Saturday, April 2, 2016

ငလျင်ငယ်များ ခပ်စိတ်စိတ် လှုပ်ခတ်လာ၊ ပြတ်ရွေ့အစိတ်အပိုင်းတစ်ခုပေါ် ဦးတည် လှုပ်ခတ်ခြင်းမရှိသော်လည်း သတိပြုကြိုတင်ပြင်ဆင်ထားသင့်



The Mirror Daily's photo.
ရန်ကုန် ဧပြီ ၁

ယခု နှစ်ဦးပိုင်းမှစတင်ပြီး မြန်မာနိုင်ငံ၌ ငလျင်ငယ်များ ခပ်စိတ်စိတ် လှုပ်ခတ်လာသော်လည်း ပြတ်ရွေ့အစိတ်အပိုင်း တစ်ခုပေါ် ဦးတည်လှုပ်ခတ်ခြင်း မရှိသည့်အတွက် စိုးရိမ်စရာ မလိုကြောင်း မြန်မာနိုင်ငံမြေငလျင် ကော်မတီအတွင်းရေးမှူး ဒေါက်တာ မျိုးသန့်ကပြောသည်။

''ငလျင်ကြီးကြီးမလာခင် ငလျင် ငယ်လေးတွေ လှုပ်လေ့ရှိတယ်။ အခုလှုပ်တဲ့နေရာတွေက ပြတ်ရွေ့ရဲ့ အပိုင်းတစ်ခုကနေ လှုပ်တာမဟုတ် ဘဲ ပြတ်ရွေ့ပေါင်းမြောက်မြားစွာကနေ လှုပ်နေတာ၊ စိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် ပြတ်ရွေ့တွေက အနာဂတ်မှာ လှုပ်နိုင်တဲ့ အလားအလာရှိနေတဲ့အတွက် သတိထားရမယ်။ ပြင်ဆင် စရာရှိတာ ပြင်ဆင်ထားရမယ်'' ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံမြေငလျင်သမိုင်းအရ နှစ်တစ်ရာအတွင်း ငလျင်ကြီးတစ်ကြိမ် လှုပ်ခတ်ရန်ရှိနေပြီး အဓိကမြို့ကြီးများသည် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေကြောင်း အဆိုပါ ပြတ်ရွေ့၏ အစိတ်ပိုင်းများမှ လှုပ်ခတ်မည်ဆိုပါက ငလျင်လှုပ်ခတ်နိုင်ခြေများကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီက သိရသည်။

''မြို့ကြီးတော်တော်များများက စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိတော့ လှုပ်နိုင်ခြေများတယ်။ ဘယ်အပိုင်းက ဘယ်လောက် အတိအကျလှုပ်မယ်ဆိုတာ မပြောနိုင်ဘူး။ ခန့်မှန်းနိုင်တာပဲရှိတယ်။ လှုပ်နိုင်ခြေကများမယ့်သဘောပဲ''ဟု ဒေါတ်တာ မျိုးသန့်ကပြောသည်။

မကြာမီရက်ပိုင်းအတွင်းက လူမှုကွန်ရက် စာမျက်နှာများတွင် ရန်ကုန်အပါအဝင် မြို့ကြီးခြောက်မြို့တွင် ငလျင်ကြီးလှုပ်ခတ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခြင်းနှင့် စပ်လျဉ်းပြီး ၎င်းက''မကြာမီလှုပ်မယ်၊ ရက်ပိုင်း အတွင်း၊ လပိုင်းအတွင်းလှုပ်မယ်ဆိုတာ ဖြစ်နိုင်ဖို့ခဲယဉ်းပါတယ်။ လှုပ်နိုင်တဲ့အခြေအနေကလည်းရှိနေတော့ ကောင်းတဲ့ဘက်ကပြောရရင် သတိထားရမှာပါ။ ဆိုးတဲ့ဘက်ကကြည့်ရင် လူတွေကိုထိတ်လန့်စေပါတယ်''ဟု ဆိုသည်။

ယခုနှစ်ဦးပိုင်း ဇန်နဝါရီ ၁၂ ရက်တွင် ရန်ကုန်မြစ်ဝကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ငလျင်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဒေးဒရဲမြို့အနီး လှုပ်ခတ်ခဲ့သည့်ငလျင်၊ မတ် ၇ ရက် တွင် ချောက်မြို့အနီးနှင့် ဟားခါးမြို့အနီး လှုပ်ခတ်ခဲ့သည့် ငလျင်၊ မတ် ၉ ရက်နှင့် ၂၃ ရက်တို့တွင် မိုးညှင်းမြို့အနီး လှုပ်ခတ်ခဲ့သည့်ငလျင် အပါအဝင် အင်အားအသင့်အတင့်ရှိ ငလျင်နှင့် ငလျင်ငယ်များ စုစုပေါင်း ခြောက်ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
(မင်းသစ်)

No comments:

Post a Comment