Saturday, April 2, 2016

အကယ်ဒမီရွှေစင်ရုပ်တုနှင့် အနုပညာရှင်တို့၏ ရင်ခုန်သံ




The Mirror Daily's photo.


တွေ့ဆုံမေးမြန်း - ခင်ဇာလီ၊ ဓာတ်ပုံ - မီချီကိုဟန်

အကယ်ဒမီပွဲကြီးနီးလာသည်နှင့်အမျှ အနုပညာရှင်တို့၏ ရင်ခုန်သံများသည်လည်း တိုး၍ တိုး၍ လာခဲ့ကြပါပြီ။ ဒီနှစ်မှာ အကယ်ဒမီရွှေစင်ရုပ်တုကို မည်သည့် အနုပညာရှင်များက ဆွတ်ခူးရရှိနိုင်မည် မသိနိုင်သော်လည်း ပရိသတ်များ၏ တစ်ကြိုပေးစာရင်း၌ ပါဝင်နေသည့် အနုပညာရှင်တချို့၏ ရင်ခုန်သံစကားသံများအား ချစ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်သည်။

အကယ်ဒမီ နေတိုး

သူသည် ၂ဝ၁၅ ခုနှစ်အတွက် ကျွန်မကနှင်းဆီပါမောင်၊ အောင်ဘာလေ၊ ကျူးပစ်ရဲ့ကျေးကျွန်များ၊ နက္ခတ်မှားတဲ့တိုက်ပွဲနှင့် ၂ဝ၁၄ ခုနှစ်အတွက် မာယာပရော့ဂျက်၊ အွန်လိုင်းပေါ်ကဝိညာဉ်၊ အဆုံးမဲ့အချစ် ဇာတ်ကားများဖြင့် အကယ်ဆုရရှိလိမ့်မည်ဟု ပရိသတ်များ၏ တစ်ကြိုပေးခြင်း ခံရသည့် အနုပညာရှင်တစ်ဦးဖြစ်သည်။

သူနှင့်တွေ့ဆုံခိုက် အကယ်ဒမီရင်ခုန်သံ စကားများကို မေးမြန်းခဲ့ရာ ''ဒီနှစ်က နှစ်နှစ်ပေါင်းပြီးပေးတယ်ဆိုတော့ အရင်နှစ်တွေထက်စာရင် နည်းနည်းလေး ဒီပေါ်မှာ ပရိသတ်တွေရဲ့ ရင်ခုန်မှုတွေကော အနုပညာရှင် တွေရဲ့ ရင်ခုန်မှုတွေပါ ပိုများတဲ့နှစ်လို့ ပြောရမှာပေါ့နော်။ မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးတဲ့ စနစ်တွေကကျတော့ နည်းနည်းလေးဒရမ်မာဘက်ကို သွားတယ်။ နောက်ပြီးတော့ အိုက်တင်ပေါ်လွင်တဲ့ဘက်တွေမှာ ပေးတာများတယ်။ ဒါက အကယ်ဒမီပေးတဲ့ သက်တမ်းတစ်လျှောက်လုံးကိုကြည့်မယ်ဆိုရင် ခန့်မှန်းလို့ရတယ်ပေါ့။

''ကျွန်တော့်အနေနဲ့ကလည်း ဒရမ်မာကားတွေပါဝင်သလို ပေါ့ပေါ့ပါးပါးနဲ့ သဘာဝဆန်ဆန်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်မှုတွေလည်း ဒီနှစ်ထဲမှာ ပါဝင်နေတယ်။ ပြီးတော့ သမားရိုးကျ ဇာတ်ကောင်တွေပါနေသလို ထူးခြားတဲ့ ဇာတ်ကောင်တွေလည်းပါနေတယ်။ ဒါ့ကြောင့်လည်း ပရိသတ်ရဲ့ ရင်ခုန်သံ ကပိုများနေတယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော့်အတွက်ကတော့ ထူးခြားတဲ့ ရင်ခုန်သံရယ်လို့တော့ မရှိဘူး။ ဒါပေမယ့် ဒီနှစ်မှာ ပရိသတ်ရဲ့ ဆန္ဒကိုတော့ ပြည့်စေချင်တယ်။ ကျွန်တော်အမြဲတမ်း ကြိုးစားနေပါတယ်။ အခုလည်းကြိုးစားမယ်။ နောင်လည်း ကြိုးစားသွားမှာပါ။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။

အကယ်ဒမီ ခိုင်သင်းကြည်

ကောင်းကျိုးကိုယ်၌တည်စေမင်း ဇာတ်ကားတွင် တိုင်းတစ်ပါးသားတို့၏ လက်ဝါးကြီးအုပ် ဖိနှိပ်ချုပ်ချယ်ခံဘဝမှာ ပညာမတတ်ပေမယ့် ကိုယ့်လူမျိုးကို ထိခိုက်လာရင် သတ္တိရှိရှိ ရင်ဆိုင်တုံ့ပြန်တတ်သည့် မဗေဒါအဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ရာမှ ပရိသတ်၏ တစ်ကြိုပေးခြင်းကိုခံရသည့် အနုပညာရှင်ဖြစ်သည်။

''အကယ်ဒမီပွဲလည်း နီးလာပြီဆိုတော့ ရင်လည်းခုန်ပါတယ်။ မခိုင်တို့ နှစ်ကလည်း မခိုင်တို့ကားမှမဟုတ်ပါဘူး တခြားကားတွေလည်း ကောင်းကြတယ်ဆိုတော့ အကောင်းဆုံးတွေပဲ ဖြစ်နေတယ်။ မင်းသမီးဆိုလည်း တော်တော်များများ နာမည်ထွက်ကြတော့ ဘာပဲပြောပြော ကိုယ်လည်းကြောက်ပါတယ်။ အားလုံးဂရုတစိုက်နဲ့ ကိုယ်ပါဝင်ရတဲ့အပိုင်းမှာ ကြိုးစားထားပါတယ်။ သရုပ်ဆောင်ပိုင်းကော အဝတ်အစားတွေကအစ မိတ်ကပ်အဆုံး ဂရုစိုက်ပြီးတော့ သရုပ်ဆောင်ထားပါတယ်။ဒါပေမယ့်လည်း ဒီလိုပဲ ကိုယ်ကောင်းပြီးတော့ မရခဲ့တဲ့ကားတွေ အများကြီး ရှေ့မှာလည်းရှိခဲ့တယ်။

အကယ်ဒမီဆိုတာကလည်း နတ်ကြီးတယ်။ အကယ်ဒမီကံဆိုတာကလည်း မခိုင်ကနည်းတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ်ရမယ်လို့လည်း မမျှော်လင့် ရဲပါဘူး။ မခိုင်ကိုချစ်တဲ့ ပရိသတ်တွေကလည်း မနှစ်က ဇာတ်ပို့ပဲရထားတော့ ဒီနှစ်ကို ဇာတ်ဆောင်ဆုရစေချင်ပြန်ရော။ ပရိသတ်ရဲ့ဆန္ဒကိုလည်းမခိုင် တကယ်ကို ဖြည့်ဆည်းပေးချင်ပါတယ်။ မခိုင်နဲ့ပရိသတ်ရဲ့ဆန္ဒက တစ်ထပ်တည်းပါပဲ။ ကံဆိုတာကလည်း ပြောလို့မရတော့ ကံပါရင် ရမယ်၊ ကံမပါရင် မရဘူးလို့ဘဲ စိတ်ကိုထားထားပါတယ်။ ပရိသတ်ကြီးကိုလည်း ကံမပါလို့ မရ ခဲ့ရင် မခိုင်မကြိုးစားလို့ မဟုတ်ဘဲ ဒါကံကြောင့် ဆိုတာလေးကိုတော့ လက်ခံပေးစေလိုပါတယ်။

အကယ်ဒမီ သက်မွန်မြင့်

သူသည် ၂ဝ၁၄ ခုနှစ်တွင် မာယာပရောဂျက်၊ ၂ဝ၁၅ ခုနှစ်အတွက် နက္ခတ်မှားတဲ့တိုက်ပွဲ ဇာတ်ကားများတွင် အချစ်၊အမုန်း၊ နာကြည်းမှုများကို ပေါ်လွင်အောင် သရုပ်ဆောင်နိုင်သည့်အပြင် နက္ခမှားတဲ့တိုက်ပွဲဇာတ်ကားတွင် စိတ်ဝေဒနာသည် မိခင်အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့သည့်အတွက် ပရိသတ်၏ အကယ်ဒမီ တစ်ကြိုပေးခြင်းခံရသည့် အနုပညာရှင်ဖြစ်သည်။

''ဒီနှစ်တော့ သက်မွန်ရစရာမရှိပါဘူး။ အားရစရာကားလည်း မရှိဘူး။ ကားကလည်း နည်းပါတယ်။ ပရိသတ်ကတော့ ကိုယ်ချစ်တဲ့မင်းသမီးကို နှစ်တိုင်းကိုရစေချင်တာလေ။ သက်မွန်တို့အနေနဲ့ကတော့ အကယ်ဒမီကို မျှော်စရာမရှိပါဘူး။

တက္ကသိုလ် ဂွမ်းပုံ

ဤအရာကိုအချစ်ဟုခေါ်သလား ဇာတ်ကားတွင် အစ်မအကြိုက်ဆုံး ကတော့ မိုးဟေကိုနဲ့ အစ်မတို့ရေတွင်းနားမှာဆုံတဲ့အခန်းပါ။ အစ်မကို မိုးဟေကိုက ဘာပဲပြောပြော ဦးဗေလုဝနဲ့ထင်ယောင်ထင်မှား ဖြစ်နေတဲ့အခါကျတော့ ရေတွင်းမှာ အစ်မတို့အုပ်စုနဲ့ ပက်ပင်းတိုးတဲ့အချိန်မှာ လန့်တယ်ပေါ့။ ပြီးတော့ မြို့သူဆိုတာ တစ်ခါမှ ရေတွင်းထဲကရေကိုငင်ပြီး သုံးဖူးတာ မဟုတ်တော့ အဲဒီအချိန်မှာ ရေညှိနဲ့ သူချော်လဲသွားတယ်။ ကိုယ့်ရဲ့ချစ်သူကို လုယူထားတဲ့တစ်ယောက်လို့ အစ်မကသတ်မှတ်ထားတဲ့အတွက် စိတ်ထဲမကောင်းပါဘူး။ ဒါပေမယ့် တကယ်တမ်း သူချော်လဲသွားတဲ့အချိန်မှာတော့ ကျေးလက်တောသူလေးတစ်ယောက်ရဲ့ ရင်ထဲကဖြူစင်တဲ့မေတ္တာတွေနဲ့ သူ့ကိုတွဲပြီးတော့ ထူပေးတယ်။ ထူပြီးတော့ သူကမြို့သူဆိုတော့ ဒါတွေဘယ်လုပ်တတ်ပါ့မလဲ အစ်မက ပြောတယ်။ ပြောရင်းနဲ့မှ ကိုယ့်ချစ်သူကို လုယူထားတဲ့သူဆိုပေမယ့်လည်း ကျွန်မချစ်သူကို အပ်ပါတယ်ပေါ့။ ငါတို့နှစ်ယောက်ရဲ့အချစ်တွေကို ပုပ္ပားတောင်ကိုသက်သေတည်ပါတယ်။ အဲ့ဒီရင်ဖွင့်တဲ့ အခန်းလေးကို အစ်မပရိသတ်အနေနဲ့ ပြန်ကြည့်တဲ့အခါ အစ်မကိုယ်တိုင် သဘောကျမိတယ်။ ပြီးတော့ ကိုနိုင်းနိုင်းနဲ့ မမိုးဟေကိုတို့ကိုလည်း ကျေးဇူးတင်တယ်။ ဇာတ်ပို့တွေကို အသားပေးထားတဲ့ ဇာတ်ကားမှန်းသိပေမယ့် အတူလက်တွဲသရုပ်ဆောင်ပေးတယ်။

ပြီးတော့ အကယ်ဒမီရွှေစင်ရုပ်တုကို ရခဲ့သည်ဖြစ်စေ၊ မရခဲ့သည်ဖြစ်စေ ၁၉၈၆ ခုနှစ်ကတည်းကနေ အစ်မအသက်ခန္ဓာတည်မြဲနေသရွေ့ကတော့ ဒီနှုန်းအတိုင်းပဲ ကျရာဇာတ်ရုပ်မှာ ပီပြင်အောင် ရုပ်ရှင်ဖြစ်စေ၊ ဗီဒီယိုဖြစ်စေ၊ ပြဇာတ်ဖြစ်စေ ကျရာအနုပညာကဏ္ဍမှာ အမြဲတမ်းတင်ဆက်သွားမှာပါ။ အကယ်ဒမီမရလို့လည်း ဝမ်းနည်းနေမယ့်သူမဟုတ်ပါဘူး။ ရခဲ့ရင်လည်း အနုပညာမှတ်တိုင်တစ်ခုအနေနဲ့ဝမ်းသာကြည်နူးမိမှာပါ။ အစ်မမရခဲ့ရင်လည်း အစ်မထက်တော်တဲ့၊ ထက်တဲ့သူတွေကို ပရိသတ်နဲ့အတူ ဝမ်းသာအားရ လက်ဆွဲနှုတ်ဆက်မယ့်သူတစ်ယောက်ပါ။ ဒါကြောင့် ပရိသတ်ကြီးကို မဂွမ်းက တတ်တဲ့အနုပညာလေးနဲ့ အမြဲတမ်းအမြဲတမ်း တင်ဆက်သွားမှာပါ။

အကယ်ဒမီဆုပေးပွဲကြီး ကျင်းပရန် ၁ ရက်သာလိုပါတော့သည်။

No comments:

Post a Comment