Tuesday, June 7, 2016

မိုးကုတ်မြို့တွင် မန္တလေးတိုင်းဒေသကြီးတိုင်းရင်းဆေးကုဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်းတို့ပူးပေါင်း၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်





မိုးကုတ် ဇွန် ၆

မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းတို့ ပူးပေါင်း၍ မိုးကုတ်မြို့ ချမ်းသာကြီးဘုရားတောင်တော်ပေါ်ရှိ ချမ်းသာကြီးဘုရားဓမ္မာရုံကြီးတွင် ဇွန် ၂ ရက်မှစတင်၍ ကွင်းဆင်းဆေးကုသမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုခံယူသူ ဦးကျော်စိုးဟိန်းက ''ဆိုင်ကယ်လဲဖူးတဲ့ ဒဏ်က နာနာနေလို့ လာရောက်ဆေးကုသမှုခံယူတာပါ။ တိုင်းရင်းဆေးဆရာတွေက ဆေးမြစ်ဆီတွေနဲ့ အကြောပြင်ပေး နှိပ်ပေးပါတယ်။ သောက်ရမယ့်တိုင်းရင်းဆေးတွေကိုလည်း ပေးပါတယ်။ အားလုံးအခမဲ့ပါပဲဗျ။ မန္တလေးမြို့ကနေပြီး အလှမ်းဝေးလွန်းလှတဲ့ ကျွန်တော်တို့မိုးကုတ်မြို့အထိ လာရောက်ပြီး အခုလိုတိုင်းရင်းဆေးပညာနဲ့ အခမဲ့ဆေးပေး စမ်းသပ် ကုသပေးကြတဲ့အတွက် လာရောက်ဆောင်ရွက်ပေးသူများနဲ့ ဝိုင်းဝန်းစီစဉ်ဆောင်ရွက်နေသူအားလုံး ကျွန်တော့အနေနဲ့ အထူးကျေးဇူးတင်ပါတယ်'' ဟု ပြောပြသည်။

အဆိုပါကွင်းဆင်းဆေးကုသမှုအဖွဲ့အား မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးကုဌာနမှူး ဆရာဦးပြေထွန်းနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း မန္တလေးအသင်းခွဲဥက္ကဋ္ဌ ဆရာဦးမျိုးမြင့်တို့ဦးဆောင်သော တိုင်းရင်းဆေးဆရာ၊ ဆရာမ ၂၆ ဦးတို့က မိုးကုတ်မြို့နယ်းအတွင်းရှိ အကြောတက်၊ ချောင်းဆိုး၊ မူးမော၊ အဆစ်နာ၊ ကြီးပေါင်း၊ အကြိတ်၊ မီးယပ်၊ သူငယ်နာရောဂါဝေဒနာရှင်များအား အပ်စိုက်၊ အကြောပြင်၊ ဆေးစည်း၊ ကြပ်ထိုး ခြင်းနှင့် မြန်မာ့တိုင်းရင်းသောက်ဆေးများပေးကာ ဇွန် ၂ ရက်မှစတင်ကာ ၃ ရက်ကြာ ကုသပေးခဲ့ပြီး အဆိုပါကွင်းဆင်းကုသမှုတွင် မိုးကုတ်မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှူး ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းဖွဲ့များက ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။ 

နေဝါ(မိုးကုတ်)

No comments:

Post a Comment