တိုးတက်ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး အချိန်အဆ
=========================================
ထိန်းသိမ်းစောင့်ရှောက်သင့်သည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် စနစ်ကျနသော ဖွံ့ဖြိုးတိုးတက်ခြင်းကို ရမည်။
ရှိသမျှသစ်တောအပြောင် ခုတ်ရောင်း၊ ရနိုင်သမျှ မြေအောက်ဓာတ်သတ္တုအကုန်ထုတ်ရောင်း၊ ဖော်နိုင် သမျှ ကျောက်မျက်ရတနာမကျန်အောင် တူးဖော်ရောင်းကာ စီးပွားရေးတက်လာပြီဟု ကြွေးကြော်နေခြင်းက မိမိတို့၏ မိုက်မဲမှုအသိဥာဏ်နုံချာမှုကို ဖော်ပြနေသည်။
မြို့ကြီးပြကြီးများဖြစ်လာဖို့ တိုက်မြင့်ကြီးများတည် အခန်းရောင်း ငွေဖော်၊ ဟိုတယ်ကြီးများတိုး ငွေဝင်၊ ကွန်ဒိုကြီးများဆောက်ရောင်း ငွေရ စသည့်နည်းဖြင့် စီးပွားရေးလုပ်ကြသည်ကို စီးပွားရေးတတ်ကျွမ်းနားလည်မှုအဖြစ် ယူဆနေခြင်းက အမြော်အမြင်ကင်းမဲ့မှုကို ဖော်ပြနေခြင်းသာ။
ဖွံ့ဖြိုးတိုးတက်မှုတိုင်းတွင် ထိန်းသိမ်းရေးနှင့် ချိန်ညှိရသည်ချည်း ဖြစ်ပါ၏။ မိမိ၏ သဘာဝအမွေအနှစ်များကို မည်မျှလောက်ထုတ်ယူသုံးစွဲ၍ မည်မျှလောက်ထိန်းသိမ်းထားရမည်ဆိုသည်ကို တွက်ဆချင့်ချိန်နိုင်စွမ်းမရှိဘဲ ရှိသမျှ ထုတ်ယူရောင်းချခြင်းဖြင့် တိုင်းပြည်စီးပွားတိုးတက်လာမည်ဟု တွေးထင်ခဲ့ခြင်းကား အမှန်စင်စစ် ရှက်ဖွယ်လိလိ။
မြို့ကြီးပြကြီးများမှာ လူဦးရေတိုးတက်မှုနှင့် သိပ်သည်းမှုကို မျှခြေရှိအောင် ထိန်းသိမ်းရကောင်းမှန်းမသိဘဲ တိုက်မြင့်ကြီးတွေဆောက်လျှင် စီးပွားဖြစ်မည်ဆိုသည့် အလွယ်စဉ်းစားမှုလောက်မှာကား အမှန်စင်စစ်ရှက်စရာအတိ။
ကမ္ဘာ့နိုင်ငံကြီးများ၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံများကို စစ်စစ်ပေါက်ပေါက် လေ့လာမှုလည်းမရှိ၊ တိုးတက်မှု ပုံစံများပေါ်မူတည်၍ ပေါ်ထွက်လာသည့် ရလဒ်ကောင်း ရလဒ်ဆိုးများကိုလည်းသင်ယူရကောင်းမှန်းကိုမသိဘဲ မိမိအိတ်ကပ်ထဲ ငွေဝင်ရေးတစ်ခုတည်းသာ အားထုတ်ခြင်းဖြင့် အောက်တန်းနောက်တန်းကျသည်ထက်ကျသွားရ မည့်အဖြစ်ကို နားလည်ကြဖို့လိုပါမည်။
မြို့ပြစီမံကိန်းများရေးဆွဲအကောင်အထည်ဖော်မှုနှင့် ပတ်သက်လျှင် ထိပ်တန်းနိုင်ငံကြီးများဖြစ်သော ပြင်သစ်၊ အင်္ဂလိပ်တို့၏ ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြစီမံကိန်းများဆိုင်ရာ အကြံပြုချက်များ၊ ၄င်းနိုင်ငံတို့တွင် မည်သို့မည်ပုံတည်ဆောက်ခဲ့၊ မည်သို့အမှားများကို ပြင်ဆင်ခဲ့၊ မည်သို့ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခဲ့၊ မည်သို့ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများထုတ်ကာ တားဆီးထိန်းသိမ်းခဲ့သည်များကို လေ့လာကြရန်လည်း လိုအပ်ပါမည်။
နမူနာကောင်းများအဖြစ် တည်ရှိနေသော ရောမ၊ ဗင်းနစ်၊ ဘာစီလိုနာ စသော မြို့ကြီးများ၏ အောင်မြင် နေမှုများကလည်း စိတ်ဝင်စားစရာ ဖြစ်ပါသည်။
အီတလီနိုင်ငံရှိ ရောမမြို့မှာ ၁၂၈၅ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး နေထိုင်သူ ၂ဝ၁၂ သန်းခေါင် စာရင်း အရ လူဦးရေ ၂ ဒသမ ၇ သန်းခန့်ရှိသည်။ တစ်နှစ် တစ်နှစ် လာရောက်လည်ပတ်သည့် ဧည့်သည်ဦးရေမှာ ၇ သန်း မှ ၁ဝ သန်းအထိရှိသည်။ မြို့တစ်မြို့၏ ခရီးသွားလုပ်ငန်းတစ်ခုတည်းမှ ဝင်ငွေကို တွက်ကြည့်လျှင် အလွယ်တကူသိနိုင်ပါသည်။ မြို့သူမြို့သားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ မည်မျှလောက်ပေါကြွယ်ဝသည်ကို ခန့်မှန်း၍ ရနိုင်ပါသည်။
ရောမမြို့ မြို့လယ်ကောင်မှာ အထပ်မြင့်လူနေ အဆောက်အအုံကြီးများ၊ ဟိုတယ်ကြီးများ၊ ရှော့ပင်းစင်တာ ကြီးများ ပြွတ်သိပ်ကျပ်ညပ်နေအောင် မတည်ဆောက်ခြင်းမှာ တိုးပွားလာနေသည့် လူဦးရေကို မသိကျိုးကျွန်ပြုခြင်း မဟုတ်။ အခန်းများရောင်းစားလျှင် ငွေဝင်မည်ဆိုသည်ကို မတွက်တတ်ခြင်းမဟုတ်။ သန်းနှင့်ချီကာ လာရောက် လည်ပတ်နေသော ခရီးသွားဧည့်သည်များကို နေရာပေးလျှင် ငွေဝင်မည်ဆိုသည်ကို မသိခြင်းမဟုတ်။ ရေတို အကျိုးစီးပွားနှင့် ရေရှည်အကျိုးစီးပွားကို တွက်ဆခြင်းသာ ဖြစ်ပါသည်။
ရောမမြို့မှာ ဧည့်သည်များအတွက် တည်းခိုနေနိုင်ရန် ဟိုတယ်နှင့်တည်းခိုခန်းအဆောက်အအုံ ငါးထောင် ကျော်ရှိသည်။ ဧည့်သည်များ သွားလာရေးလွယ်အောင်ဆိုပြီး ရောမမြို့လယ်က အမွေအနှစ်အဆောက်အအုံများ အနီးမှာ တည်ဆောက်ထားခြင်းမဟုတ်။ လူဦးရေသိပ်သည်းမှုအပေါ်တွက်ဆပြီး မြို့နှင့်ခပ်လှမ်းလှမ်းနေရာ များသို့ပို့ကာ သယ်ယူပို့ဆောင်ရေးလွယ်ကူအောင် စီစဉ်ထားခြင်းမျှသာ ဖြစ်သည်။ မြို့လယ်တစ်ခုလုံး လမ်းလျှောက် ရလွယ်ကူအောင် ဘီးတပ်ကုလားထိုင်များနှင့် သွားလာနိုင်အောင် စီမံထားသည်။
တစ်ခါက ကြားဖူးခဲ့သော ဗင်းနစ်မြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးတို့၏ မူပိုင်းဆိုင်ရာ ပဋိပက္ခမှာ နမူနာယူဖွယ် ဖြစ်၏။ အီတလီနိုင်ငံ ဗင်းနစ်မြို့ဆိုသည်က ရေပေါ်မြို့အဖြစ် မြို့ပြလက္ခဏာနှင့် ကြန်အင်တို့ကို ထိန်းသိမ်းထားခြင်းဖြင့် နာမည်ကျော်သောမြို့။ ခရီးသွားများ အလွန်များပြားသည့်မြို့။ အမေရိကန်က ထင်ရှားသည့် မက္ကဒေါ်နယ် ဟမ်ဘာဂါဆိုင်လာဖွင့်တော့ မက္ကဒေါ်နယ်၏ အမှတ်တံဆိပ်အင်္ဂလိပ်အက္ခရာ အမ် အဝါရောင်က သူ့ထုံးစံအတိုင်း အရွယ်အစားကြီးကြီးနှင့် မြို့တွင်းမှာပြင်ဆင်သည်။ မြို့အာဏာပိုင်တို့က ဤသည်ကိုချက်ချင်းကန့်ကွက်၏။ အပြန်အလှန် ငြင်းခုံကြ၏။ ဆိုင်၏ အမှတ်တံဆိပ်လက္ခဏာနှင့် မြို့၏ ကြန်အင် လက္ခဏာတို့၏ တိုက်ပွဲ။ နောက်ဆုံးမှာ ဆိုင်လာမဖွင့်၍ မြို့ဝင်ငွေမတိုးလျှင်ရှိစေ၊ မြို့၏ လက္ခဏာကို အပျက်မခံ ဟုဆိုကာ ယတိပြတ်ဆုံးဖြတ်လိုက်သည်။ မက္ကဒေါ်နယ်လည်း အလျှော့ပေး၍ သူ၏အမှတ်တံဆိပ် အရွယ်အစားကို လျှော့ကာ အရောင်ကို စိမ်းပြာနုပြောင်းရသည်ဟု ဆိုသည်။ မြို့ဝင်ငွေ မလျော့ပါ။ ဤသို့သောမူကြောင့် ဂုဏ်သိက္ခာ တိုးခဲ့ပါသည်။
သည်လို အစီအမံများကို စနစ်တကျမလုပ်ဘဲ ရန်ကုန်မြို့၏ စီးပွားရေးအကွက်အကွင်းကောင်းသည် ဆိုကာ အထပ်မြင့်များကို စနစ်တကျ ထိန်းကွပ်မှုမရှိဘဲ ဆောက်လုပ်ခြင်းက ယနေ့ မြို့ပြ ကျပ်တည်းမှုတစ်ခုတည်း နှင့်ပင် စိတ်ပျက်ဖွယ် ဖြစ်နေပြီ။ အမှန်တော့ တိုးတက်ဖွံ့ဖြိုးမှုအရှိန်ရှိနေသော မန္တလေးရွှေမြို့တော်အပါအဝင် မြို့ကြီးများအားလုံး မြို့ပြစီမံကိန်းဆိုင်ရာ စနစ်တကျရှိမှုကို ပြင်ဆင်သင့်ပြီဟု ယူဆပါသည်။
ယခင့်ယခင် ရေရှည်အမြော်အမြင်မရှိဘဲ စီးပွားရေးတိုးတက်ဖို့ဆိုကာ ကိုယ့်အိတ်ထဲကိုယ်ထည့်သည့်၊ စနစ်ကျနသော စီမံကိန်းမရှိ ဖြစ်ချင်သလိုဖြစ်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများကို ပြန်လည်စိစစ်သုံးသပ်ကာ စနစ်တကျ ခွင့်ပြုမည်ဟူသော ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏လုပ်ငန်းစဉ်များကို ပြည်သူလူထုက ကြိုဆိုရင်း လေ့လာအကဲခတ်နေကြပါကြောင်း တင်ပြအပ်ပါသည်။ ။
No comments:
Post a Comment