Tuesday, June 7, 2016

(7.6.2016) ကြေးမုံစာတည်းရှုထောင့်

အသွင်ကူးပြောင်းရေးကာလပြဿနာများနှင့်
ပြည်သူလူထု၏ ဒီမိုကရေစီရေးသန္နိဋ္ဌာန်
=========================
ဆိုရှယ်လစ်လှိုင်းတံပိုးတို့ အားကောင်းချိန်၌ အရင်းရှင်စနစ်မှ ဆိုရှယ်လစ် စနစ်သို့ ပြောင်းလဲခြင်းကို ခေတ်ပြောင်းတော်လှန်ရေးဟုသတ်မှတ်ပြော ဆိုကြပါသည်။ ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုလှိုင်းတံပိုးတို့အားကောင်းသော ပစ္စုပ္ပန်ကာလ၌ အမိန့်ပေးအုပ်ချုပ်သော စနစ်မှ ဒီမိုကရေစီစနစ်သို့ ဦးတည်ပြောင်းလဲနေသော မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကိုမူ အသွင်ကူးပြောင်းရေးကာလဟု သတ်မှတ်ပြောဆိုကြပါသည်။ အသွင်ကူး ပြောင်းရေးကာလ၏သဘောသည် စနစ်ဟောင်း၏အင်အားစုဟောင်းများ ဆက်လက်ရှင်သန်နေဆဲဖြစ်သလို စနစ်သစ်၏ အင်အားစုသစ်များ ကလည်း မိမိတို့၏ အင်အားများပို၍ပို၍ တောင့်တင်းခိုင်မာလာစေရန် ဦးဆောင်ကြိုးပမ်းနေချိန်ဖြစ်ပါသည်။ ဤအသွင်ကူးပြောင်းရေးကာလ၌ အင်အားစုဟောင်းများသည် တချို့နယ်ပယ်များ၌ ခိုင်မာအားကောင်းနေ ဆဲဖြစ်သော်လည်း တချို့နယ်ပယ်များ၌မူ ဆုတ်ခွာသွားပြီဖြစ်သည်။ အင်အားစုအသစ်များသည် နိုင်ငံရေး ဦးဆောင်နိုင်မှုကို ရယူနိုင်ပြီဖြစ် သော်လည်း နယ်ပယ်တိုင်း၌ အင်အားတောင့်တင်းသည့် အခြေအနေမရှိ သေးသည့် ကာလဖြစ်ပါသည်။ ဤကာလ၌အင်အားစုအဟောင်းများနှင့် အင်အားစုအသစ်တို့အပြန်အလှန်အပေးအယူလုပ်၍ ညှိနှိုင်းဆောင်ရွက် ရသည်မှာ ဓမ္မတာဖြစ်ပါသည်။
အပြန်အလှန်အပေးအယူလုပ် ညှိနှိုင်း ဆောင်ရွက်ခြင်းဖြစ်၍ မည်သည့်အင်အားစုမျှ မိမိလိုလားချက်များ အပြည့်အဝရနိုင်သော အနေအထားမရှိပါ။ သို့ဖြစ်ပါ၍ အင်အားစုသစ်များ ဘက်၌ အခိုင်အမာရပ်တည်နေကြသော ပြည်သူလူထု တချို့အစိတ် အပိုင်းအတွင်း အားမလိုအားမရမှုများဖြစ်ပေါ်တတ်ပါသည်။ ဤသို့ သော ပြည်သူလူထုအတွင်း အားမလိုအားမရဖြစ်မှုများကို မှန်မှန်ကန်ကန် သုံးသပ်နားလည်နိုင်ရန် လိုအပ်ပါသည်။
ယနေ့ကာလ၌ ပြည်သူလူထုတချို့ကြား လျှပ်စစ်မီးပြတ်တောက် ခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုကဲ့သို့သောပြဿနာမျိုးမှသည် တိုင်းပြည်က ရင်ဆိုင်နေရသော ပြဿနာအရပ်ရပ်အထိ မကျေမလည်ပြောဆိုမှုများ ရှိနေပါသည်။ သို့သော် ဤသို့သော မကျေမလည်ပြောဆိုမှုများသည် အသွင်ကူးပြောင်းရေးကာလ၌ ရှောင်လွှဲ၍မရနိုင်သည်ကို နားလည် သဘောပေါက်ရန် အရေးကြီးပါသည်။ တချို့သော အင်အားစုများက လည်း ဤသို့သော မကျေမလည်ပြောဆိုမှုများကို ထောက်ပြ၍ ပြည်သူ လူထုတစ်ရပ်လုံးက တိုင်းပြည်၏အနာဂတ်အပေါ် မဝံ့မရဲ၊ မယုံမကြည်ဖြစ် နေသကဲ့သို့ ချဲ့ကားပြောဆိုတတ်ပါသည်။ လက်ရှိကာလ၌ မြန်မာနိုင်ငံ၏ အနာဂတ်အပေါ် အပြည့်အဝ အာမခံပြောကြားနိုင်သည့် အနေအထား မရှိသည်ကို ငြင်းပယ်ရန် မဖြစ်နိုင်ပါ။ သို့သော် ခေတ်အဆက်ဆက်၌ ပြည်သူလူထုသည် ဖြစ်ကိုဖြစ်ရမည်ဆိုသော အာမခံချက်တို့အပေါ် ရပ်တည်၍ သမိုင်းကို ဖန်တီးခဲ့ခြင်းမဟုတ်ပါ။ ခေတ်အဆက်ဆက်၌ ပြည်သူလူထုသည် တိုင်းပြည်အတွက် မဖြစ်ဖြစ်အောင်ဆောင်ရွက်မည်ဟူသော ယုံကြည်ချက်တို့အပေါ် ရပ်တည်လျက် သမိုင်းကို ဖန်တီးခဲ့ခြင်း သာဖြစ်ပါသည်။
တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ရွေးချယ်တင်မြှောက်ခဲ့ သော နိုင်ငံတော်အစိုးရ၌ ပြည်သူလူထု၏ ထောက်ခံယုံကြည်မှုအင်အား အခိုင်အမာရှိနေသည်ကို ယုံမှားသံသယဖြစ်ရန်မရှိပါ။ ပြည်သူလူထု၏ ထောက်ခံယုံကြည်မှုအင်အားသည် အသွင်ကူးပြောင်းရေးကာလ၌ ရင်ဆိုင်ရလျက်ရှိသောပြဿနာများကို ကျော်လွှားဖြေရှင်းနိုင်ရေးအတွက် ထိရောက်ထက်မြက်သော အင်အားဖြစ်သည်မှာ အသေအချာ ပင်ဖြစ်ပါသည်။ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးပါဝင်ဆင်နွှဲခဲ့သော ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံကြီးသည် ပြည်သူလူထု၏ စုစည်းညီညွတ်မှုအားကို အခိုင်အမာ ဖော်ထုတ်ပြခဲ့သည့် မကြာသေးလှသော သမိုင်းဖြစ်ရပ်ဖြစ်ပါသည်။
ရှစ်လေးလုံးဒီမိုကရေစီစိတ်ဓာတ်ကို လက်ဆင့်ကမ်း၍ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး ညီညီညာညာ ဆန္ဒမဲပေးခဲ့ကြသော ၁၉၉ဝ ရွေးကောက်ပွဲသည် လည်းကောင်း၊ ၂ဝ၁၅ ရွေးကောက်ပွဲသည် လည်းကောင်း ပြည်သူလူထု၏ စုစည်းညီညွတ်မှုအားကို ထပ်ဆင့်ဖော်ပြခဲ့ကြသည့် သမိုင်းဖြစ်ရပ်များသာဖြစ်ပါသည်။ ဤသမိုင်းဖြစ်ရပ်များက ညွှန်ပြ နေသည်များ ပြည်သူလူထု၏ မယိမ်းမယိုင်ခိုင်မြဲသော သန္နိဋ္ဌာန်သည် မည်ကဲ့သို့သော အခက်အခဲမျိုးကိုမဆို ရင်ဆိုင်ကျော်လွှားအောင်မြင်နိုင် ခြင်းပင်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရသည် ပြည်သူလူထု၏ ဒီမိုကရေစီ ရေး ယုံကြည်ချက်အင်အားကို အပြည့်အဝ စုစည်းရယူနိုင်ရန် ဦးတည် ဆောင်ရွက်မည်ကို အပြည့်အဝယုံကြည်သကဲ့သို့ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးကလည်း အခိုင်အမာလက်တွဲ ပူးပေါင်း ဆောင်ရွက်သွား မည်ကို အပြည့်အဝယုံကြည်ပါသည်။ ။

No comments:

Post a Comment