Tuesday, June 7, 2016

တနင်္သာရီကျားများ အသက်ရှင်နေထိုင်မှုအတွက် များစွာသောခြိမ်းခြောက်မှုများ ကြုံတွေ့နေရ



The Mirror Daily's photo.
မြိတ် ဇွန် ၆

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သဘာဝသစ်တောများတွင် ကျားကောင်ရေ ၃၂ဝဝ လောက်သာကျန်ရှိတော့ကြောင်း မြိတ်မြို့တွင် ပြုလုပ်သော ကျားထိန်းသိမ်းကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

မြန်မာနိုင်ငံတောင်ဘက်ပိုင်းရှိ ရှားပါးလာပြီဖြစ်သော တနင်္သာရီကျား မျိုးစိတ်များကို ကာကွယ်ရန်အတွက် နိုင်ငံတကာတောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များအဖွဲ့(Fauna & Flora International-FFI) နှင့် သစ်တောဦးစီးဌာန တို့ပူးပေါင်း၍ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွင် ကျားမျိုးစိတ်များ မျိုးသုဉ်းခြင်း မှကာကွယ်ရန် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မေလအတွင်းက ကျင်းပခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစီးပွား ရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတောင်ဘက်ပိုင်းတွင် နေထိုင်ကျက်စားသော ကျားများကို ထိန်းသိမ်းကာကွယ်ရေးအတွက် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များအဖြစ် အတည်ပြုခဲ့ကြသည်။

ကျားသည် ရှားပါးစာရင်းဝင်လာပြီဖြစ်သော တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး မြန်မာနိုင်ငံတောင်ဘက်ပိုင်း တနင်္သာရီဒေသရှိ သစ်တောများမှာလည်း ထိုဆွဲဆောင်မှုရှိသော သတ္တဝါများအတွက် နောက်ဆုံးမှီခိုနေထိုင်ရာနေရာ တစ်ခုဖြစ်သည်။ သို့သော် ယခုအခါ ယင်းမျိုးစိတ်များမှာ စိုးရိမ်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီး ၎င်းတို့၏ ဆက်လက်အသက်ရှင် နေထိုင်မှုအတွက်များစွာသော ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေရပြီဖြစ်သည်။ အဓိက ခြိမ်းခြောက်မှုများမှာ သစ်တောများအားခုတ်ထွင်၍ ဆီအုန်းနှင့် အခြားတောင်ယာစိုက်ခင်းများအဖြစ် ပြောင်းလဲခြင်း၊ အမဲလိုက်ခြင်းနှင့် တောရိုင်းတိရစ္ဆာန်များအား ကုန်ကူးခြင်းများ ဖြစ်သည်။

''တစ်ကမ္ဘာလုံးအတိုင်းအတာအရ တောရိုင်းတိရစ္ဆာန်ပြစ်မှုများနဲ့ တခြား ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုတွေမှာ ကြီးမားတဲ့ဆက်စပ်မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ သဘာဝတရားနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းအမွေအနှစ်တွေကို အစီအစဉ်တကျရှိတဲ့ ဒီရာဇဝတ် ဂိုဏ်းတွေရဲ့ ခိုးယူမှုတွေဟာ နိုင်ငံတော်ရဲ့လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်သလို တစ်ကမ္ဘာလုံးရဲ့ သဘာဝသယံဇာတတွေအတွက်လည်း စိုးရိမ်စရာဖြစ် ပါတယ်''ဟု နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (FFI) ၏ တနင်္သာရီဒေသအစီအစဉ်မန်နေဂျာ မတ်ခ်ဂရမ်လေက ပြောကြားသည်။

နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝသစ်ပင်များအဖွဲ့နှင့် သစ်တောဌာနတို့ ပူးပေါင်းကျင်းပသည့် အဆိုပါကျားထိန်းသိမ်းကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံမှ ဖိတ်ကြားထားသူများလည်း တက်ရောက် ခဲ့ကြသည်။ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်များက တရားမဝင်တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုများ တိုက်ဖျက်သည့် ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံ၏ ပရာခရက် ကီရီခမ် ပြည်နယ်နယ်စပ်မှ အများပြည်သူ-ပုဂ္ဂလိကမိတ်ဖက် ဆောင်ရွက်မှု ပုံစံကိုမြှင့်တင်ရန် အခွင့်အလမ်းများအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။
(ကြေးမုံ)

No comments:

Post a Comment