Tuesday, June 7, 2016

မှတ်ပုံမတင်ထားသည့်ဆေးများကို စီးပွားဖြစ်လုပ်ကိုင်ကြသည့်လုပ်ငန်းရှင်များ ပြည်သူ့မျက်နှာကြည့်ဖို့လို တရားမဝင်ဆေးဝါးများသည် လူသားများ၏မျိုးရိုးဗီဇကို ထိခိုက်ပျက်စီးစေ




The Mirror Daily's photo.


နေပြည်တော် ဇွန် ၆

မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ အကောက်ခွန် ဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဌာန၊ စားသုံးသူရေးရာ အဖွဲ့များ ပူးပေါင်းကာ တရားမဝင်ဆေးဝါးများ၊ ဆေးဝါး အတုများ၊ စံမမီသည့် ဆေးဝါးများ တိုက်ဖျက်သည့် လုပ်ငန်းစဉ် Operation Pengea IX ကို မေ ၃ဝ ရက်မှ ဇွန် ၇ ရက်အထိ ရည်မှန်းချက်(၇)ချက်ချမှတ်ကာ ဆောင်ရွက်ခဲ့သည်။

Operation Pengea အကြောင်းနှင့် တရားမဝင် အစားအသောက်နှင့် ဆေးဝါးများအန္တရာယ်နှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်မှုများကို ပြည်သူများသိရှိနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

ဒေါက်တာသန်းထွဋ်
ညွှန်ကြားရေးမှူးချုပ်
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဟာ ၂ဝ၁၃ ခုနှစ်ကစပြီးတော့ သီးခြားဌာနဖြစ်လာခဲ့ပါတယ်။ ၂ဝ၁၄ မှာ တိုးချဲ့ဖွဲ့စည်းခဲ့တယ်။ မြန်မာနိုင်ငံမှာ အစားအသောက်တွေ၊ ဆေးဝါးတွေ၊ လူသုံးကုန်၊ အလှကုန်တွေနဲ့ ပတ်သက်ပြီး အန္တရာယ်ကင်းရှင်းပြီး အရည်အသွေး ပြည့်ဝတဲ့ အစားအသောက်တွေ၊ ဆေးဝါးတွေကို ပြည်သူတွေ ရရှိသုံးစွဲနိုင်စေရေး တိုးချဲ့ဖွဲ့စည်းဖို့လိုတယ်ဆိုပြီး တိုးချဲ့ဖွဲ့စည်းခဲ့တာပါ။

ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမီဆေးဝါးတွေ ရရှိသုံးစွဲခြင်းအားဖြင့် ကျန်းမာ ကြံ့ခိုင်ရေးကို အကြီးမားဆုံးအထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။

မြန်မာစကားပုံရှိပါတယ်။ အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတာပါ။ အလားတူပဲ အဆိပ်လည်းဆေး၊ ဆေးလည်း အဆိပ်ဆိုတာလည်း ရှိပါတယ်။ ဒါကြောင့် ဆေးဝါးသည် တန်ဆေး လွန်ဘေးဆိုသလို သေချာတိကျ တဲ့ နည်းပညာတွေနဲ့ ထုတ်လုပ်ထားတာဖြစ်ဖို့လိုတယ်။ တိတိကျကျ စစ်ဆေးထားတာဖြစ်ဖို့ လိုပါတယ်။ သူက ချက်ချင်းဒုက္ခပေးနိုင်လို့ပါပဲ။ ဒါကြောင့် ဆေးဝါးကို အလွန်ဂရုစိုက်ရပါတယ်။ ဆေးဝါးတွေ အရည်အသွေးပြည့်မီဖို့၊ အန္တရာယ်ကင်းရှင်းဖို့၊ အာနိသင်ထက်မြက်ဖို့ဆိုတဲ့ ဆေးဝါးနဲ့ပတ်သက်တဲ့ အရည်အချင်း သုံးခုကို နဂိုကတည်းက လုပ်ခဲ့တာပါ။

ပုံမှန်ဆောင်ရွက်နေတာရှိသလို အထူးကိစ္စအနေနဲ့ ဆောင်ရွက်နေတာလည်း ရှိပါတယ်။ ပုံမှန်ဆောင်ရွက် တာကတော့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဝန်ထမ်းတွေအပြင် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့က ဝန်ထမ်းတွေဟာ နှီးနွှယ်တဲ့ဌာနတွေဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်၊ စားသုံးသူနဲ့ ပတ်သက်ပြီးဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ ဆေးကုန်သည်များအသင်း၊ အခုဆိုရင် အသစ်ဖွင့်ထားတဲ့ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာ ဝန်ထမ်းတွေပါ ပူးပေါင်းပြီး Market Servey ကို လုပ်ဆောင်လျက်ရှိပါတယ်။ တင်ပြလိုတာကတော့ ပုံမှန်လည်းအမြဲထိန်းကျောင်းနေတယ်၊ အထူးကိစ္စအနေနဲ့လည်း ဆောင်ရွက်နေပါတယ်။

အခုအချိန်ကတော့ ပိုမိုအရှိန်မြှင့်လုပ်ဆောင်မယ့် အချိန်ဖြစ်ပါတယ်။ ပညာပေးလုပ်ငန်းတွေလုပ်ခဲ့တာ လည်းကြာပြီ။ ထိန်းသိမ်းခဲ့တာလည်းကြာပါပြီ။ ဥပဒေအရ အရေးယူခဲ့တာတွေလည်း ရှိပါတယ်။ ပိုမိုထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုလာပြီ။ ကျွန်တော်တို့ လည်း ရက် ၁ဝဝ စီမံချက်ထဲမှာ ပါတယ်။ ဆေးဝါး ထိန်းသိမ်းကွပ်ကဲတာတွေကို အရှိန်အဟုန်မြှင့်ဆောင် ရွက်နေပါတယ်။ အန္တရာယ်ရှိတဲ့ ဆေးဝါးတွေကို လွယ်လွယ်သုံးစွဲနိုင်တဲ့ဓလေ့ကို ပြည်သူတွေအနေနဲ့ သတိထားဆင်ခြင်သင့်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ နေရာတိုင်းမှာ လွယ်လွယ် ရချင်တာ လူ့သဘော သဘာဝပါ။ ဆေးကျတော့ ပြဿနာ ဘာရှိလဲဆိုတော့ တို့ဒီဆေးတွေသောက်နေတာပဲ ဘာဖြစ်လို့လဲ၊ ဒါတွေနဲ့ပဲကောင်းနေတာပဲ ဘာဖြစ်လို့လဲလို့ မသိ နားမလည်တဲ့ ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်စရာရှိတယ်။ ဆေးဆိုင်သွားဝယ်ရင်လည်း စပ်ဆေး ရောင်းလိုက်တာပဲ၊ ပေးသမျှဆေးသောက်လိုက်တာပဲ၊ ထိုးသမျှဆေး ခံလိုက်တာပဲ၊ ဒါလေးနဲ့ပဲ ကောင်းသွား တာပဲလို့ ထင်ချင်ထင်နေလိမ့်မယ်။ ပြည်သူတွေအနေနဲ့ လွယ်လွယ်ရပြီးတော့ လွယ်လွယ်သုံးတဲ့ လူ့သဘာဝအရ အလွယ်ကြိုက်သော်ငြားလည်း ဆေးကိစ္စမှာ မိမိခန္ဓာ ကိုယ်ထဲကို ရောက်ရှိမယ့် ဆေးဝါးတွေကို ဆင်ခြင်ပြီးတော့မှ ကျွမ်းကျင်တဲ့ ဆရာဝန်တွေကို ပြဖို့လိုပါတယ်။ ဆေးဝါးတွေကို နိုင်ငံတော်အစိုးရက လုံလောက်အောင် ဖြည့်ဆည်းပေးထားပါတယ်။ FDA အနေနဲ့လည်း မှတ်ပုံတင်တာတွေကို သေချာစိစစ်ပြီးတော့မှ ဆေးဝါးတွေလည်း မပြတ်လပ်ရအောင်၊ စိစစ်ခြင်းကိုလည်း မလျော့ဘဲနဲ့ တင်သွင်းတဲ့ကိစ္စတွေမှာ ဖြေလျှော့မှုတွေ များများပေးပြီး တင်သွင်းစေလျက်ရှိပါတယ်။

ဒုတိယအနေနဲ့ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေးတွေကို လွယ်လွယ်ရ၊ လွယ်လွယ်ရောင်း၊ လွယ်လွယ် မြတ်၊ ဒါကိုသာယာနေကြတဲ့ လုပ်ကိုင်စားကြသူတွေလည်း ရှိမှာပါ။ ကိုယ်ချင်းစာပါတယ်။ သို့သော်လည်းပဲ ပြည်သူ အများ မျက်နှာက အဲဒီလက်တစ်ဆုပ်စာဖြစ်တဲ့ လုပ်ငန်းရှင်တွေ မျက်နှာထက်ကြီးပါတယ်၊ ဒါ့ကြောင့် ကျွန်တော် တို့အနေနဲ့ လုပ်ငန်းရှင်တွေကို မေတ္တာရပ်ခံလိုတာကတော့ ဒါတွေဟာ အန္တရာယ်ကြီးမှန်း သိရဲ့သားနဲ့ ဆက်ပြီး မလုပ် ကြဖို့ တိုက်တွန်းလိုပါတယ်၊ သိရဲ့သားနဲ့ လုပ်တာက ပိုအပြစ်ကြီးပါတယ်။

ဒေါက်တာသိင်္ဂီဇင် (ညွှန်ကြားရေးမှူး) 
ဆေးဝါးဌာနခွဲ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေနဲ့ အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးဥပဒ် အန္တရာယ်ကင်းရှင်းပြီး အကျိုးသက်ရောက်မှုရှိတဲ့ ဆေးဝါးတွေကို အများပြည်သူတွေ သုံးစွဲနိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ဆေးဝါးတွေ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတွေကို စနစ်တကျ ဆောင်ရွက်လျက် ရှိပါတယ်။

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းရှိ ဈေးကွက်တွေက ဆေးဝါးတွေရဲ့ အရည်အသွေး တွေကို စစ်ဆေးခြင်း၊ ဆေးဆိုင်တွေစစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့နဲ့အတူ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာမှာ မှတ်ပုံတင်မရှိ တဲ့ ဆေးဝါးတွေ၊ ရက်လွန်ဆေးဝါးတွေ၊ ဆေးဝါးအတုတွေ တွေ့ရှိရတဲ့အတွက် အဲဒီ ဆေးဆိုင်တွေရဲ့ ဆေးဝါး ရောင်းချခွင့်လိုင်စင်ကို ကော်မတီရဲ့ စီမံခန့်ခွဲမှုနဲ့ ကာလ သတ်မှတ်ရုပ်သိမ်းခြင်း၊ ပညာပေးခြင်း၊ ခံဝန်ကတိရေးထိုး ခြင်း၊ သတိပေးခြင်းတွေကို ၂ဝ၁၅ ခုနှစ်အတွင်းက ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။

အမျိုးသားဆေးဝါးဥပဒေအရ အရေးယူခဲ့တဲ့ အမှုပေါင်းဟာ ၂ဝ၁၅ ခုနှစ်မှာ ၅၁ မှု၊ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ မှ မေလအတွင်း မှုခင်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး အရေးယူခဲ့တဲ့ အမှုပေါင်း ကိုးမှု၊ ရဲစခန်းက တင်ပြလာတဲ့ အမှု ၂ဝ စုစုပေါင်း ၂၉ မှုတို့ကို အမျိုးသားဆေးဝါးဥပဒေအရ တရားစွဲဆိုအရေးယူခဲ့ပါတယ်။

တာဝန်သိပြည်သူတွေအနေနဲ့ မသင်္ကာစရာဆေးဝါးတွေနဲ့ စားသောက်ကုန်တွေကို တွေ့ရှိခဲ့ပါက www.fdamyanmar.gov.mm ကို ဆက်သွယ်ပြီး ညွှန်ကြားရေးမှူးချုပ်ကို လိပ်မူပြီး သတင်းပေးပို့တိုင်ကြားနိုင်ပါ တယ်။

ရဲမှူးကြီးအောင်ဌေးမြင့်
ဒုတိယဌာနကြီးမှူး၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့

Operation Pangea ဆိုတာက အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့အစည်းက ဦးဆောင်ပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးပါဝင်ပြီး တရားမဝင်ဆေးဝါးတွေ၊ နောက်ပြီးတော့ ဆေးဝါးအတုတွေ၊ စံမမီတဲ့ ဆေးဝါးတွေကို တိုက်ဖျက်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အခု ဒီ Operation Pangea ဟာ ၂ဝဝ၈ ခုနှစ်ကနေစပြီးတော့မှ ဆောင်ရွက်ခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာလုပ်တဲ့ Operation Pangea ဟာ (၉) ကြိမ်မြောက် Interpol Operation တစ်ခုဖြစ်ပြီးတော့ ဒီ Operation မှာ Interpol အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅၂ နိုင်ငံပါဝင်တာ ဖြစ်ပါတယ်။

Operation Pangea ဆိုတာက တရားမဝင် ဆေးဝါးတွေ၊ ဆေးဝါးအတုတွေ စံမမီတဲ့ဆေးဝါးတွေကို တားဆီးနှိမ်နင်းရေးဖြစ်ပါတယ်။ တရားမဝင် ဆေးဝါးတွေဟာ လူတွေရဲ့ မျိုးရိုးဗီဇကိုလည်း ထိခိုက်ပျက်စီးမှုဖြစ်စေတယ်။ WHO ရဲ့ ၂ဝ၁ဝ ခုနှစ် အစီရင်ခံစာအရဆိုရင် ငှက်ဖျားကာကွယ်ဆေးဝါးမျိုးလို တချို့ဆေးဝါးတွေဟာ Third Generation အထိ လူသားမျိုးနွယ်တွေကို ဥာဏ်ရည်ဥာဏ်သွေးနိမ့်ပါးမှုတွေ ဖြစ်စေတယ်။ ဒါဟာ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေတဲ့အတွက် ပူးပေါင်းတိုက်ဖျက်ဖို့လိုတယ်။ အဲဒီလိုတိုက်ဖျက်တဲ့နေရာမှာလည်း နိုင်ငံတစ်နိုင်ငံတည်းကပဲ ဖြေရှင်းလို့မရဘူး။ နိုင်ငံအားလုံး ပူးပေါင်းပါဝင်မှရမယ်ဆိုတဲ့ သဘောတူ ဆုံးဖြတ်ချက်နဲ့ နိုင်ငံအားလုံးပါဝင်ပြီးတော့ တရားမဝင် ဆေးဝါးတိုက်ဖျက်ရေးကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ ဒီ Operation ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရယ်၊ FDA ရယ်၊ အကောက်ခွန်ဦးစီးဌာနရယ်၊ ကျွန်တော်တို့နဲ့မိတ်ဖက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က တာဝန်ရှိတဲ့သူတွေအားလုံးပါဝင်ဖွဲ့စည်းပြီးတော့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၅ ခုမှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

၈ ရက်တာကာလ ဆောင်ရွက်မှုအရဆိုရင် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး စတဲ့ တိုင်းဒေသကြီး လေးခုနဲ့ ပြည်နယ်တစ်ခုမှာ တရားမဝင် ဆေးဝါးအတုတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဆေးတွေဟာ လူတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ ဆေးဝါးတွေဖြစ်ပါတယ်။ ဒါကိုကာကွယ်တားဆီးခြင်းဟာ ပြည်သူတွေရဲ့ ကျန်းမာရေးကိုသော်လည်းကောင်း၊ WHO ရဲ့ အစီရင်ခံစာအရကိုက သူ့ရဲ့လူ့စွမ်းအားအရင်းအမြစ် ဖြစ်တဲ့ နောင်သားစဉ်မြေးဆက်အထိ ခံစားရမယ့် ရောဂါဝေဒနာတွေကို ကြိုတင်ကာကွယ်ပေးတဲ့ အစိတ် အပိုင်းတစ်ခုဖြစ်ပါတယ်။

ကြိုတင်ကာကွယ်ဖို့အတွက် တားဆီးနှိမ်နင်းရေးတွေကို လုပ်ရပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ပထမ အဆင့်အနေနဲ့ ဒါတွေကို တိုးတက်ပြီးတော့ ဖြစ်ပေါ်လာ ခြင်းမရှိအောင် အပိုင်း(၁)အနေနဲ့ ဆောင်ရွက်မှာ ဖြစ်ပါ တယ်။ ဒုတိယပိုင်းအနေနဲ့က စံမမီဆေးဝါးဝင်ရောက်မှု တွေ၊ သုံးစွဲမှုတွေကို လျှော့ချသွားနိုင်အောင်နဲ့ နောက်ဆုံး အဆင့်ကတော့ လုံးဝပပျောက်တဲ့အထိ တားဆီးနှိမ်နင်း ရေးတွေကို တာဝန်ရှိတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အခုလို ပူးပေါင်းဆောင်ရွက်တဲ့အခါမှာလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုတည်းသာမကဘဲနဲ့ ဌာနဆိုင်ရာ တွေအားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ လူမှုအခြေပြုအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေအားလုံးရဲ့ ပူးပေါင်းပါဝင်မှုလိုသလို ပြည်သူအားလုံးကလည်း ဆေးဝါးအတုရဲ့အန္တရာယ်တွေကို သိရှိပြီးတော့ ဒါတွေကို အားမပေးဖို့ လိုပါတယ်။
ပြည်သူအားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့တာဝန်ရှိ အဖွဲ့အစည်းတွေရဲ့ ပါဝင်ဆောင်ရွက်မှုနဲ့ ဆေးဝါးအတု တိုက်ဖျက်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း တင်ပြလိုပါတယ်။ ။
(နိုင်လင်းကြည်၊ သန့်ဇင်ဝင်း)

No comments:

Post a Comment