စိုက်သမျှ ရှင်စေ၊ သန်စေ
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင်တိုးတက်ကောင်း မွန်ရေး၊ သစ်တောသစ်ပင်ကို ချစ်မြတ်နိုးစိတ်ရှင်သန် ဖြစ်ပေါ်စေရေး စသောရည်ရွယ်ချက်များဖြင့် ယခုနှစ်မိုးရာသီတွင် Green Environmental Campaign အစီအစဉ်ဖြင့် ပျိုးပင် ၅၇ ဒသမ ၉၃ သန်းကို ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများ၊ အများပိုင်နေရာများ၊ သာသနာ နယ်မြေများနှင့် ရေဦးရေထွက် ရေဝေရေလဲဒေသများတွင် စိုက်ပျိုးသွား မည်ဟု သိရသည်။
တစ်ဖန် သစ်တောသယံဇာတများ အလေအလွင့်မဖြစ်စေရန် ထိထိ ရောက်ရောက်ဟန့်တားနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်ရေးအတွက် သက်ဆိုင်ရာပညာရှင်များနှင့်ပတ်သက်ဆက်စပ်သူများ အားလုံးပါဝင်သည့် သစ်တောသယံဇာတရေရှည်တည်တံ့ရေး အလုပ်ရုံဆွေးနွေးပွဲကို မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ရန်ကုန်၌ကျင်းပခဲ့သည်။ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ မြန်မာ့သဘာဝသစ်တောများအတွင်းမှ ကျွန်းသစ်ပင်ရေ ၁၉၂ဝဝ နှင့် သစ်မာပင်ရေ ၅၉၂၃၃ဝ စီသာ နှစ်စဉ်တောထွက် AAC ရှိနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအရေအတွက်မှာ ၂ဝ၁ဝ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ကျွန်းသစ်အနေဖြင့် ၆၇ ရာခိုင်နှုန်းလျော့နည်းသွားခြင်း ဖြစ်ပြီး သစ်မာအနေဖြင့် ၂၈ ရာခိုင်နှုန်းကျဆင်းသွားခြင်းဖြစ်သည့် အလျောက်သစ်တောများအတွင်းမှ ကျွန်းနှင့်သစ်မာထုတ်လုပ်မှုများကို တင်းတင်းကျပ်ကျပ်ကန့်သတ်ရတော့မည့် အခြေအနေဟုဆိုနိုင်သည်။
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာမှာလည်း လျော့ကျ လျက်ရှိရာ ၁၉၉ဝ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၅၇ ဒသမ ၉၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၅ နှစ်တာကာလကိုကျော်ဖြတ်ပြီးနောက် ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်းသိရသည်။ ထင်းသုံးစွဲမှုအနေဖြင့် နိုင်ငံအတွင်း အိမ်ထောင်စုပေါင်း ၁ဝ ဒသမ ၈၈ သန်းရှိသည့်အနက် မြို့ပြတစ်အိမ်ထောင်ထင်းသုံးစွဲမှု ၁ ဒသမ ၄ တန်၊ ကျေးလက်တစ်အိမ်ထောင်ထင်းသုံးစွဲမှု ၂ ဒသမ ၅ တန်နှုန်းဖြင့် နှစ်စဉ် ထင်းမီးသွေးလောင်စာ ကုဗတန် ၁၈ ဒသမ ၉၅ သန်းကို မဖြစ်မနေဖြည့် ဆည်းပေးရန်လိုအပ်သည်ဟုသိရသည်။
အထက်တွင်ဖော်ပြခဲ့သော ကိန်းဂဏန်းများအရ ကျွန်းနှင့်အခြား သစ်မာများ ထုတ်လုပ်မှုကို မဖြစ်မနေကန့်သတ်လျှော့ချရေး၊ ထင်းနှင့် မီးသွေးလောင်စာများ ထုတ်ယူသုံးစွဲမှုလျော့ကျလာအောင်ဆောင်ရွက် ရေးတို့ကို အမှန်တကယ် ထိထိရောက်ရောက်ဆောင်ရွက်နိုင်မှသာ မိမိတို့ နိုင်ငံ၏ သဘာဝသစ်တောများရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။ မြန်မာ့သစ် တောများပျက်စီးပြုန်းတီးမှု၏ အခြေခံအကြောင်းရင်းများမှာ စည်းကမ်းမဲ့ သစ်ထုတ်လုပ်ခြင်း၊ ထင်းနှင့်မီးသွေးတို့ အလွန်အကျွံထုတ်ယူခြင်း၊ တောင်ယာခုတ်ထွင်ကာ တောမီးရှို့ခြင်းတို့ကြောင့်ဖြစ်သည်ဟုဆိုရာတွင် တောင်ယာခုတ်ထွင်ခြင်းနှင့် ထင်းမီးသွေးတို့ထုတ်ယူခြင်းမှာ သက် မွေးဝမ်းကျောင်း ဆင်းရဲနွမ်းပါးမှုတို့နှင့်သက်ဆိုင်မည်ဖြစ်ပြီး စည်းကမ်းမဲ့ သစ်ထုတ်လုပ်ခြင်းမှာမူ ဝိသမလောဘနှင့်သာသက်ဆိုင်မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မိမိတို့နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာများ လျော့နည်း ကျဆင်းလာခြင်း၊ သစ်တောများ၏အတန်းအစားများ နိမ့် ကျလာခြင်း၊ သစ်တောသယံဇာတများရေရှည်တည်တံ့မှု ခြိမ်းခြောက် ခံလာရခြင်းစသည်တို့မှာ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုသာ ကြည့်ကာ အနာဂတ်အတွက် အမြော်အမြင်နည်းပါးခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိသုတမရှိခြင်း၊ ဆင်းရဲနွမ်းပါးခြင်းစသည့် အကြောင်းတရားတို့အပေါ်တွင် အခြေခံသည့်အပြင် သက်ဆိုင်ရာဌာနများ၏ အားနည်းချက်များ၊ တာဝန်မကျေပွန်မှုများအပေါ်တွင်လည်း အခြေခံနေ သည်ဟုဆိုရမည်ဖြစ်သည်။
မကြာမီ မိုးဖြိုင်ဖြိုင်ရွာသည့်ကာလ Green Environmental Campaign အစီအစဉ်ဖြင့် စိုက်ပျိုးမည့်ပျိုးပင်ပေါင်း ၅၈ သန်းခန့်ကို အလေအလွင့်မရှိ အပင်တိုင်းရှင်သန်အောင်၊ ကြီးထွားလာအောင် စိုက်ပျိုး ပြုစုခြင်းဖြင့် မြန်မာ့သစ်တောများ စိမ်းလန်းမှုကို တစ်စိတ်တစ်ဒေသ ကုစားနိုင်မည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment