
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတတာဝန် စတင်ထမ်းဆောင်သည့် နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက မတ် ၃ဝ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။
ဒီမိုကရေစီနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားသော မှတ်တိုင်တစ်ခုအဖြစ် မြန်မာနိုင်ငံသူ နိုင်ငံသားများအပေါ်ထားရှိသော ကတိကဝတ်ကို ဖော်ဆောင်မှုသက်သေဖြစ်သည့် တည်ငြိမ်အေးချမ်းစွာဖြင့် အာဏာလွှဲပြောင်းခြင်းကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကြိုဆိုခဲ့ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ၏ခေါင်းဆောင်အသစ်နှင့် အခြားအရေးပါသော တာဝန်ရှိသူများအနေဖြင့် စုစည်းပါဝင်မှုရှိသည့် ဒီမိုကရေစီလမ်းကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လူမှုစီးပွားတိုးတက်ရေးတို့ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဟု မျှော်လင့်ကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံပြည်သူအားလုံး၏ အကျိုးအတွက် ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ဖွံ့ဖြိုးရေးဆောင်ရွက်မှု၊ လူ့အခွင့်အရေးမြှင့်တင်မှုနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ဆက်လက်၍ကူညီသွားရန် အဆင်သင့်ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။
(ကြေးမုံ)
No comments:
Post a Comment