
ရန်ကုန် ဇွန် ၆
စတော့ရှယ်ယာရောင်းဝယ်ခြင်းနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ Exclusive Stock Trading & Investment Seminar ကို AYAtrust Securities ကုမ္ပဏီက ဦးဆောင်ကာ ဇွန် ၄ ရက်တွင် ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ စတော့ရှယ်ယာ ဈေးကွက်အကြောင်း စိတ်ဝင်စားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြ သည့်အပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။ AYA Financial Group နှင့် AYAtrust Securities Company မှ ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့် အမှာစကားပြောကြားခဲ့ပြီး AYAtrust Securities Company မှ Senior Vice President ဦးရစ်ကီဦးက AYAtrsut Corporate Profile အကြောင်း မိတ်ဆက် ပြောကြားသည်။
ယင်းအပြင် AYAtrust ၏ မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် စင်ကာပူနိုင်ငံရှိ ဝါရင့်စတော့ရှယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သောPhillipCapital မှ Mr. Gavin Chia နှင့် SAC Capital မှ Mr. Joseph Yap တို့က အသီးသီး ရှင်းလင်းပြောကြားခဲ့ သည်။ ၄င်းတို့က အခြေခံစတော့ရှယ်ယာ ရောင်းဝယ်ခြင်း၊ အများပိုင်ကုမ္ပဏီများအား Fundamental Analysis ဖြင့် သုံးသပ်ပုံ၊ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီဖြစ်ရန် လုပ်ဆောင်ရသည့် လုပ်ငန်း ဆောင်တာများအကြောင်း ရှင်းလင်းပြောကြား ခဲ့ပြီး တက်ရောက်လာသူများ၊ စတော့ရှယ်ယာ အကြောင်း စိတ်ပါဝင်စားသူများက မေးမြန်းမှု အပေါ် ၄င်းတို့က ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ စတော့ဈေးကွက် မိတ်ဆက် လက်ရှိဈေးကွက်သုံးသပ်ပုံနှင့် i Trading Platform တို့ကို ရန်ကုန်စတော့ အိတ်ချိန်းတွင် ယင်းနေ့ ညနေပိုင်းက မိတ်ဆက် ကျင်းပခဲ့သည်။ AYAtrust Securities ကုမ္ပဏီမှ ဦးထက်ဝေအောင်က မကြာမီ လွှင့်တင်တော့မည့် i Trading Platform အား နမူနာပြ မိတ်ဆက်သွားခဲ့သည်။
အဆိုပါ AYAtrust Securities ကုမ္ပဏီသည် မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က တရားဝင်အသိအမှတ်ပြု ခွင့်ပြုထားသော Securities ကုမ္ပဏီ ၁ဝ ခုအနက် တစ်ခု အပါအဝင်ဖြစ်ပြီး ဝန်ဆောင်မှုပေးလျက်ရှိ သည်။ Securities ကုမ္ပဏီအနေဖြင့် လုပ်ငန်း/ဝန်ဆောင်မှု စတင်ဆောင်ရွက်မှု ငါးလတာရှိပြီဖြစ်ပြီး စတော့ရှယ်ယာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ ၊ ဟောပြောပွဲ များကိုလည်း ကျင်းပပေးလျက်ရှိသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် အများပိုင် ကုမ္ပဏီများက ရှယ်ယာများ စတင်ရောင်းချ ခြင်းကို ပြီးခဲ့သည့် မတ်လက စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး Securities ကုမ္ပဏီများက ရှယ်ယာရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့ အကြား ဝန်ဆောင်မှုပေးလျက်ရှိသည်ဟု သိရသည်။
(ကြေးမုံ)
No comments:
Post a Comment