Saturday, April 2, 2016

ကြေးမုံဟာ အခုဆိုရင် ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ခံစားချက်ကို ဖော်ပြတဲ့သတင်းစာအဖြစ် ကျွန်တော်ပြန်လည်ပြီးတွေ့လိုက်ရပါတယ်။ ဒါဟာ နှစ်ပေါင်း ၅ဝ အတွင်းမှာ ထူးခြားတဲ့ဖြစ်ရပ်ဖြစ်သလို ဒီမိုကရေစီရရှိရေးအတွက် ရုန်းကန်ခဲ့ရတဲ့ နိုင်ငံသားတွေရဲ့ အောင်ပွဲလို့ ယူဆမိပါတယ်။


The Mirror Daily's photo.
ကိုဇော်သက်ထွေး (မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဦးဆောင်အဖွဲ့ဝင်)
ဒီနေ့မနက် အိပ်ရာကနိုးတော့ အိမ်မှာရောက်နေတဲ့ ကြေးမုံသတင်းစာမှာ ပထမဆုံးတွေ့ရတာက အနီရောင်အောက်ခံနဲ့ လိုဂိုကို လုပ်ထားတာတွေ့ရတာ။ မျက်နှာဖုံးစာသားတွေကလည်း အရင်နဲ့မတူတော့ဘူး။
စာမျက်နှာ ၂ ကိုလည်းလှန်လိုက်ရော ကိုအော်ပီကျယ်ရဲ့ ကာတွန်း လေးတွေ့ရတယ်။ တော်တော်အံ့သြသွားတယ်။ စာမျက်နှာ ၃ မှာ ကိုမင်းကိုနိုင်ရဲ့ ကဗျာ၊ နောက် ကိုလေး (အင်းဝဂုဏ်ရည်)ရဲ့ကဗျာတွေလည်းတွေ့ရော ကြေးမုံ ဟာ အခုဆိုရင် ပြည်သူတွေရဲ့အသံ၊ပြည်သူတွေရဲ့ ခံစားချက်ကို ဖော်ပြတဲ့ သတင်းစာအဖြစ် ကျွန်တော်ပြန်လည်ပြီးတွေ့လိုက်ရပါတယ်။ဒါဟာ နှစ်ပေါင်း ၅ဝ အတွင်းမှာ ထူးခြားတဲ့ ဖြစ်ရပ်ဖြစ်သလို ဒီမိုကရေစီရရှိရေးအတွက် ရုန်းကန်ခဲ့ရတဲ့ နိုင်ငံသားတွေရဲ့ အောင်ပွဲလို့ ယူဆမိပါတယ်။
အခုဆိုရင် အစိုးရသစ်တစ်ရပ်လည်းပေါ်လာပြီ။ လွှတ်တော်တွေပေါ်လာပြီ။ ဒီလွှတ်တော်တွေနဲ့ အစိုးရရဲ့ လှုပ်ရှားမှုတွေ၊ ဆောင်ရွက်မှုတွေဖော်ပြတဲ့အခါမှာ ကောင်းကွက်တွေသာမကဘဲ သူတို့ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကိုလည်း ဖော်ပြပေးဖို့လိုတယ်။ နောက်တစ်ချက်က ပြည်သူတွေရဲ့တောင့်တခြင်းတွေ၊ အစိုးရ၊ ပြည်သူနဲ့ လွှတ်တော်ကြားမှာ ပွင့်ပွင့်လင်းလင်းဝေဖန်ရေးသားဖော် ပြဖို့လည်း လိုအပ်မယ်လို့မြင်ပါတယ်။
ကိုတင်ဝင်းလှိုင် (Web-Developer)
သတင်းစာက အခုလိုလေး ပြောင်းလဲလာတာ မြင်ရတော့ကောင်းပါတယ်။ပိုပြီး ဖြစ်စေချင်တာက အစိုးရရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ လွဲချော်တာရှိရင်၊ မှားတာရှိရင် ပြည်သူတွေဘက်က ထောက်ပြပေးတာကို မြင်ချင်တယ်။နဂိုက သတင်းစာက နာရေးကြော်ငြာကလွဲရင် ဘာမှထူးမလာဘူး။ ဖတ်သင့်တယ်ကို မထင်ခဲ့တာ။ ဒါကြောင့် ပြည်သူတွေဘက်က ရပ်တည်ဖို့လိုတယ်။ ဒါဆို သတင်းစာကို စိတ်ဝင်စားလာကြမှာ သေချာတယ်။
နိုင်ငံပိုင်သတင်းစာတွေက နဂိုကတည်းက စနစ်တကျ လည်ပတ်နိုင်တဲ့ အခါကျတော့ ရပ်တည်ချက်တွေ၊ ခံယူချက်တွေ ပြောင်းလဲလာမယ်ဆိုရင် ပြင်ပသတင်းစာ၊ဂျာနယ်တွေထက် ပိုကောင်းတဲ့ သတင်းစာတွေဖြစ်လာမယ်လို့ ထင်ပါတယ်။
ဦးအောင်လင်း (အလုပ်သမားရေးရာ ကျွမ်းကျင်သူ)
နိုင်ငံပိုင်သတင်းစာတွေရဲ့ ရပ်တည်မှုကတော့ ပြီးခဲ့တဲ့ အစိုးရရဲ့လောင်းရိပ် အောက်မှာ ရှိနေတယ်လို့ ကျွန်တော်တို့သိထားတယ်။ နောက်အစိုးရသစ်မှာတော့ ပွင့်လင်းမြင်သာတဲ့ပုံစံနဲ့ ပြောင်းလဲလာတယ်။ဒါကို ကြိုဆိုတယ်။ အဓိက ကတော့ သတင်းရင်းမြစ်နဲ့ သတင်းရပ်တည်ချက်က ပြည်သူလူထုရဲ့ အမှန် တရားပေါ်အခြေခံတဲ့ သတင်းရပ်တည်ချက်ကို လိုချင်တယ်။
သတင်းစာ စာမျက်နှာတွေပေါ်ကနေ အစိုးရကို တည့်မတ်ပေးနိုင်တဲ့ သတင်းစာတွေပဲဖြစ်သင့်တယ်။ အစိုးရလုပ်သမျှ သြဘာပေးမယ့် သတင်းစာတွေ မဖြစ်သင့်ဘူး။ တာဝန်ယူမှု တာဝန်ခံမှုကင်းတဲ့ လုပ်ရပ်တွေ၊ သတင်းတွေ ကို အစိုးရသိအောင် ဖော်ထုတ်ရေးသားရမယ်။ ဒီအပေါ်မှာအခြေခံပြီး ပြည်သူလူထုရဲ့ ယုံကြည်မှုရတဲ့ သတင်းဌာနတွေဖြစ်လာမယ်။ အစိုးရကလည်း အောက်ခြေမှာဖြစ်ပျက်နေတဲ့ ပြဿနာတွေ၊ တာဝန်ယူမှု၊တာဝန်ခံမှု ကင်းမဲ့နေ တာတွေသိလာပြီး အရေးယူ ကိုင်တွယ်ဖြေရှင်းမှုတွေလုပ်လာနိုင်မယ်။ ဒါမှ နိုင်ငံက တရားဥပဒေစိုးမိုးလာမယ်။
ဦးထွန်းကြည် (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီ)
နဂိုအစိုးရလက်ထက်က သတင်းစာတွေဟာ ပြည်သူဗဟိုပြုတဲ့ ဝန်ဆောင် မှုလုပ်ငန်းမဟုတ်ဘူး။ အခုအစိုးရသစ် လက်ထက်မှာ ပြည်သူလူထု မျက်နှာ ကိုကြည့်ပြီး ဝန်ဆောင်မှုပေးတဲ့ သတင်းအရည်အသွေးမျိုးဖြစ်လာပြီဆိုရင် ဒါကို ကြိုဆိုရမယ်။ အဟောင်းမှာဖြစ်ခဲ့တာကို အဟောင်းမှာထားလိုက်တော့။အစိုးရရဲ့ ဝါဒခံသတင်းစာမဟုတ်တော့ဘူး။ အသွင်သစ်၊ အမြင်သစ်၊ အတွေးသစ်၊ ပြည်သူဘက်ကို မျက်နှာမူတဲ့ သတင်းစာတွေ ဖြစ်ဖို့လိုတယ်။ အစိုးရ အတွက်ချည်း မဟုတ်ဘဲ ပြည်သူတွေရဲ့ နား၊မျက်စိတွေဖွင့်ပေးတဲ့ သတင်း စာမျိုး၊ ၅ နှစ်တာကာလအတွင်း နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကြည့်တဲ့ ဝန်ဆောင်မှုပေးတဲ့ သတင်းစာတွေပဲ ဖြစ်သင့်တယ်၊ဖြစ်ထိုက်တယ်။ ဖြစ်ရမယ်လို့အကြံပြုချင်ပါတယ်။
ဦးဇေယျ (လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ)
သတင်းစာက လက်ရှိအနေအထားမှာ ပြည်သူလူထုကို အခြေခံတဲ့ လက်ရှိလိုအပ်ချက်ကို ဖြည့်မယ်ဆိုလို့ရှိရင်တော့ ကောင်းတဲ့အလားအလာပေါ့။ နောက်တစ်ချက်က သတင်းစာအနေနဲ့ အစိုးရရဲ့ လက်ကိုင်တုတ်၊ အစိုးရရဲ့ အာဘော်ကို ထုတ်ဝေတဲ့ သတင်းစာမျိုးမဖြစ်သင့်ဘူး။ ဒါဆိုရင် အကန့်အသတ်ရှိ တဲ့အတွက် သူ့ပရိသတ်ကလည်း အကန့်အသတ်ပဲရှိမှာပေါ့။သတင်းစာရဲ့ သြဇာနဲ့ သတင်းစာအပေါ် ယုံကြည်မှုကလည်း အကန့်အသတ်ရှိမှာဖြစ်တဲ့ အတွက် အဲဒီလို ပေါ်လစီမျိုးနဲ့ အဲဒီလုပ်ငန်းစဉ်မျိုးများ ချမှတ်ခဲ့မယ်ဆိုရင်တော့ သတင်းစာရဲ့ အနေအထားဟာ လူထုရဲ့ လေးစားယုံကြည်မှုနဲ့ လူထုအလေးထား ဖတ်ရှုရတဲ့ သတင်းစာအဖြစ် ရောက်လာမှာမဟုတ်ဘူးလို့ မြင်တယ်။ ပြည်သူ လူထုကိုအခြေခံတဲ့ ပြည်သူလူထုလိုအပ်ချက်တွေ၊ တိုင်းပြည်ရဲ့လက်ရှိလို အပ်ချက်တွေကို မီဒီယာကျင့်ဝတ်နဲ့ ထိထိမိမိထောက်ပြမယ်။
မီဒီယာကျင့်ဝတ် နဲ့အညီ သတင်းစာရဲ့ ပေါ်လစီကိုချမှတ်ဆောင်ရွက်မယ်ဆိုရင်တော့အောင်မြင် တဲ့ သတင်းစာတွေဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်မြင်သုံးသပ်မိပါတယ်။
ဦးဇင်ဝိုင်း (ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ)
ကျွန်တော်က မြန်မာ့အလင်းယူတာဗျ။ မြန်မာ့အလင်းဆိုတာကလည်း ထုံးစံအတိုင်း အစိုးရမီဒီယာလို့ပဲပြောရတော့မှာပေါ့။ ကျွန်တော်တို့ သက်တမ်း တစ်လျှောက်မှာ အစိုးရထုတ်တဲ့သတင်းစာ၊ မီဒီယာတွေမှာ ပြည်သူဗဟိုပြု မီဒီယာလို့ အခေါ်အဝေါ်တွေပြောင်းလာပေမယ့်လည်း အနှစ်သာရကပြောင်း လာတာ မတွေ့ရဘူး။ ဒါပေမယ့် ဒီနေ့မျက်နှာဖုံးမှာ ပြောင်းလဲမှုတွေစတွေ့ ရတယ်။ ဒါကလည်း သိပ်တော့မဆန်းပါဘူး။ တက်လာတဲ့ အစိုးရရဲ့ အာဘော်ကို ပြတယ်လို့ပဲမြင်တယ်။ နောက်ပိုင်းမှာ တကယ့်ကို နိုင်ငံသူ နိုင်ငံသားတွေ၊ တိုင်းရင်းသားတွေ သိသင့်သိထိုက်တာတွေကို ဖော်ပြနိုင်လိမ့်မယ်လို့ တော့ထင်ပါတယ်။
သတင်းဆိုတဲ့အပိုင်းမှာ နိုင်ငံတော်အစိုးရလုပ်ကိုင်နေတာကို ပြည်သူကို အသိပေးဖို့လိုအပ်သလို ပြည်သူတွေကြားထဲမှာ နစ်နာဆုံးရှုံးနေတဲ့ လက်ရှိ တကယ်ဖြစ်ပျက်နေတဲ့ အမှန်တရားတွေကိုလည်း သတင်းအနေနဲ့ ဖော်ပြပေး ဖို့လိုမယ်လို့ ကျွန်တော်ယူဆတယ်။
နောက်တစ်ခုက ဆောင်းပါးပါ။ကျွန်တော်ငယ်စဉ်တော်လှန်ရေးကောင်စီ လက်ထက်က ဆောင်းပါးတွေက တခုတ်တရနဲ့ကို ဖတ်ရတဲ့အခြေအနေရှိပါတယ်။ ဆရာကြီး သာဂဒိုးတို့၊ ဆရာသိန်းဖေမြင့်တို့ရေးခဲ့ကြတဲ့ ဆောင်းပါး တွေဟာ တကယ့်ကို ပြည်သူလူထုရဲ့ လက်ရှိခံစားနေရတဲ့ အခြေအနေ တွေကိုကိုယ်စားပြုကြတာများပါတယ်။အခုနောက်ပိုင်းမှာတော့ သတင်းစာမှာ ဒီလိုဆောင်းပါးတွေ မတွေ့ရတော့ပါဘူး။ ပြည်သူတွေကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို ဖော်ထုတ်နိုင်တဲ့၊ တင်ပြနိုင်တဲ့ ဆောင်းပါးရှင်တွေရဲ့ ဆောင်းပါးတွေကိုလည်း ဦးစားပေးဖော်ပြသင့်တယ်လို့ ယူဆပါတယ်။
ဦးလူမင်း (ဥက္ကဋ္ဌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး)
ဖြစ်သင့်တာကတော့ ဒီနေ့လိုပြောင်းလဲမှုမျိုးကို လွန်ခဲ့တဲ့ တစ်လတန် သည်ကတည်းကပါ ပြောင်းလဲလိုက်မယ်ဆိုရင် ပိုပြီးတော့လှမှာပါ။ ပြောင်းလဲ မှုကို ကြိုဆိုတယ်။ ခုကိုယ့်အသိုင်းအဝိုင်း ကိုယ့်ဝန်းကျင်မှာဆို လွှတ်တော်ချန်နယ် က အဟော့ဆုံးဖြစ်နေသလို အရင်က အစိုးရထုတ်သတင်းစာတွေက ဒီလိုလေး ပြောင်းလဲလာတော့ အစ်ကို့အထင် ကြေးမုံတို့၊ မြန်မာ့အလင်းတို့ ခေတ် တစ်ခေတ် ပြန်ဆန်းလာတော့မယ်လို့ မျှော်မှန်းပါတယ်။

No comments:

Post a Comment