Saturday, April 2, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြု




The Mirror Daily's photo.


နေပြည်တော် ဧပြီ ၁

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းအား ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဥာဏစိုးက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားရှင်းလင်းရာတွင် ယခုဥပဒေကြမ်းကို ပါတီစုံဒီမိုကရေစီစနစ် တည်တံ့ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံး၍ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်နိုင်ရေး၊ စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကို ခိုင်မာစွာတည်ဆောက်နိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့် ရည်ရွယ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တင်သွင်းခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း။

အတိုင်ပင်ခံပုဂ္ဂိုလ်၏တာဝန်နှင့် လုပ်ပိုင် ခွင့်များထဲတွင် အကြံပြုချက်များ ပေးအပ်ခြင်းသာပါရှိပြီး ယင်းသည် ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ လမ်းညွှန်မှုပြုခြင်း မဟုတ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာအစိုးရ အဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လိုအပ်သည့်အကြံပြုချက်များ ပေးအပ်၍ အဆိုပါ အကြံပြုချက်များနှင့် ဆောင်ရွက်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံရမည်ဖြစ်သည်ကိုလည်း လေ့လာတွေ့ရှိရပါကြောင်း ရှင်းလင်းသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွန့် တင်သွင်းထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၄)ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် (၃)ဦးတို့က ဆွေးနွေးကြသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ခင်မောင်အေးက ယခုဆွေးနွေးလျက်ရှိသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာဥပဒေ(မူကြမ်း)သည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများကို ပံ့ပိုး ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ပြဋ္ဌာန်းသည် ဆိုသော်လည်း ပါတီအမည်ဖော်ပြထားသော လူပုဂ္ဂိုလ်တစ်ဦးတည်းအား ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာနှစ်ရပ်စလုံးကို အပ်နှံသည့်သဘော သက်ရောက်နေခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဓိက အခြေခံမူတစ်ရပ်ဖြစ်သည့် ပုဒ်မ ၁၁(က)ပါ ''နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေ ပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုသည်'' ဟူသည့် ပြဋ္ဌာန်းချက်ကို ထိခိုက်ပျက်ပြားစေခြင်း၊ ယခု ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များ၏ အနက် အဓိပ္ပာယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများနှင့် ဆန့်ကျင်ကွဲလွဲနေခြင်းတို့ကြောင့် ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းမည် ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်စေရန် ပြင်ဆင်ရေးဆွဲပြီးမှသာ ပြဋ္ဌာန်းသင့်ပါကြောင်း ဆွေးနွေးသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်သိန်းက ဤဥပဒေသည် ဥပဒေ တစ်ရပ်၏ အင်္ဂါရပ်နှင့် မညီညွတ်ဟု ယူဆရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ပတ်သက်ဆက်နွှယ်နေသဖြင့် ဤဥပဒေကို ပြဋ္ဌာန်းရန် သင့်၊ မသင့်ကို အခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့တင်ပြ၍ အဆုံးအဖြတ်ရယူရန် တင်ပြအပ်ပါကြောင်း ဆွေးနွေးသည်။

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်က ယခုဥပဒေကြမ်းကို ဥပဒေတစ်ရပ်အနေဖြင့် ပြဋ္ဌာန်းခြင်းမပြုဘဲ အမိန့်၊ ညွှန်ကြားချက်ထုတ်ပြန်ပြီး ဆောင်ရွက်သင့်ပါကြောင်း၊ ဥပဒေပညာရှင်များနှင့် တိုင်ပင် နှီးနှောပြီး စဉ်းစားဆောင်ရွက်သင့်ပါကြောင်း၊ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးထံမှ အကြံဥာဏ်ရယူသင့်ပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ဆွေက အမျိုးသားလွှတ်တော်သို့ တင်သွင်းသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းသည် ဥပဒေအကြောင်းခြင်းရာ အရ တည်ဆဲနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များကို ကျော်လွန် အဓိပ္ပာယ်သက်ရောက်နေသဖြင့် လည်းကောင်း၊ အကြောင်းခြင်းရာအားဖြင့် လည်းကောင်း အဓိပ္ပာယ်ဖွဲ့ဆိုချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်နေသည်ကို တွေ့ရှိရပါကြောင်း။

ထို့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်စေရန် ပြင်ဆင်ရေးဆွဲပြီးမှသာ ပြဋ္ဌာန်းသင့်ပါကြောင်း ဆွေးနွေးသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်က ဥပဒေကြမ်း၏ စာမျက်နှာ(၂)တွင်ပါရှိသော ပုဒ်မ (၃)(က)ပြဋ္ဌာန်းချက်ပါ စကားရပ်ကို ''ပါတီစုံဒီမိုကရေစီစနစ်ရှင်သန် ဖွံ့ဖြိုးရေး''ဟု ပြင်ဆင်လိုပါကြောင်း၊ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရန် လိုအပ်နေသည့်အတွက် ''ထွန်းကားရေး''ဆိုသည့် စကားရပ်အစား ''ရှင်သန်ဖွံ့ဖြိုးရေး''ဟု ပြင်ဆင်သင့်ကြောင်း၊ စာမျက်နှာ(၂)၏ ပုဒ်မ (၄)တွင် ''၂ဝ၁၅ ခုနှစ်ဆိုသည့် ခုနှစ် သက္ကရာဇ်ကိုဖြုတ်ပြီး ''ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်'' ဟူသောစကားရပ် ကို ''ထောက်ခံမဲရရှိသည့် အနိုင်ရပါတီ၏ဥက္ကဋ္ဌ''စကားရပ်ဖြင့် အစားထိုးသင့်ကြောင်း၊ ဥပဒေတစ်ခုကို ပြဋ္ဌာန်းရာတွင် ရေရှည်အတွက်လည်း မျှော်ကိုးရမည်ဖြစ်ပါကြောင်း၊ ပုဒ်မ(၇)၏ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်သင့်ပါကြောင်း ဆွေးနွေးသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်က ဥပဒေများကို ယခုကဲ့သို့ အချိန်တိုကာလအတွင်း လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အတွက် သတ်မှတ်ပြဋ္ဌာန်း ထုတ်ပြန်ခြင်းမျိုး မတွေ့ဖူးကြောင်း၊ ဥပဒေ တစ်ရပ်သည် ရေရှည်မျှော်ကိုးပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ရှင်သန်နေသည့် ဥပဒေဖြစ်ခြင်းသည် ပိုမိုသင့်တော် ကောင်းမွန် မည်ဖြစ်ပါကြောင်း၊ ယခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း နိုင်ငံတော် သမ္မတ၏ သက်တမ်းကာလအတွက် ရည်ရွယ်ဖော်ပြထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်အတွက် တမင်ဖော်ပြချက်ဟု စွပ်စွဲလာနိုင်ပါကြောင်း၊ ယခု အာဏာရပါတီ NLD အစိုးရလက်ထက်တွင် အစောဆုံး တင်သွင်းလာသည့် ဥပဒေမှာ နိုင်ငံတော်သမ္မတ၏ အတိုင်ပင်ခံလုပ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြဋ္ဌာန်းသည့် ဥပဒေဖြစ်နေခြင်းသည် NLD ပါတီ၏ တရားမျှတမှု၊ ဖြောင့်မတ် မှန်ကန်မှုကို ထိခိုက်နေမည်လားဟု စဉ်းစားရန် သင့်ကြောင်း အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး လှဝင်းအောင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၂(ဇ)တွင် ''ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်''ဟု ပြဋ္ဌာန်းထားသည့်အတွက် ပြည်ထောင်စုဝန်ကြီးဖြစ်သူသည် နိုင်ငံတော်သမ္မတကိုသာ တာဝန်ခံရန်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံရန် ဖော်ပြချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေပါကြောင်း။ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၂၃ တွင် ပြဋ္ဌာန်းထားချက်အရ နိုင်ငံတော်သမ္မတက လိုအပ်သည့် အကြံဥာဏ်များ ရယူနိုင်ရေးအတွက် အကြံပေးအဖွဲ့ကို သင့်လျော်သည့် လူဦးရေဖြင့် ဖွဲ့စည်းနိုင်မည်ဖြစ်သကဲ့သို့ ဥပဒေ ပြုရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်း အမျိုးသား လွှတ်တော်ဥပဒေပုဒ်မ ၃၂ အရ လွှတ်တော် အသီးသီး၏ လုပ်ငန်းများကို အထောက်အကူပြု အကြံဥာဏ်ပေးနိုင်ရန် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့ဝင်များ ဖွဲ့စည်းဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ယခု ဥပဒေကြမ်းကို ပြဋ္ဌာန်းရန်ပင် မလိုအပ်သည်ကို တွေ့ရှိရပါကြောင်း ဆွေးနွေးသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက ယင်းဥပဒေကြမ်း အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၇ တွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့် က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကိုအတည်ပြုရန် အဆိုတင်သွင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ကန့်ကွက်သည့်လွှတ်တော် ကိုယ်စားလှယ်ရှိသည့်အတွက် စက်ခလုတ် အသုံးပြု၍ ဆန္ဒရယူရာ ထောက်ခံမဲ(၁၃၇)မဲ၊ ကန့်ကွက်မဲ(၇ဝ)၊ ကြားနေမဲ (၂)မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲများသည့်အတွက် ယင်းဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။
(သတင်းစဉ်)

No comments:

Post a Comment