
ပြည်သူ့သဘောထားစင်မြင့်
တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့နှင့်စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်းပြင်းထန်သော အယူအဆ၊ အရေးအသားများကိုမူ သတင်းစာ၏မူဝါဒအရ ဖော်ပြပေးနိုင်မည်မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင်ပါရှိသမျှတို့သည် သက်ဆိုင်ရာဆောင်းပါးရှင်အသီးသီး၏ အာဘော်များသာဖြစ်ပါကြောင်း အစီရင်ခံအပ်ပါသည်။ (စာတည်းအဖွဲ့)
တင်မောင်အေး
လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလမှာ အလုပ်တာဝန်အရ အာဇာနည်နေ့အခမ်းအနားများကို နှစ်တိုင်းနီးပါး ကျွန်တော်တက်ရောက်ခဲ့ရပါတယ်။ အာဇာနည်နေ့ဖြစ်တဲ့ ဇူလိုင်လဟာ မိုးဖြိုင်ဖြိုင်ရွာတဲ့ မိုးတွင်းမို့ မိုးလွတ်တဲ့ အာဇာနည်နေ့အခမ်းအနားမရှိသလောက်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့အာဇာနည်ဗိမာန်ကတော့ ပုံစံထုတ် ဆောက်လုပ်ထားတာ ရာသီဥတုအခြေအနေနဲ့ ဖီလာဖြစ် နေပါတယ်။
အာဇာနည်ဗိမာန်အုတ်ဂူများရှိရာ အဆောက်အအုံ ကိုတက်ဖို့ ကားပေါ်ကဆင်းကတည်းက မိုးရွာနေရင် အဆင်မပြေလှတော့ပါဘူး။ တစ်ခါ ကျောက်ပြားပေါ်ခြေ ချော်မသွားအောင်ကိုလည်း ဂရုစိုက်လမ်းလျှောက်ကြရပါတယ်။ ထိုင်ကန်တော့ကြတဲ့ အာဇာနည်မိသားစုဝင်များ(အခုဆို အားလုံး အဘိုးကြီး အဘွားကြီးတွေဖြစ်နေကြ ပါပြီ)ဆိုလည်း ရေရှိရင်လည်း ရေစပ်စပ်ထဲပဲထိုင်ကြရ တော့တယ်။ ယူနီဖောင်းတွေနဲ့ တာဝန်ကျတဲ့ အရာရှိကြီး၊ ငယ်များလည်း မတင့်မတယ် ထီးတွေကိုင်ထားကြရတယ်။ ဓာတ်ပုံသမား၊ ရုပ်သံသမားတွေလည်း ထီးမိုးရိုက်ကြရ၊ ဘယ်သူမှ အဆင်မပြေပါဘူး။
အခု ဇွန်လ ရောက်လာပြီမို့ အာဇာနည်နေ့ရောက်ဖို့ တစ်လပဲလိုပါတော့တယ်။ ဒါပေမယ့် ပရိသတ်အားလုံး အဆင်ပြေမယ့် ပေါ့ပေါ့ပါးပါး အမိုးတစ်ခုခုလုပ်မယ်ဆိုရင်တော့ အချိန်မီလောက်ပါသေးတယ်။ ဒီနှစ်အခမ်းအနားမှာ ပေါ့ပါးသပ်ရပ်မိုးရေကာပေးမယ့် အမိုးတစ်ခုခု ယာယီဆောက်ပေးထားမယ်ဆိုရင်တော့ အာဇာနည်မိသားစုများရော၊ သတင်းသမားများရော၊ တာဝန်အရလာရောက်ကြသူများ၊ သံတမန်များကအစ လာရောက်ဂါရဝပြုသူအားလုံး အဆင်ပြေကြပါလိမ့်မယ်။
အာဇာနည်ဗိမာန်မှာ အခုလို ယာယီအမိုးလုပ်တာ အောင်မြင်သွားရင် အနီးအနားမှာပဲရှိတဲ့ ရွှေတိဂုံ စေတီတော်ကြီးရင်ပြင်တော်မှာလည်း ဘုရားဖူးတွေ မိုးလုံလေလုံပတ်လျှောက်လို့ရတဲ့ ယာယီအမိုးကို အတုယူပြီး လုပ်ပေးသင့်တယ်ထင်ပါတယ်။ ရွှေတိဂုံစေတီတော် ရင်ပြင်တော်မှာ ဘုရားဖူးရင်း ချော်လဲလို့တင်ပဆုံရိုးကျိုးသွားတဲ့အဖြစ်မျိုးလည်း နည်းသွားပါလိမ့်မယ်။
အလားတူပဲ ဗိုလ်တထောင်စေတီရင်ပြင်တော်မှာလည်း ယာယီအမိုးထားသင့်ပါတယ်။ နေပူပြင်းချိန်၊ မိုးရွာ နေချိန်များမှာ ယာယီအမိုးကို မိုးပေးထားမယ်ဆိုရင် ဘုရားဖူးများ အလွန်ကို သက်သောင့်သက်သာရှိကြမှာပါ။ ဘုရားများကိုလည်း စိတ်အေးချမ်းသာဖူးနိုင်ကြမှာပါ။ ။
No comments:
Post a Comment