
ဂျီနီဗာ ဇွန် ၆
အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့သို့ ရောက်ရှိ နေသည်။ ငါးရက်ကြာ ငါးနိုင်ငံခရီးစဉ်၏ တတိယမြောက် ခရီးတစ်ထောက် နိုင်ငံအဖြစ် ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိနေသော ဝန်ကြီးချုပ်မိုဒီသည် ဆွစ် သမ္မတ ဂျိုဟန်း ရှနေဒါ အမ်မန်းနှင့် ဇွန် ၆ ရက်က တွေ့ဆုံဆွေးနွေးကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
ဝန်ကြီးချုပ် မိုဒီသည် ကာတာနိုင်ငံ မြို့တော်ဒိုဟာမှတစ်ဆင့် ဂျီနီဗာသို့ ဇွန် ၆ ရက် နံနက်အစောပိုင်းတွင် ရောက်ရှိခဲ့သည်။
ဝန်ကြီးချုပ် မိုဒီသည် ဆွစ်သမ္မတနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်နိုင်ရန်လည်းကောင်း၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင် ရန်လည်းကောင်း ဆွေးနွေးခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံသည် အိန္ဒိယ၏ အရေးပါသော ဥရောပမဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။
အိန္ဒိယနှင့် ဆွစ်ဇာလန်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေး မြှင့်တင်နိုင်ရန် ဆွစ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရန်လည်း စီစဉ်ထားသည်။
အဖွဲ့ဝင် ၄၈ နိုင်ငံပါဝင်သော နျူကလီးယားဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ရေးအုပ်စုတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် အိန္ဒိယပါဝင်လာနိုင်စေရေးအတွက် ဆွစ်ဇာလန်နိုင်ငံထံမှ ထောက်ခံမှုရရှိရန် ဝန်ကြီးချုပ် မိုဒီက ကြိုးပမ်းဖွယ်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။
အိန္ဒိယနှင့် ဆွစ်ဇာလန်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်ရမည့် အရေးကြီးသော ပြဿနာတစ်ရပ်မှာ ငွေမည်းနှင့် အခွန်ရှောင်မှု ပြဿနာဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီက ဆွစ်သမ္မတနှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ပီတီအိုင်။
No comments:
Post a Comment