Monday, June 6, 2016

ရိုးရာကျားတို့ အားပြိုင်ပွဲ ပထမတန်းသို့တက်လာသည့် ဖျံသွေး သမ္ဘာရင့်စက်လက်သီးသပြေညိုကို အလဲထိုး

သတင်းမြင်ကွင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

ရန်ကုန် ဇွန် ၅

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီးGreat Tiger Group က စီစဉ်သည့် ပထမတန်း လက်ဝှေ့ကျော်များ ပါဝင်ယှဉ်ပြိုင်ထိုးသတ်သော ရိုးရာကျားတို့အားပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပရာ ပထမတန်းသို့ တက်လာသည့် ဖျံသွေးက သမ္ဘာရင့် သပြေညိုကို အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ 

ယနေ့ယှဉ်ပြိုင်ထိုးသတ်သည့် ရိုးရာကျားတို့ အားပြိုင်ပွဲတွင် လေးချီပွဲနှစ်ပွဲ၊ ငါးချီပွဲရှစ်ပွဲ စုစုပေါင်းတွဲဆိုင်း ၁ဝ ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာ သရေသုံးပွဲနှင့် အလဲထိုးဖြင့် အသည်းအသန်အနိုင်ယူယှဉ်ပြိုင်သည့် ပွဲခုနစ်ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ ငါးချီပွဲများတွင် ရိုးရာလက်ဝှေ့ချစ်ပရိသတ်များ အထူးစိတ်ဝင်စားသည့် ပထမ တန်း လက်ဝှေ့တွဲဆိုင်းများဖြစ်သည့် စောဂေါ်မူဒို(သတ္တိ)နှင့် သွေးသစ်အောင်(နဂါးနီ)တို့ပွဲတွင် စောဂေါ်မူဒိုက ပွဲစသည်နှင့် အောက်ခြေကန်ချက်များဖြင့် သွေးသစ်အောင်ကို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရာ ဒုတိယအချီ ၁ မိနစ် ၃၁ စက္ကန့်တွင် သွေးသစ်အောင် ဘယ်ခြေအထိနာ၍ အနားတောင်းခဲ့ရကာ ပြန်လည်ယှဉ်ပြိုင်ထိုးသော်လည်း ဆက်လက်ယှဉ်ပြိုင်ထိုးသတ်နိုင်စွမ်းမရှိတော့သဖြင့် ဒုတိယအချီ ၁ မိနစ် ၅၉ စက္ကန့်တွင် အလဲထိုးဖြင့် အရှုံး ပေးခဲ့ရသည်။ တစ်ဖန် ရိုးရာလက်ဝှေ့ချစ်ပရိသတ်များ ဒုတိယစိတ်ဝင်စားမှုအများဆုံးဖြစ်သည့် တက်သစ်စ ပထမတန်းလက်ဝှေ့ကျော် ဖျံသွေး(ရွှေမိုးထိငြိမ်းချမ်းရေး)က သမ္ဘာရင့်စက်လက်သီးပိုင်ရှင် ပထမတန်းလက်ဝှေ့ ကျော် သပြေညို(ဘိလပ်မြေစက်ရုံ)ကိုမျှော်လင့်မထားဘဲ အလဲထိုးဖြင့် အနိုင်ရခဲ့ သည်။ ယင်းပွဲတွင် ရိုးရာလက်ဝှေ့ လောက၌ စက်လက်သီးပိုင်ရှင်ဟု တင်စားခေါ်ဝေါ်ခံ ရသည့် မာဂုဏ်မြင့် ပထမတန်းလက်ဝှေ့ကျော် သပြေညိုသည် ၄င်း၏ထုံးစံအတိုင်း ပွဲအစတွင် အထနှေးမှုကို ဖျံသွေးကောင်းကောင်းအသုံးချသွားနိုင်ခဲ့သည်။ ပွဲစသည်နှင့် ဖျံသွေးသည် သမ္ဘာ့ရင့်သပြေညိုအား ညာခြေကန်ချက်နှင့်အတူ ပင့်လက်သီး၊ ထောက် လက်သီးတို့ကိုသုံးကာ အထနှေးသည့် သပြေညိုအား တုံ့ပြန်ယှဉ်ပြိုင်ထိုးသတ်ခဲ့မှု ကြောင့် ဒုတိယအချီ ၁ မိနစ် ဝ၅ စက္ကန့်တွင် သပြေညိုအနားတောင်းခဲ့ရသည်။ သို့သော် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်သည့် လေးမိနစ်အတွင်းမှာပင် အထိနာ၍ သပြေညို ယှဉ်ပြိုင်ထိုးသတ်နိုင်စွမ်းမရှိတော့ဘဲ ဖျံသွေးကို အလဲထိုးဖြင့် အရှုံးပေးလိုက်ရ သည်။
ယင်းပွဲတွင် မာဂုဏ်မြင့် စက်လက်သီးသပြေညို အနိုင် သို့မဟုတ် အစီးသရေဟု ရိုးရာ လက်ဝှေ့ချစ်ပရိသတ်များ ပွဲကြိုထင်ကြေးပေးခဲ့ကြသော်လည်း မထင်မှတ်ဘဲ ဖျံသွေး အနိုင်ရခဲ့သည်။ ဖျံသွေးနှင့် သပြေညို ယနေ့တွေ့ ဆုံ ယှဉ်ပြိုင်ထိုးသတ်မှုသည် ပထမဆုံး အကြိမ်ဖြစ်၍ များမကြာမီတွင် စက်လက်သီးသပြေညို ပြန်လည်စိန်ခေါ် ယှဉ်ပြိုင် ထိုးသတ်မှုကို ရိုးရာလက်ဝှေ့ချစ်ပရိသတ်များ မြင်တွေ့ရဖွယ်ရှိသည်။ 

အခြားယှဉ်ပြိုင်ထိုးသတ်သည့်ပွဲများတွင် လေးချီပွဲများဖြစ်သည့် ရွှေဖားစည်နှင့် စွမ်းထက်နိုင် (ဗမာ့သွေး)တို့ သရေကျခဲ့ပြီး စည်သူအောင်(ရွှေမိုးထိငြိမ်းချမ်းရေး)နှင့် မင်းထက်အောင်(ဒို့ရိုးရာ)ပွဲတွင် ပထမအချီ ၁ မိနစ် ၄၇ စက္ကန့်မှာပင် စည်သူအောင် ဘယ်ခြေထောက်အထိနာခဲ့သဖြင့် အနားတောင်းခဲ့ရကာ ဆက်လက်ယှဉ်ပြိုင် ထိုးသတ်နိုင်စွမ်းမရှိတော့သဖြင့် အလဲထိုးဖြင့်အရှုံးပေးခဲ့ရသည်။ အခြား ငါးချီစိန်ခေါ် ပွဲများတွင် နက္ခတ်အောင်(တောင်ကလေး)က စောဖြိုးဝေ(အဖြူရောင်သွေးသစ်)ကို ဒုတိယအချီ ၂ မိနစ် ၄၉စက္ကန့်တွင် အလဲထိုးဖြင့် လည်းကောင်း၊ ထွန်းလွင်မိုး(နဂါး မာန်)က စောရာဇာ(ရွှေမိုးထိငြိမ်းချမ်းရေး)ကို ဒုတိယအချီ ၂ မိနစ် ၂၇ စက္ကန့်တွင် အလဲထိုးဖြင့်လည်းကောင်း၊ ရွှေရာမာန်(ရွှေဒေါပုံ)က ဗိုစိုးအောင်(ဗမာ့သွေး)ကို ဒုတိယအချီ ၂ မိနစ် ၂၆ စက္ကန့်တွင် အလဲထိုးဖြင့် လည်းကောင်း၊ စောမင်းအောင် (တောင်ကလေး)က ရှမ်းက(T&T)ကို တတိယအချီ ၁ မိနစ် ၄၇ စက္ကန့်တွင် အလဲထိုး ဖြင့်လည်းကောင်း အသီးသီးအနိုင်ယူခဲ့သည်။ ငါးချီပွဲများထဲမှ သရေကျသွားခဲ့ သည့် ပွဲစဉ်နှစ်ပွဲမှာ ရဲသွေးနီ(တောင်ကလေး)နှင့် မိုးဟိန်း (ဘိလပ်မြေစက်ရုံ)၊ ဒေါင်း သည်းခြေ(အောင်မြန်မာ)နှင့် ကြယ်စင်ထူး(ဘိလပ်မြေစက်ရုံ) တို့ အရှုံးအနိုင်မပေါ် ဘဲ ငါးချီပြည့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
ယနေ့ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးတွင် ပြည်ပ နိုင်ငံခြားသားအများစုလာရောက်အားပေးပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းလည်း လာရောက်ကြည့်ရှုအားပေးကြောင်းသိရသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment