏အဓိကတာဝန်ကို ထမ်းဆောင်ရာတွင် လွှတ်တော်ကော်မတီများသည် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ ကော်မတီများသည် နိုင်ငံသားတစ်ဦးတစ်ယောက် ချင်းစီနှင့် လူမှုအဖွဲ့အစည်းများ၏ အမျိုးမျိုးသောအမြင်များအား ထုတ်ဖော် ပြောကြားနိုင်သော လူထုဖိုရမ်များဖြစ်ကြောင်း၊ လွှတ်တော်တစ်ရပ်ကဲ့သို့ပင် အရေးပါသော လွှတ်တော်ကော်မတီများသည် စွမ်းဆောင်ရည်ပြည့်ဝနေရန်နှင့် အားကောင်းနေရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များအား မှာကြားသည်။
ထို့အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း ယခုအကြိမ် လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Induction Program သည် တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကိုယ်စားလှယ်များကို နိုင်ငံတကာပါလီမန် များ၏ အတွေ့အကြုံဗဟုသုတရရှိစေရန်၊ စွမ်းရည်ပြည့်ဝသော ကော်မတီများ ဖြစ်လာစေရန်၊ ကော်မတီများ၏အခွင့်အရေးနှင့် စိန်ခေါ်မှုများကိုသိရှိစေရန် ရည်ရွယ်ကြောင်း၊ ရရှိလာသော နိုင်ငံတကာပါလီမန်များ၏ လုပ်ငန်းအတွေ့ အကြုံအပေါ်မူတည်ပြီး မိမိတို့၏ လွှတ်တော်လုပ်ငန်းများ ပိုမိုခိုင်မာအားကောင်း သွက်လက်ထက်မြက်လာရန်နှင့် လုပ်ဆောင်ရမည့် ရည်မှန်းချက်ပန်းတိုင်ကို ရှင်းလင်းစွာသိမြင်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင် ရာတွင် လွှတ်တော်သည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ လွှတ်တော်များ အားကောင်းမှ ဒီမိုကရေစီခိုင်မာတောင့်တင်းလာမည်ဖြစ်ကြောင်း၊ လွှတ်တော် များအားကောင်းရန်အတွက် ကော်မတီများက လုပ်ငန်းကျွမ်းကျင်စွာ ကူညီပံ့ပိုး နိုင်ရန်လိုအပ်ကြောင်း မှာကြားသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့မှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ လွှတ်တော်အသီးသီးမှ ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ နိုင်ငံတကာ ပါလီမန်များမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံတကာပါလီမန်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြပြီး ကော်မတီများအနေဖြင့် ဥပဒေပြုရေးလုပ်ငန်းစဉ်တွင် ထိရောက်စွာပါဝင်ဆောင်ရွက်ရေး၊ ဥပဒေပြုရေး၊ ထိန်းကျောင်းစောင့်ကြည့်ရေးနှင့် ကိုယ်စားပြုရေးတာဝန်များ ပိုမိုအားကောင်း လာရေး၊ ပြည်သူလူထုအား ကိုယ်စားပြုခြင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ခံမှုအား စောင့်ကြည့်ထိန်းကျောင်းခြင်း၊ ကော်မတီများ၏ စည်းမျဉ်း စည်းကမ်းနှင့် ကျင့်သုံးမှု၊ လုပ်ထုံးလုပ်နည်းပိုင်းနှင့် သုတေသနပြုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးကြသည်။
လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစီအစဉ် ပထမအကြိမ်ကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ပြုလုပ်ခဲ့ပြီး ယခုပြုလုပ်သည့် လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်သည် ဒုတိယအကြိမ်ဖြစ်ကာ နိုင်ငံ(၁၂) နိုင်ငံမှ နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော် ကော်မတီ ကျွမ်းကျင်သူများ တက်ရောက်ပို့ချမည်ဖြစ်သည်။
လွှတ်တော်ကော်မတီများ၏ ခေါင်းဆောင်မှုနှင့် ပညာရပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးအစီအစဉ်ကို ဇွန် ၆ ရက်မှ ၁ဝ ရက်အထိ ပြုလုပ်မည်ဖြစ် ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်တွင် ကော်မတီများ၏ ထိန်းညှိခြင်းလုပ်ငန်း တာဝန်များ ပိုမိုနားလည်မှုရှိစေရန်၊ အလုံးစုံပါဝင်နိုင်သော ဒီမိုကရေစီစနစ် အတွက် နိုင်ငံတကာစံချိန်စံညွှန်းနှင့် သတ်မှတ်ချက်များအား သတိပြု နားလည်စေရန်နှင့် လွှတ်တော်ကော်မတီများ၏ လုပ်ဆောင်ချက်များ၊ ဥပဒေ များနှင့် ကျင့်သုံးမှုများကို နားလည်စေရန် ရည်ရွယ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment