Sunday, June 5, 2016

(5.6.2016) ကြေးမုံစာတည်းရှုထောင့်

အမျိုးသားရေးသမိုင်းပေးတာဝန်
====================
ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းအဆောက်အုံများမှာ နိုင်ငံနှင့်လူမျိုး၏ဂုဏ်ဒြပ်ဖြစ်သည်။ ထိုယဉ်ကျေးမှုအမွေအနှစ်များကို ထိုနိုင်ငံ သားများက ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် နိုင်ငံနှင့် လူမျိုးဂုဏ်ကို မြှင့်တင်ကြသည်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပေါများသော မြန်မာနိုင်ငံတွင်လည်း အလားတူပင်ဖြစ်သည်။
မကြာသေးမီက ကမ္ဘာ့အမွေအနှစ်ဇုန်များအတွင်း အဆောက်အအုံ ဆောက်လုပ်သူတို့အား တရားစွဲဆိုသည့် သတင်းတစ်ပုဒ်ကို ကြားသိ လိုက်ရသည်။ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခွင့်ပြုချက်မဲ့အဆောက်အအုံ ဆောက်လုပ်ခဲ့သဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းသည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်ကြသူများအတွက် သတိထားရမည့်အချက် ပင်ဖြစ်သည်။ အထူးသဖြင့် ရှေးဟောင်းမြို့ကြီးတစ်မြို့ဖြစ်သည့်ရန်ကုန် မြို့အနေဖြင့်လည်း ပို၍သတိမူရမည်ဖြစ်သည်။ ရန်ကုန်မြို့တွင် သက်တမ်းနှစ်တစ်ရာကျော်ရှိသည့် ကိုလိုနီခေတ် ရှေးဟောင်းလက်ကျန် အဆောက်အအုံများစွာရှိသည်။ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် သာမက အခြားမြို့ နယ်များတွင်လည်း ရှေးဟောင်းလူနေအဆောက်အအုံ များ၊ သာသနိကအဆောက်အအုံများ များစွာရှိသည်။
အဆိုပါအဆောက်အအုံများအား မပျက်စီးအောင် ထိန်းသိမ်း စောင့်ရှောက်မှုများရှိနေသော်လည်း အချို့အဆောက်အအုံများမှာ ဖျက်ဆီးမှုများ၊ ပျက်စီးမှုများနှင့်လည်းကြုံတွေ့နေရသည်။ အဟောင်းနှင့် အသစ် အရောအနှောပုံစံများအဖြစ်လည်း မြင်တွေ့ရသည်။ ခေတ်သစ် အဆောက်အအုံများကြားတွင် တိမ်မြုပ်နေသော အချို့ရှေးဟောင်း အမွေအနှစ်များ ဆက်လက်ရှင်သန်ရေးအတွက် ရင်လေးဖွယ်ဖြစ်သည်။
အထူးသဖြင့် ကိုလိုနီခေတ်ကတည်းက မပျက်ယွင်းအောင် အန်တု ရပ်တည်ခဲ့ရသော ရန်ကုန်မြို့လယ် ဗဟိုချက်မ ဆူးလေစေတီတော်မှာ မြင့်မားသောခေတ်သစ်အဆောက်အအုံများကြားတွင် ဖူးမြော်ခွင့်ရနေ သေးသည်မှာ မြန်မာတို့အတွက် ကံကောင်းလှသည်ဟုဆိုရမည်။ အလားတူအခြားထင်ရှားသော ရှေးဟောင်း သာသနိကအဆောက်အအုံ များစွာတို့မှာ ခေတ်သစ်အဆောက်အအုံများစွာတို့၏ လွှမ်းမိုးနေရာ ယူမှုများဖြစ်မလာအောင် ကျားကန်နေရဆဲဖြစ်သည်။
ယခုတစ်ဖန် ရှေးဟောင်းသာသနိကအမွေအနှစ်ဖြစ်သည့် ဗိုလ်တ ထောင်ဘုရား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကွန်တိန်နာဆိပ်ကမ်း ပြောင်းရွှေ့ရေးကို ဆွေးနွေးမည်ဟု ကြားသိရပြန်သည်။ ဘုရားအနီးတွင် တည်ရှိသော ကွန်တိန်နာစခန်း၊ ကွန်တိန်နာယာဉ်တန်းများ ဥဒဟို ဖြတ်သန်း အတင်အချပြုလုပ်လျက်ရှိရာ ထိုလုပ်ငန်း၏ တုန်ခါမှုဒဏ် ကြောင့် ရေရှည်တွင်စေတီတော်ကြီး ကြံ့ခိုင်မှုအတွက် စိုးရိမ်စရာဖြစ်နိုင် သည်ဟုဆိုကြသည်။ ဤသို့ဖြင့် တာဝန်သိပြည်သူတို့က မနေသာသဖြင့် ပြောဆိုဆွေးနွေးမှုများပြုလာရသည်။ တာဝန်ရှိသူတို့ကလည်း အလေး ထားတင်ပြဆွေးနွေးနေကြပြီဟု သိရသည်။
ယင်းတို့သည် မြန်မာတို့၏ အမျိုး၊ ဘာသာသာသနာအတွက် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သော အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်လာသည်။ တစ်နည်းဆိုသော် မိမိတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက် လိုသည့် အသိစိတ်ဓာတ်ဝင်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ သမိုင်းဝင်နေရာများ၊ သမိုင်းမှတ်တိုင်များ၊ ရှေးဟောင်း အဆောက်အအုံ အမွေအနှစ်များ၊ သမိုင်းမှတ်တမ်းပေစာပုရပိုက်များ၊ ကျောက်စာများသာမက ယဉ်ကျေးမှုအမွေအနှစ်များအားလုံး ယိုယွင်း ပျက်ပြယ်ပျောက်ကွယ်မသွားရအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက် ပေးသွားကြရမည်မှာ နိုင်ငံသားတိုင်း၏ သမိုင်းပေးတာဝန်၊ အမျိုးသား ရေးတာဝန် တစ်ရပ်ပင်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment