နေပြည်တော် မတ် ၃၁
မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး မတ် ၃ဝ ရက်က ပြည်ထောင်စုလွှတ်တော်၌ ကတိသစ္စာပြုခဲ့သည့် နိုင်ငံတော် သမ္မတသစ် ဦးထင်ကျော်အား နိုင်ငံ တကာက ချီးကျူးဂုဏ်ပြုလျက်ရှိပြီး အမေရိကန် ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားကလည်း ချီးကျူး ဂုဏ်ပြုသည့် ကြေညာချက်တစ်စောင် ကို ယမန်နေ့က ထုတ်ပြန်ကြေညာ ခဲ့ပြီး အဆိုပါကြေညာချက်အတွင်း အိုဘားမားက မြန်မာနိုင်ငံ၏မိတ်ဖက် ဖြစ်လိုကြောင်း ထည့်သွင်းပြောကြား ထားသည်ကို မြင်တွေ့ရသည်။
ထို့အပြင် အဆိုပါကြေညာချက် အတွင်း သမ္မတ ဦးထင်ကျော်နှင့်အတူ ဖွဲ့စည်းထားသည့် အစိုးရအသစ် သည် အမေရိကန်ပြည်ထောင်စုနှင့် ရှေ့ဆက် လက်တွဲလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ယင်းကြေညာချက် တွင် ဖော်ပြထားသည်။
ဦးထင်ကျော်၏ သမ္မတရာထူး တာဝန် လွှဲပြောင်းလက်ခံထားခြင်း သည် ဒီမိုကရေစီနည်းလမ်းတကျ အများရွေးချယ်တင်မြှောက်ခြင်း ခံရ သော အရပ်သားဦးဆောင်သည့် အစိုးရထံသို့ အသွင်ကူးပြောင်းသည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်မှတ်တိုင် တစ်ရပ်ကို ကိုယ်စားပြုခြင်းဖြစ် ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူ တော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယခုကာလသည် မြန်မာပြည်သူများ၊ အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းစွာအတူတကွ အာဏာလွှဲပြောင်းရေး အတွက် လုပ်ဆောင်ခဲ့ကြသည့် ခေါင်းဆောင်များအားလုံး ၏ ကြိုးပမ်းမှုသက်သေပင်ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေး မှာ ၂ဝ၁၁ခုနှစ်မှစတင်ကာ ပြောင်းလဲလာခဲ့ပြီး ယခု အောင်မြင်မှုသည် ပြုပြင်ပြောင်းလဲရေးများ၏ သိသာ ထင်ရှားမှုပင်ဖြစ်ကြောင်း ဖော်ပြထားသည်။
''မြန်မာနိုင်ငံအနေနဲ့ ရှေ့ခရီးဆက်ရာမှာ ပိုမိုကျယ် ပြန့်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ဖို့နဲ့ အမျိုးသားရင်ကြားစေ့ရေးကို တိုးတက်ဖော်ဆောင် ဖို့၊ နိုင်ငံသားတွေအတွက် အခွင့်အရေးနဲ့ လွတ်လပ်မှု တွေကို တိုးမြှင့်ပေးဖို့ စတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်သွား ရနိုင်ပါတယ်''ဟု အဆိုပါကြေညာချက်တွင် အမေရိကန် သမ္မတ အိုဘားမားက ပြောကြားထားသည်။
မြန်မာနိုင်ငံသည် အားလုံးပါဝင်သည့် ငြိမ်းချမ်း သော၊ စည်ပင်ဝပြောသော အနာဂတ်ကို ဖောင်ဆောင် သွားကြမည်ဟု အမေရိကန်ပြည်ထောင်စုက မျှော်လင့် ကြောင်းကိုလည်း အိုဘားမားက ဆက်လက်ပြောကြား ထားသည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာ အစိုးရသစ်နှင့် မြန်မာနိုင်ငံသားများအတွက် မိတ်ဆွေ မွန်၊ မိတ်ဖက်ကောင်းအဖြစ် ရပ်တည်သွားရန် အိုဘားမား က မျှော်လင့်ကြောင်း အိမ်ဖြူတော်၏ သတင်းထုတ်ပြန် ချက်အရ သိရှိရသည်။
ခင်ရတနာ
No comments:
Post a Comment