Saturday, April 2, 2016

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တပ်မတော်ကို သံယောဇဉ်ရှိတယ် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ် တပ်မတော်ခေါင်းဆောင်ကလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပေးတယ်




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်နှင့် တွေ့ဆုံမေးမြန်းခြင်း

သတင်းအဖွဲ့

ပြောင်းလဲချိန်တန်ပြီဆိုသည့်  စကားသည်  ပြောင်းလဲတိုးတက်မှုကိုလိုလားလျက်ရှိသော ပြည်သူ့အတွက်၊ မြန်မာ့ဒီမိုကရေစီပြောင်းလဲမှုအတွက် သမိုင်းတွင်သည့် စကားရပ် ဖြစ်ခဲ့သည်။

ဒုတိယအကြိမ်လွှတ်တော်နှင့်  အစိုးရအဖွဲ့များကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့်  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏မူဝါဒများနှင့်ကိုက်ညီစွာ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်သည်။

မတ်  ၃ဝ ရက်တွင်   နိုင်ငံတော်သမ္မတတာဝန် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကိုလည်း   ကျင်းပနိုင်ခဲ့သည်ကို ပြည်သူအားလုံး သိရှိကြပြီးဖြစ်သည်။ 

နိုင်ငံတော်သမ္မတတာဝန်   အောင်အောင်မြင်မြင် လွှဲပြောင်းနိုင်ခဲ့မှုဖြစ်စဉ်တွင်  ပါဝင်ခဲ့သည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်အား  တာဝန်လွှဲပြောင်းမှုတွင် ပါဝင်ဆောင်ရွက် ခဲ့မှုအခြေအနေနှင့် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် အခြေအနေများကို သတင်းအဖွဲ့က   ဧပြီ ၁ ရက် နံနက်ပိုင်းက သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ရေးသားတင်ပြလိုက်ရပါသည်- 

မေး။ အစိုးရအဟောင်းနဲ့ အသစ်အကြား  အဆင်ပြေပြေ တာဝန်လွှဲပြောင်းနိုင်ဖို့အတွက်  ဆောင်ရွက်ခဲ့တဲ့ အခြေ အနေကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ကျွန်တော်က ၂ဝ၁၅ ရွေးကောက်ပွဲမှာ ကျန်းမာရေးကြောင့် ရွေးကောက်ပွဲမဝင်ဘူး၊  မပါဘူး။  ဒါပေမယ့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့မှာ အရေးပါတဲ့ နေရာကနေ ပါဝင်ခဲ့တယ်။ အခုရွေးကောက်ပွဲမှာ  အနိုင်ရပြီးတဲ့ အခါမှာ အစိုးရအဟောင်းနဲ့ အစိုးရအသစ်အကူးအပြောင်းမှာ  အဆင်ပြေစွာ  တာဝန်လွှဲပြောင်းနိုင်ရေးအတွက် ကျွန်တော့်ကို တာဝန်ပေးခံရတယ်။ 

အစိုးရအဟောင်းကတော့   နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းရေးအဖွဲ့လို့သုံးနှုန်းပြီးတော့ ကျွန်တော်တို့ကတော့ အသွင်ကူးပြောင်းရေးအဖွဲ့လို့  သုံးနှုန်းပါတယ်။ အစိုးရအဟောင်းရဲ့   နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းရေးအဖွဲ့မှာ ပြည်ထောင်စုဝန်ကြီး  ဦးလှထွန်း ခေါင်းဆောင်ပြီးတော့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ညွှန်ကြားရေးမှူးချုပ်   ဦးလှထွန်း၊   ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်အုန်းနဲ့   ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ ငါးဦးပါပါတယ်။ 

ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်ခေါင်းဆောင်ပြီး ဒေါက်တာမျိုးအောင်၊  ဒေါက်တာအောင်သူတို့ပါပါတယ်။ ပံ့ပိုးကူညီဖို့     အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းနဲ့ ဦးကျော်သီဟ၊  ပြည်သူ့လွှတ်တော်က ဒေါ်ခင်စန်းလှိုင်ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။ 

မေး။ အသွင်ကူးပြောင်းရေးမှာ  အေးအေးချမ်းချမ်းနဲ့ ကူးပြောင်းနိုင်ဖို့က အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါနေပါတယ်။ ဒီလိုကူးပြောင်းနိုင်ဖို့ ဆရာတို့အနေနဲ့ ဘာတွေဘယ်လို ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသလဲ။

ဖြေ။ ဒီအသွင်ကူးပြောင်းရေးဟာ အေးအေးချမ်းချမ်းနဲ့ အသွင်ကူးပြောင်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။  ပထမအကြိမ်  အသွင်ကူးပြောင်းရေးမှာ   ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတကြီး ဦးသိန်းစိန်ကို လွှဲတာ၊ သူတို့တုန်းက အဆင်ပြေတယ်။ ဒါကမဆန်းဘူး။  ဘာကြောင့်လဲဆိုရင် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က   ဗိုလ်ချုပ်ကြီးဟောင်း၊ ပါဝင်တဲ့ ပုဂ္ဂိုလ်တော်တော်များများကလည်း  တပ်မတော်က ဆိုတော့ သိပ်မထူးဆန်းဘူး။  ဒါပေမယ့် ပြည်သူလူထု အဆုံးအဖြတ်နဲ့ ရွေးကောက်ပွဲအောင်နိုင်တဲ့  ကျွန်တော်တို့ကို ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရက  တာဝန်လွှဲတဲ့ အခါကျတော့ အရပ်သားအစိုးရကို တာဝန်လွှဲတာ၊ သမိုင်းဝင်တဲ့ဖြစ်ရပ်ပါ။ 

ဒီသမိုင်းဝင်ဖြစ်ရပ်မှာ ကျွန်တော် တာဝန်ထမ်းဆောင် ခွင့်ရတာ ဂုဏ်ယူတယ်။  ကျွန်တော့်အရည်အချင်းကို ယုံကြည်ပြီး ဒီတာဝန်ကို ပေးတဲ့အတွက် ဂုဏ်ယူဝမ်းသာ မိပါတယ်။          

ချီးမြှင့်တယ်လို့လည်း ထင်မြင်မိပါတယ်။

အပြောင်းအလွှဲကိစ္စတစ်လျှောက်မှာ ပြီးခဲ့တဲ့ အပတ်ကထိ သမ္မတရုံးမှာ အစည်းအဝေး  ငါးကြိမ်လုပ်ခဲ့တယ်။ အသွင်ကူးပြောင်းရေးကို အဆင်ပြေပြေနဲ့  ကူးပြောင်းချင်တယ်။ ဒါကြောင့် သူတို့ကို ဘာမှထွေထွေထူးထူးမတောင်းဆိုဘူး။ ကျွန်တော်တို့ဘက်က ဝန်ကြီးဌာန ၃၆ ခုကို ပေါင်းမယ်။ ပေါင်းတဲ့ဌာနတွေကို သူတို့ကို ပြောမယ်ဆိုပြီးတော့ ဆွေးနွေးခဲ့တယ်။  သူတို့ဘက်ကလည်း ဝန်ကြီးဌာနတိုင်း အဆောက်အအုံကအစ ဘတ်ဂျက်တွေ၊ နောက် လုပ်မယ့် စီမံကိန်းတွေ အားလုံးပဲ သူတို့ ပြင်ဆင်ထားတယ်။ ပြင်ဆင်ထားတဲ့အကြောင်းလည်း   ကျွန်တော်တို့ကို ပြောတယ်။ 

သူတို့ ပြင်ဆင်ထားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။ သူတို့ဘက်ကလည်း ဘာမှအထွေအထူး မတောင်းဆိုဘူး။ အသွင်ကူးပြောင်းမယ့် ၃ဝ ရက်နေ့ မတိုင်ခင်မှာ ကျွန်တော်တို့ ဝန်ကြီးတွေက  တာဝန်ယူရတော့မှာဖြစ်တဲ့ အတွက် ဟိုဘက်က  ဝန်ကြီးတွေနဲ့တွေ့ဖို့  အစီအစဉ်ဆွဲတယ်။ ကျွန်တော်တို့ ဝန်ကြီးတွေနေဖို့၊  ထိုင်ဖို့အတွက် နေရာထိုင်ခင်းတွေ  သွားကြည့်တယ်။  ဒီကိစ္စကတော့ အထွေအထူးပြောစရာမရှိလှပါဘူး။

မေး။ အစိုးရနှစ်ရပ်အကြား အဆင်ပြေပြေနဲ့ တာဝန်တွေ လွှဲပြောင်းနိုင်ခဲ့တယ်။ ဒီအပေါ်မှာ  တာဝန်လွှဲပြောင်း ပေးသွားတဲ့ အစိုးရဟောင်းရဲ့ အခန်းကဏ္ဍ ပါဝင်မှုကိုလည်း ပြောပြပေးစေလိုပါတယ်။ 

ဖြေ။ အေးအေးချမ်းချမ်းနဲ့  တာဝန်လွှဲပြောင်းတဲ့ ဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅ဝ လောက် ဆိတ်သုဉ်း ခဲ့တယ်။ အဲဒီလို ဆိတ်သုဉ်းတဲ့ဖြစ်စဉ်ကနေ  အခုလို အဆင်ပြေပြေနဲ့  လွှဲပြောင်းနိုင်တာ  အတူပါဝင်ကြတဲ့ သူတွေရဲ့ ပံ့ပိုးမှုတွေကြောင့်ပါ။ 

ပြီးတော့ တစ်ဖက်က  ပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဦးရဲထွဋ်တို့ရဲ့ ပူးပေါင်းကူညီမှုကိုလည်း တန်ဖိုးထားပါတယ်၊ အသိအမှတ်ပြုပါတယ်၊ ချီးကျူးမိပါတယ်။ အဓိကကတော့ သမ္မတ  ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရက သမ္မတ ဦးထင်ကျော် ခေါင်းဆောင်တဲ့ အစိုးရထံကို အဆင်ပြေပြေနဲ့ တာဝန်လွှဲပြောင်းနိုင်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ သင်ခန်းစာတွေ ရရှိခဲ့ပါတယ်။ 

မေး။ အစိုးရသစ်အတွက် စိန်ခေါ်မှုဖြစ်စေနိုင်တဲ့ အခြေအနေတွေကိုလည်း သုံးသပ်ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ဒီလို သမ္မတတာဝန်အလွှဲအပြောင်းကို လွှတ်တော်ချန်နယ်ကနေလည်း  တိုက်ရိုက်ထုတ်လွှင့်တဲ့အတွက် လွှတ်တော်လိုင်းကို ကြည့်တဲ့သူတွေ  များလာတယ်လို့ သိရပါတယ်။  ဒါကဘာလဲဆိုတော့  အစိုးရဖြစ်စဉ်ကို ပြည်သူတွေ စိတ်ဝင်စားကြတယ်ဆိုတဲ့  သိသာစေတဲ့အချက် တစ်ခုပါ။ 

ကျွန်တော်တို့ ရွေးချယ်ထားတဲ့ အစိုးရအဖွဲ့၊  ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပုဂ္ဂိုလ်တွေဟာ အရည်အချင်းရှိတဲ့  ပုဂ္ဂိုလ်တွေပါ။ ဒါပေမယ့် တချို့ကတော့  အတွေ့အကြုံသိပ်မရှိသေးဘူး။ ဒီထဲမှာ တိုင်းပြည်ကို တိုးတက်စေချင်တဲ့ စေတနာကတော့ အဓိက ပါနေပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဂတိလိုက်စားမှုကင်းရှင်းရေးကို အဓိကမှာကြားထားပါတယ်။ ဒါတွေဟာ ရည်ရွယ်ချက်ကောင်းတွေဖြစ်တဲ့အတွက် ပြည်သူလူထုက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေကို နားလည်လိမ့်မယ်လို့ ထင်ပါတယ်။ 

နောက်တစ်ချက်က   ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးချယ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေ တွေ့ဆုံတဲ့အခါ တိုင်းပြည်အတွက် အစိုးရတာဝန်စယူတဲ့ ရက်ပေါင်း ၁ဝဝ အတွင်းမှာ သိသာထင်ရှားတဲ့အလုပ်တွေ ကြိုးစားလုပ်မယ်။ နောက်ပြီးတော့ ခြောက်လ၊ တစ်နှစ်အဖြစ် ဦးစားပေး ဆောင်ရွက်မယ်။ ဌာနတိုင်း ပြင်ဆင်တာတွေ ရှိနေပါပြီ။

ပြုပြင်ပြောင်းလဲမှုကို သမ္မတ  ဦးသိန်းစိန် လက်ထက်ကတည်းက လုပ်ခဲ့ပါတယ်။  သူ့လက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး ပွင့်လင်းမှုတွေ ရှိလာတယ်။ မီဒီယာပွင့်လင်းမှုတွေ ရှိလာတယ်။ ဒါတွေကို ပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်။ ဒါပေမယ့် အုပ်ချုပ်ရေးယန္တရားပြုပြင်ဖို့နဲ့ အဂတိတရား လျော့ပါးရေးမှာ  အထိုက်အလျောက် မအောင်မြင်ခဲ့ဘူး။ ဒါကို သူတို့ကို အပြစ်တင်လို့ မရဘူး။ သူတို့ တတ်နိုင်သမျှ လုပ်ခဲ့တယ်။

သူတို့ အထိုက်အလျောက် အောင်မြင်ခဲ့တဲ့ အုပ်ချုပ်ရေးယန္တရားပြုပြင်ဖို့နဲ့  အဂတိတရား လျော့ပါးရေးမှာ ကျွန်တော်တို့က ဆက်ပြီးအောင်မြင်အောင် လုပ်ဆောင်ရမယ်။ 

ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးပါ။  အမျိုးသား ရင်ကြားစေ့ရေးမှာ တပ်မတော်ရော၊  တိုင်းရင်းသားအဖွဲ့ တွေရော အားလုံးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တပ်မတော်ကို သံယောဇဉ်ရှိတယ်။ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်။   တပ်မတော်ခေါင်းဆောင်ကလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပေးတယ်။  နိုင်ငံတိုးတက်ဖို့အတွက်ဆောင်ရွက်တဲ့အခါ ပြည်သူလူထု စားဝတ်နေရေးအဆင်ပြေဖို့ ဆောင်ရွက်တာဟာ စိန်ခေါ်မှု တစ်ခုထဲမှာပါပါတယ်။ 

မေး။ ဒီနေ့ တွေ့ဆုံမေးမြန်းမှုကနေ ဆရာ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့မှာ ပါဝင်မှုဖြစ်စဉ်ကိုလည်း သိရှိလိုပါတယ်။

ဖြေ။ ကျွန်တော်က ၁၉၄၁ ခုနှစ် ဒီဇင်ဘာလမှာ မိတ္ထီလာမြို့နယ် အလယ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ မိတ္ထီလာ အထက(၁)ကနေ အထက်တန်းအောင်မြင်ပြီးတော့ စစ်တက္ကသိုလ်အပတ်စဉ်(၅)မှာ  တက်ရောက်ခဲ့ပါတယ်။ စစ်တက္ကသိုလ်ကနေ အောင်စစ်သည်ဆု၊ စာပေထူးချွန် ရွှေတံဆိပ်ဆု နှစ်ခုရရှိခဲ့တယ်။ စစ်တက္ကသိုလ်သမိုင်းမှာ အောင်မြင်မှုရရှိခဲ့တဲ့ မှတ်တမ်းတစ်ခုပါ။ 

တာဝန်ထမ်းဆောင်တဲ့အခါ မြစ်ဝကျွန်းပေါ်တပ်ကို ရောက်တယ်။ ဒီအချိန်မှာ တော်လှန်ရေးကောင်စီတက်တဲ့အတွက် အသက်ငယ်ငယ်နဲ့ တာဝန်ကြီးကြီးတွေ ထမ်းဆောင်ခဲ့ရတယ်။ ခြေလျင်တပ်မှာ ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့ ပြီးတော့ မြစ်ဝကျွန်းပေါ်၊  ပဲခူးရိုးမ၊  အရှေ့မြောက် ဒေသစစ်ဆင်ရေးတွေမှာ  ပါဝင်ထမ်းဆောင်ခဲ့ရတယ်။ အသက်မသေရုံအန္တရာယ်ကြား ကျရောက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ 

အဲဒီကမှ လူကြီးတွေ ရွေးချယ်လို့ စစ်ရုံးရောက်ပြီး ၁၉၆၉ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီကနေ တပ်ရင်းပြန်ပြီး တာဝန်ထမ်းဆောင်ချင် တယ်ဆိုတော့ လူကြီးတွေက ခွင့်မပြုဘူး။ 

နောက်ဆုံးကျတော့ အုန်းကျော်မြင့်နဲ့ အပေါင်းအသင်းတွေက လူကြီးတွေကို လုပ်ကြံမယ်ဆိုတဲ့အထဲမှာ ကျွန်တော် ပါတယ်ဆိုပြီး ခြောက်လအချုပ်နဲ့ တပ်ကနေအထုတ်ခံရတယ်။ တကယ်တော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ သဘောမကျလို့ မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့ လုပ်မယ် ဆိုတာတော့ သိတယ်။ သိတဲ့ဟာကို သတင်းမပို့ခဲ့ဘူး။ 

ဥပဒေအရ အပြစ်ရှိတယ်။ နိုင်ငံတော်လုပ်ကြံမှုကို ကြားရင်ကို သတင်းပို့ရမယ်၊  မပို့ရင် ကြံရာပါဆိုတာကို မသိခဲ့ဘူး။ နောက်တစ်ချက်က ကိုယ်ပြောလိုက်လို့ သူတို့ တွေလည်း ဒုက္ခရောက်မလားဆိုပြီး စာနာမှုကြောင့်လည်းပါတယ်။ 

၁၉၇၇ ခုနှစ်ကနေ တပ်ကထွက်ပြီး ၁၉၈၈ ခုနှစ်ထိ စီးပွားရေးလုပ်တယ်။ စီးပွားရေးက  အောင်မြင်ခဲ့တယ်။ ၁၉၈၈ ခုနှစ် ပြည်သူလူထုအုံကြွတဲ့အခါ အဲဒီတုန်းက        မျိုးချစ်ရဲဘော်ဟောင်းများခေါ်တဲ့     အဖွဲ့ထဲကနေ အရေးတော်ပုံထဲ ပါခဲ့တယ်။ 

နောက် NLD ဖွဲ့တဲ့ အချိန်ကစပြီး ပါခဲ့တယ်။ အဲဒီကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ် တိုင်းမှာ ပါဝင်ခဲ့တယ်။ ဘာလို့လဲဆိုတော့  အဲဒီအချိန်တုန်းက နဝတခေတ်ဖြစ်တဲ့အတွက်  တပ်ပိုင်းဆိုင်ရာနဲ့ ဆက်ဆံဖို့အတွက် ကျွန်တော့်ကိုတာဝန်ပေးထားတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံကိုခေါင်းဆောင် နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်မယ်ဆိုတာ သူ့ရဲ့ အရည်အချင်းတွေကနေ တစ်ဆင့် ယုံကြည်လို့ ရာထူးမပါဘဲနဲ့ ရုံးဝန်ထမ်းအနေနဲ့ အစအဆုံးပါဝင်ဆောင်ရွက်ပေးခဲ့တယ်။ ၁၉၈၉ ခုနှစ် ဇူလိုင် ၂ဝ ရက်မှာ ထောင်ချခံရတယ်။ ငါးနှစ်ခွဲကြာခဲ့တယ်။ ၁၉၉၅ ခုနှစ်မှာ   ပြန်လွတ်တဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ပြန်ပြီးလုပ်ဆောင်ပေးတယ်။ 

၁၉၉၆ ခုနှစ် ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အချိန်မှာ NLD အားလုံး အဖမ်းခံရတဲ့အတွက် ထောင်ထဲပြန်ရောက် သွားတယ်။ ၁၉၉၆ ခုနှစ်ကနေ ၂ဝ၁ဝ ခုနှစ်အထိ ၁၄ နှစ်အတွင်း အင်းစိန်၊ မိတ္ထီလာ၊ မြင်းခြံ၊ မန္တလေးနဲ့ ကသာ ထောင်ငါးခု ပြောင်းရွှေ့ခံရတယ်။ ထူးခြားတာတစ်ခုက ၂ဝဝ၈ ခုနှစ် စက်တင်ဘာမှာ  ကသာထောင်ကနေ ကျွန်တော့်ကို လွှတ်ပြီဆိုပြီးတော့ အပြင်က တည်းခိုခန်းမှာ ထားတယ်။ နောက်နေ့မှာ  ဆွေးနွေးစရာရှိတယ်လို့ လာခေါ်သွားပြီး ထောင်ထဲ ပြန်ရောက်သွားခဲ့တယ်။ 

ကျွန်တော် ထူးခြားပြီး စိတ်ထိခိုက်မှု မဖြစ်ပေါ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ  အဲဒီလို လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်သိပြီးသားမို့ပါ။ ကျွန်တော့် မိသားစုက စိတ်ထိခိုက်ကြတာပေါ့။  လူတစ်ယောက်ကို ဒီနေ့ထောင်ကလွှတ်ပြီး နောက်နေ့ထောင်ထဲ ပြန်ထည့် တယ်ဆိုတာ အင်မတန်မဖြစ်သင့်တဲ့ကိစ္စပါ။ နိုင်ငံရေးအရ ကြည့်ရင် ဆိုးရွားပေမယ့် စိတ်ထိခိုက်မှုနည်းခဲ့တယ်။ 

သူတို့ ထောင်ချတာ ၁၄ နှစ် ဆိုပေမယ့် ၁၄ နှစ်ကျော် နေခဲ့ရပြီးတော့ ၂ဝ၁ဝ ခုနှစ်မှာ ထောင်ကလွတ်တယ်။ လွတ်တဲ့အခါမှာလည်း   ဒေါ်အောင်ဆန်းစုကြည်ဆီပဲ ပြန်ပြီးလုပ်တယ်။ သူတို့ကတော့  အမှတ်မရှိဘူး ပြောကြတယ်။ နိုင်ငံရေးသမားတွေ ထောင်ကျပြီး ပြန်လွတ်လာတဲ့ အခါ စီးပွားရေး၊ လူမှုရေး စသဖြင့် ဆုံးရှုံးမှုတွေ အများကြီး ရှိပါတယ်။  ကျွန်တော်ကိုယ်တိုင်မှာကို  ကျွန်တော့်ဆီ မောင်နှမသားချင်းတွေ မလာရဲကြဘူး။ လာရင်ပြုတ်မှာကိုး။  နိုင်ငံရေးသမားတွေ  ထောင်ကထွက်တဲ့အခါ  နိုင်ငံရေးယုံကြည်ချက်တွေ  ပြောင်းသွားတာ၊  စီးပွားပျက်သွားတာ၊ ရူးသွားတာ အများကြီးရှိပါတယ်။ 

ကျွန်တော်ကတော့ ကံအားလျော်စွာ ဘာသာရေးအမြင်၊    နိုင်ငံရေးအမြင်နဲ့    လူမှုရေးအမြင်တွေနဲ့      ယုံကြည်မှုကို ထိန်းသိမ်းနိုင်တဲ့အတွက်  ပြန်လွတ်တိုင်း ဒေါ်အောင်ဆန်းစုကြည်ဆီမှာပဲ ကူညီခဲ့တယ်။ ၂ဝ၁၂ ရွေးကောက်ပွဲဝင်တဲ့အထိ ကျွန်တော်တို့ NLD ဟာ အချိန်မရွေး ခြိမ်းခြောက်ခံရနိုင်တဲ့အနေအထား၊ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တွေ့တယ်။ လိုချင်တဲ့ အချက်တွေ  ပြင်ပေးတယ်။   ၂ဝ၁၂ ကြားဖြတ်ကနေ လွှတ်တော်ထဲဝင်တဲ့အခါ အစိုးရနဲ့ ပေါင်းသွားပြီဆိုပြီး အပြောခံရတာတွေရှိတယ်။ 

ကျွန်တော်ကတော့   ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောကိုသိတယ်။ သူ့ရဲ့  အနာဂတ်မြန်မာနိုင်ငံမှာ  ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို မမှိတ်မသုန်ဆောင်ရွက်တယ်ဆိုတာ သိတယ်။ ဒါကြောင့်သာ လွှတ်တော်မှာရော၊ အစိုးရအဖွဲ့မှာရော အများစုပါဝင်နိုင်တဲ့ အနေအထားနဲ့ တာဝန်ယူနိုင်ခဲ့ခြင်းဖြစ်တယ်။ 

ဒီလိုတာဝန်ယူတဲ့အခါ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးရရှိရေးနဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးအခြေ အနေမြင့်မားတိုးတက်ဖို့ ရည်မှန်းချက်ထား ဆောင်ရွက်သွားမယ်။

အခုလို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ 

No comments:

Post a Comment