Sunday, June 5, 2016

ယီမင်တွင် ဈေးတစ်ဈေး ဒုံးကျည်ထိမှန်၊ ၁ ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရ


The Mirror Daily's photo.
အေဒင် ဇွန် ၎
ယီမင်နိုင်ငံ အနောက်တောင်ပိုင်းရှိ တာဇစ်မြို့မှ ဈေး တစ်ဈေးတွင် မေ ၃ ရက် ညနေပိုင်း ဈေးဝယ်သူများဖြင့် စည်ကားနေချိန်၌ ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲရာ အရပ်သား ၁၈ ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရ ခဲ့ကြောင်း ယီမင်လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။
ယီမင်တွင် နောက်ဆုံးဖြစ်ပွားသည့် ယင်းအကြမ်းဖက် တိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူအများစုမှာ ဈေးဝယ်သူများဖြစ်ကြောင်း အမည်ဖော်ပြခြင်းမရှိသည့် ဒေသဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူက ပြောကြားသည်။
ရှီးယိုက်ဟူသီသူပုန်များက တာဇစ်မြို့ရှိ လူစည်ကားသည့် ဈေးတစ်ဈေးနှင့် အနီးပတ်ဝန်းကျင်သို့ ကက်ယူရှာ ဒုံးကျည်နှင့် စိန်ပြောင်းများဖြင့် လက်လွတ်စပယ် ပစ်ခတ်ခဲ့ ခြင်းကြောင့် အပြစ်မဲ့သည့် အရပ်သားများ သေကျေဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းများထုတ်ပြန်ခဲ့သော်လည်း ရှီးယိုက် ဟူသီသူပုန်အဖွဲ့ကမူ ယင်းပစ်ခတ်မှုမှာ ၄င်းတို့လက်ချက် မဟုတ်ကြောင်း ငြင်းပယ်ပြောကြားသည်။
ဒုံးကျည်ထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရသူဦးရေ မှာ ၃၅ ဦးကျော်ရှိကြောင်း ဒေသတွင်း ကျန်းမာရေးဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားသည်။ ထိခိုက်ဒဏ်ရာ ရသူများအား တာဇစ်မြို့၌ ဆေးဝါးကုသမှုများပြုထားပြီး အရေးပေါ်သွေးလှူဒါန်းမှုများပြုလုပ်ကြရန် အဆိုပါ ဆေးရုံမှ ဆော်သြထားသည်။
ယီမင်နိုင်ငံ တာဇစ်ပြည်နယ်တွင် လက်နက်ကိုင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အကြီးအကျယ် ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ယင်းပြည်နယ်အတွင်း သို့ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အထောက် အပံ့ပေးသူများ ဝင်ရောက်ခြင်းမရှိနိုင်အောင် ဝန်းရံ ပိတ်ဆို့မှုခံနေရသည်။
အီရန်၏ မဟာမိတ် ရှီးယိုက်ဟူသီ သူပုန်အဖွဲ့နှင့် သမ္မတ ဆာလေအား သစ္စာခံသော ယီမင်တပ်ဖွဲ့များက ၂ဝ၁၄ ခုနှစ် စက်တင်ဘာလကတည်းက မြို့တော်ဆာနား နှင့် အခြားမြို့များအား တိုက်ခိုက်သိမ်းယူထားပြီး ဆော်ဒီ အာရေဗျနိုင်ငံက ထောက်ခံမှုပေးထားသည့် သမ္မတဟောင်း အဘတ်ရာဘူ မန်ဆာဟာဒီအား အကျင့်ပျက်ခြစားမှုများ ကျူးလွန်သည်ဟုစွပ်စွဲကာ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းကို ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
ဆော်ဒီအာရေဗျနိုင်ငံ ရာဒက်ရှ်မြို့တွင် ပြည်ပြေး အဖြစ် နေထိုင်ရသည့် ဟာဒီအစိုးရ အာဏာပြန်လည် ရရှိရေးအတွက် ဆော်ဒီအာရေဗျဦးဆောင်သည့် ညွန့်ပေါင်းလေတပ်ဖွဲ့က ၂ဝ၁၅ ခု မေလမှစ၍ ယီမင် ပြည်တွင်းစစ်တွင် စစ်ရေးအရ ကြားဝင်စွက်ဖက်လာ ခဲ့သည်။
ယီမင်ပြည်တွင်းစစ်ကျယ်ပြန့်လာချိန်မှစ၍ အရပ် သားများသေဆုံးမှုမှာ ၆ဝဝဝ ကျော်ရှိသွားပြီဖြစ်ပြီး လက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဇာတိရပ်ရွာစွန့်ခွာထွက်ပြေးရသူ ယီမင်နိုင်ငံသား ဦးရေမှာ ၂ ဒသမ ၄ သန်းကျော်ရှိပြီဖြစ်သည်။
ဆင်ဟွာ။

No comments:

Post a Comment