
ရန်ကုန် ဇွန် ၆
လူထုခေါင်းဆောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၁)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန် ၁၉ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်ပြီး သစ်ပင်စိုက်ပျိုးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးထံမှ သိရသည်။
ပြီးခဲ့သည့် နွေရာသီတွင် အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် လှည်းကူးမြို့နယ်ရှိ ငမိုးရိပ် ဆည်အတွင်းရှိရေများသည် ရေအမြင့် လေးပေခွဲခန့် နိမ့်ကျသွားသည့်အတွက် ပြင်းထန် သည့်ရာသီဥတု၏ အပူချိန်ကြောင့် ရေခန်းခြောက်ခြင်းမှ ကာကွယ်နိုင်ရန် ယခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးသည့်ရာသီတွင် လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ဆည်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ကို အဓိကထား၍ သစ်ပင်များစိုက်ပျိုးခြင်းဖြစ်ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။
''ငမိုးရိပ်ဆည်က ပြီးခဲ့တဲ့ နွေရာသီမှာ ရေဟာ လေးပေခွဲလောက်နိမ့်ကျသွားတယ်။သစ်ပင် တွေမရှိတော့ အပူချိန်ကြောင့် ရေခန်းခြောက်မှုကို ထိန်းမထားနိုင်ဘူး။ ဒီဆည်ပတ်ဝန်းကျင်မှာ စိမ်းလန်းစိုပြည်ဖို့ ကျွန်မတို့ အဓိကထားပြီး သစ်ပင်တွေ ပြန်စိုက်ရမယ်။ စိုက်ပြီးသစ်ပင်တွေကိုလည်း ရှင်သန်အောင် သစ်တောဦးစီးဌာနနဲ့ပူးပေါင်းပြီး စနစ်တကျ ဆောင်ရွက်သွားမယ်''ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ပြောသည်။
၎င်းကဆက်လက်၍ ''အခုဟာက ရာသီဥတုရဲ့ ပူလောင်မှုဒဏ်ကို ကျွန်မတို့ပြည်သူတွေ ခံနေရတယ်။ နောင်မျိုးဆက်သစ်တွေကို ဒီလိုရာသီဥတုမျိုးမခံစားစေချင်ဘူး။ နေရာတိုင်းမှာ သစ်ပင်တွေပြန်စိုက်ဖို့လိုလာပြီ''ဟုပြောသည်။
အဆိုပါ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် သစ်ပင် စိုက်ပျိုးပွဲသို့ ပြည်တွင်း၊ ပြည်ပ ဟိုတယ်နှင့်ခရီးသွားလာရေးအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ကျောင်းသားကျောင်းသူများ၊ ဌာနဆိုင်ရာများနှင့် အခြားအဖွဲ့အစည်းအသီးသီးမှလည်း ပူးပေါင်းပါဝင်ကြမည်ဖြစ်ပြီး သစ်ပင်စိုက်ပျိုးပွဲသို့ ပူးပေါင်းပါဝင်လိုသည့် ပြည်သူများလည်း မည်သူမဆို ပါဝင်နိုင်ကြောင်း သိရသည်။
(သီသီမင်း)
No comments:
Post a Comment