Saturday, June 4, 2016

လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ မြန်မာအသင်း ဗိုလ်လုပွဲနှင့် လွဲပြီ


သတင်း-ညီမြတ်သော်တာ၊ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန် ဇွန် ၃

လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ(AYA Bank Cup 2016 )ဆီမီး ဖိုင်နယ်ပွဲစဉ်များကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ ဗီယက်နမ်နှင့် စင်ကာပူအသင်းတို့ ဗိုလ်လုပွဲသို့ တက်ရောက် ခဲ့သည်။
ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်တွင် အိမ်ရှင် မြန်မာအသင်း က စင်ကာပူအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။ မြန်မာအသင်းသည် ခြေစွမ်းပိုင်းအရ စင်ကာပူ အသင်းကို အသာရခဲ့သော်လည်း ယခင်ပွဲများကတည်းက အခက်တွေ့နေသည့် တိုက်စစ်ပိုင်း အဆုံးသတ် အားနည်းမှုကို ပြင်ဆင်နိုင်ခြင်းမရှိဘဲ သွင်းဂိုးမဲ့ကာ ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည့် မြန်မာအသင်းသည် ဟောင်ကောင် အသင်းနှင့် တတိယနေရာလုပွဲ ကစားရမည်ဖြစ်သည်။
မြန်မာအသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် ပွဲထွက် လူစာရင်းကို အနည်းငယ်ပြောင်းလဲခဲ့ပြီး တိုက်စစ်တွင် ကျော်ကိုကိုအား အနားပေးကာ သန်းပိုင်ကို ထည့်ပြီး အောင်သူနှင့် တွဲပေးခဲ့သည်။ ပွဲထွက်လူစာရင်းတွင် ရန်အောင်ကျော်၊ ရဲကိုဦး၊ ဇော်မင်းထွန်း၊ မောင်မောင်လွင်တို့ဖြင့် လူစုံပါဝင်ခဲ့ပြီး စင်ကာပူအသင်းမှာ နာမည်ကြီးကစားသမား အစ္စဟတ်ကို အနား ပေးထားသည်။ မြန်မာအသင်းမှာ များပြားလှသော ပရိသတ်၏ တစ်ခဲနက်အားပေး မှုနှင့်အတူ ပွဲစကတည်းက ဖိကစားခဲ့ပြီး သန်းပိုင်၏ အပိုင်ကန်သွင်းမှုကို စင်ကာပူ ကစားသမား ကာကွယ်နိုင်ခဲ့သည်။ မြန်မာအသင်းသည် ဖြတ်တင်ဘောများထက် တွဲလုံးများဖြင့် အဓိက တိုက်စစ်ဆင်ခဲ့ပြီး စင်ကာပူနောက်တန်း အကြိမ်ကြိမ် ထိန်း နေရသည်။ ၃၄ မိနစ်တွင် မြန်မာအသင်း မထင်မှတ်ဘဲ ဂိုးပေးခဲ့ရပြီး ယင်းဂိုးမှာ စင်ကာပူအသင်း၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြစ်ခဲ့သည်။ အဆိုပါ ဂိုးကို ဖာရက်စ် ဘင်ရာဗလီက သွင်းယူခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ချေပဂိုးရရှိရန်အတွက် ကြည်လင်း၊ ကျော်ကိုကို၊ ဆောင်လမန်တို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့သည်။ ကြည်လင်း ဝင်လာ ၍ မြန်မာအသင်း ညာတောင်ပံတိုက်စစ် ပိုကောင်းလာသော်လည်း စင်ကာပူ နောက်တန်းကို မကျော်နိုင်ခဲ့ပေ။ ကြည်လင်းနှင့် အောင်သူတို့၏ အဝေးကန်ချက် များကိုလည်း စင်ကာပူဂိုးသမား ကာကွယ်နိုင်ခဲ့၍ မြန်မာအသင်း ချေပဂိုးနှင့် ဝေးခဲ့ရ ခြင်းဖြစ်သည်။

မြန်မာဘောလုံးပရိသတ်အနေဖြင့် ကွင်းလုံးပြည့်နီးပါး လာရောက်အားပေးခဲ့ရာ ကျေနပ်စရာ ကောင်းခဲ့သော်လည်း ပရိသတ်အချို့မှာ ရှုံးနိမ့်မှုကို လက်ခံနိုင်ရန် လိုအပ် နေသေးပြီး ပွဲအပြီးတွင် အရာဝတ္ထုများဖြင့် ပစ်ပေါက်မှုအချို့ ရှိခဲ့သည်။
ဆီမီးဖိုင်နယ် ပထမပွဲစဉ်တွင် ဗီယက်နမ်အသင်းက ဟောင်ကောင်အသင်းကို စုစုပေါင်း ဂိုးရလဒ် ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရရှိသွားသည်။ မိနစ် ၉ဝ အတွင်း နှစ်ဂိုးစီ သရေကျနေရာ အချိန်ပိုဆက်မကန်ဘဲ ပယ်နယ်တီတိုက်ရိုက်ကန်ခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် ဂိုးမရှိသရေကျနေပြီး ၄၈ မိနစ်တွင် မက်ကီးက ဟောင်ကောင်အတွက် ဂိုးစတင်သွင်းယူခဲ့သည်။ သို့သော် ဝါရင့်တိုက်စစ်မှူး လီယောင်မင်းက ဗီယက်နမ်အတွက် ၅၈ မိနစ်တွင် ချေပဂိုး၊ ၆၂ မိနစ်တွင် ဦးဆောင်ဂိုးတို့ကို သွင်းယူခဲ့သည်။ ဟောင်ကောင် အတွက် ချေပဂိုးကို ၇၇ မိနစ်တွင် မက်ကီးကပင် သွင်းယူခဲ့သည်။ နှစ်ဂိုးစီ သရေကျနေ ပြီး ပယ်နယ်တီ ငါးလုံးစီ ကန်သွင်းရာ ဗီယက်နမ်က လေးဂိုးဝင်ပြီး ဟောင်ကောင်က သုံးဂိုးသာ ဝင်ခဲ့သောကြောင့် ဗီယက်နမ်အသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။
တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဇွန် ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ် ပြီး ညနေ ၃ နာရီတွင် တတိယနေရာလုပွဲအဖြစ် ဟောင်ကောင်နှင့် မြန်မာ၊ ညနေ ၆ နာရီတွင် ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်နှင့် စင်ကာပူတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

No comments:

Post a Comment