Wednesday, November 4, 2015

ယခုရက်ပိုင်းတွင် မြန်မာပြည်အထက်ပိုင်းသာယာမည်ဖြစ်သော်လည်း ရန်ကုန်၌ ထစ်ချုန်းမိုးရွာနိုင်ဟု ဒေါက်တာထွန်းလွင် ခန့်မှန်း




The Mirror Daily's photo.


တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဥမ္မာသန့်

မျက်မှောက်ကာလတွင် ကမ္ဘာကြီးပူနွေးမှုကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ သဘာဝဘေးအန္တရာယ်များကို ကမ္ဘာ့နိုင်ငံအများအပြား ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ကမ္ဘာ့ရွာကြီးထဲမှတစ်ရွာဖြစ်သော မြန်မာနိုင်ငံတွင်လည်း ယခုနောက်ပိုင်း ရေကြီးခြင်း၊ မြေပြိုခြင်း၊ မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မိုးခေါင်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

သို့ဖြင့် လက်ရှိ မိုးရာသီအကုန်၊ ဆောင်းရာသီသို့ အကူးအပြောင်းကာလတွင် ဖြစ်ပေါ်ကြုံတွေ့နိုင်မည့် သဘာဝ ဘေးများနှင့်စပ်လျဉ်း၍ ပြည်သူများသိရှိနိုင်ရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ လက်ရှိကာလ မိုးလေဝသရာသီဥတုအခြေအနေကို ရှင်းပြပေးပါရှင့်။

ဖြေ။ လက်ရှိကာလ နိုဝင်ဘာလဆိုတာ မိုးမကုန်သေးဘူး။ မိုးလွန်ကာလဆိုတာ အောက်တိုဘာ ၁ ရက်မှ နိုဝင် ဘာလကုန်အထိ နှစ်လကို မိုးလွန်ကာလခေါ်တယ်။ မိုးလွန်ကာလမှာ မုတ်သုံမိုးကတော့ မရှိတော့ဘူး။ ဒါပေမယ့် မုတ်သုံက ပြီးသွားပေမယ့် မပြီးသေးတဲ့ ဇာတ်လမ်းက မုန်တိုင်းတွေက ကျန်သေးတယ်။ ပြောချင် တာကတော့ မုန်တိုင်းတွေက စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလတို့မှာ ပိုဖြစ်တဲ့ သဘာဝရှိတယ်။ ပင်လယ်ရေ မျက်နှာပြင်အပူချိန်က အမြင့်ဆုံးကိုရောက်တော့ မုန်တိုင်း ဖြစ်တဲ့အကြိမ်တွေများတဲ့ကာလပါ။ ဒီတော့ သွားတိုက်ဆိုင် နေတယ်။ မုတ်သုံကအဆုတ်၊ မုန်တိုင်းက အတက်ပါ။
မေး။ မိုးလွန်ကာလမှာ ဘယ်လိုရာသီဥတုဖြစ်စဉ်မျိုး ဖြစ်တတ်ပါသလဲ။

ဖြေ။ မိုးလွန်ကာလမှာ မြန်မာပြည်မှာ မုတ်သုံမိုးမရှိတော့ သော်လည်း မိုးရွာနိုင်တဲ့ အကြောင်းတရားက လေးခု လောက်ရှိတယ်။ ပထမတစ်ခုက ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းဖြစ်သည်ဖြစ်စေ၊ လေဖိအားနည်းရပ်ဝန်း ဖြစ်သည် ဖြစ်စေ၊ အဲဒီကနေ ထိုးထွက်လာတဲ့ တိမ်စွယ် တန်းတွေက မြန်မာပြည်ပေါ်ကို ဖြတ်ရင် မိုးရွာမယ်။ လက်ရှိ အဲဒါဖြစ်နေတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ အရှေ့ဘက်မှာ တောင်တရုတ်ပင်လယ်ရှိတယ်။ တောင် တရုတ်ပင်လယ်ဘက်က တိုင်ဖုန်းမုန်တိုင်းတွေကလည်း ဒီကာလမျိုးမှာ အများဆုံးဖြစ်တယ်။

တိုင်ဖုန်းမုန်တိုင်းတွေက တောင်တရုတ်ပင်လယ်က နေပြီးတော့ ဗီယက်နမ်နိုင်ငံကို ဖြတ်တယ်။ အနောက်ဘက် ကလာပြီး မြန်မာပြည်ကိုဖြတ်ရင် မိုးရွာနိုင်တယ်။ မိုးနောက် ထပ်ရွာနိုင်တာတစ်ခုက မုတ်သုံက မြန်မာပြည်ကနေပြီး တောင်ဘက်ကို ထွက်သွားတဲ့အခါ အဲဒီမုတ်သုံလေရဲ့ ဟာသွားတဲ့နေရာကို ဟိမဝန္တာဘက်ကနေ အနောက် လေအေးစီးကြောင်းတွေက အစားထိုးဝင်လာတယ်။

ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံ မြောက်ဖျားကနေစပြီး မြန်မာနိုင်ငံအလယ်ပိုင်း တစ်ခါတလေ မြစ်ဝကျွန်းပေါ် လောက်ထိ လေအေးတွေနဲ့ ဖွဲ့စည်းပြီး အနောက်လေစီး ကြောင်းတွေ ဖြတ်ဖြတ်တိုက်တယ်။ အထူးသဖြင့် မြောက်ပိုင်းနဲ့ အလယ်ပိုင်းကတော့ ပိုသေချာတယ်။ အဲဒီလို ဖြတ်တိုက်တဲ့ အနောက်လေစီးကြောင်းတွေထဲမှာ မျောပါ လာတဲ့ လေဖိအားနည်းချိုင့်ဝှမ်းတို့၊ လေဖိအားနည်း ရပ်ဝန်းတို့ အဲဒါတွေက မိုးပေးတယ်။ စတုတ္ထမိုးပေးနိုင်တာကတော့ ဆုတ်ခွာတဲ့ မုတ်သုံလေတွေ နေရာကို မြန်မာပြည်ပေါ်မှာရှိတဲ့ လေထုရဲ့အပေါ်ထပ်အမြင့်မှာ လေစီးကြောင်းတွေ တိုက်တယ်။ အဲဒီလေတွေက အများအားဖြင့် အနောက်လေတွေပါ။ အနောက်လေတွေထဲမှာ အေးတဲ့ လေတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် လေဖိအားနည်း ရပ်ဝန်းတွေဖြစ်တတ်တယ်။ အဲဒီအခါကျရင် မိုးရွာတယ်။

အဲဒါကြောင့် မိုးရွာဖို့အကြောင်း လေးခုရှိတယ်။ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ရင် မိုးရွာမယ်၊ တောင်တရုတ် ပင်လယ်ဘက်က မုန်တိုင်းအကြွင်းအကျန် ဝင်လာရင် ရွာမယ်၊ အနောက်လေစီးကြောင်းတွေကြောင့် မိုးရွာမယ်၊ အထက်လေစီးကြောင်းမှာဖြစ်တဲ့ လေဖိအား နည်းရပ်ဝန်းကြောင့် မိုးရွာမယ်။ ဒီ လေးမျိုးရှိနိုင်တယ်။ တစ်ခုကွာတာက မုတ်သုံကာလတုန်းကလို မိုးက နေ့တိုင်း အချိန်မှန် နေရာကျယ်ကျယ်ပြန့်ပြန့်ရွာတဲ့ မိုးမျိုးတော့ မဟုတ်ဘူး။ အခုပြောတဲ့ ဖြစ်စဉ်တွေ ဖြစ်လာပြီဆိုရင် မိုးရွာမယ်။ မဖြစ်ရင် မရွာဘူး။ အဲဒီသဘောရှိတယ်။

မေး။ လက်ရှိ မုန်တိုင်းဖြစ်နိုင်၊ မဖြစ်နိုင်အခြေအနေ သိချင်ပါတယ်ရှင့်။

ဖြေ။ လောလောဆယ်မှာ ဘင်္ဂလားပင်လယ်အော်ထဲမှာရော၊ အိန္ဒိယရဲ့ အနောက်ဘက်မှာရှိတဲ့ အာရေးဗီးယားပင်လယ် မှာရော မုန်တိုင်းဖြစ်ဖို့ အလားအလာတွေ လွန်ခဲ့တဲ့ တစ်ပတ်က ပြိုင်တူပေါ်လာတယ်။ လေဖိအားနည်းရပ်ဝန်း နှစ်ခုပေါ်လာတယ်။ ပေါ်လာတဲ့အခါ ဘင်္ဂလားပင်လယ် အော်အနောက်တောင်ဘက်မှာဖြစ်တဲ့ လေဖိအားနည်း ရပ်ဝန်းကတော့ ပိုမိုအားကောင်းနိုင်ခြင်းမရှိဘူး။ အာရေး ဗီးယားပင်လယ်ထဲမှာဖြစ်တဲ့ လေဖိအားနည်းရပ်ဝန်းက နောက်တစ်ဆင့် မုန်တိုင်းငယ်၊ အဲဒီကနေ အပူပိုင်းမုန်တိုင်း၊ ဆိုင်ကလုန်း မုန်တိုင်း၊ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်နေပြီ။ ဒါ အိုမန်နိုင်ငံဘက်ကို သွားနေတယ်။

အဲဒီမှာဖြစ်နေတဲ့အရှိန်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ အားတော့မကောင်းဘူး။ မုန်တိုင်းမဖြစ်ဘူးဆိုပေမယ့် လေဖိအားနည်းရပ်ဝန်းဖြစ်တယ်။ လေဖိအားနည်း ရပ်ဝန်းက ဘယ်မှာရှိလဲဆိုတော့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းခြေ ကမ်းလွန်နားမှာရှိတယ်။ အဲဒီလေဖိအားနည်းရပ်ဝန်းရှိတဲ့ နေရာမှာအလွန်ကြီးမားတဲ့ တိမ်တိုက်ကြီးတွေဖြစ်နေတယ်။ အဲဒီတိမ်တိုက်ကြီးတွေကနေပြီးတော့ အရှေ့မြောက်ဘက် မြန်မာနိုင်ငံဘက်ကို တန်းထွက်လာရင် တိမ်စွယ်တန်းခေါ်တယ်။ တချို့ကလည်း ဒါလူတစ်ယောက် ရဲ့ဆံပင်အမောက်နဲ့တူတယ်။ အမောက်တိမ်လို့လည်း ခေါ်တယ်။

အင်္ဂလိပ်လို Plume Cloud ။ အမောက်တိမ်က မြန်မာပြည်ကိုဖြတ်နေတာ တစ်ပတ်လောက်ရှိပြီ။ စောစော ပိုင်းက ဘယ်ကိုဖြတ်လဲဆိုရင် မြန်မာနိုင်ငံ ခါးကနေ အလယ်ပိုင်းလောက်ကဖြတ်တော့ အနောက်ဘက်မှာ ရခိုင်မြောက်၊ ချင်းတောင်၊ စစ်ကိုင်းအောက်၊ မကွေး၊ မန္တလေး၊ ရှမ်း အဲဒီဧရိယာတွေ မိုးပေးနေတာ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အများဆုံးပဲ။ အဲဒီတိမ်က တဖြည်းဖြည်းနဲ့ အောက်ဘက်ကို ဆင်းလာတယ်။ ဘယ်နေရာ ရောက်နေလဲဆိုတော့ မြေလတ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်အစပ် ရောက်နေတယ်။

အဲဒီဘက်မှာ တိမ်တွေတက်တယ်။ မိုးရွာဖို့ရှိတယ်။ အဲဒီလိုတွေ့ရတယ်။ ခြုံပြောရရင် မြန်မာတစ်ပြည်လုံး လောလောဆယ်မှာ အထက်ပိုင်းတွေက တဖြည်းဖြည်း လင်းလာတယ်။ အဲဒီမြစ်ဝကျွန်းပေါ်မြေလတ်ပိုင်းကစပြီး တောင်ပိုင်းမှာ တဖြည်းဖြည်း တိမ်တွေတက်လာတယ်။ မိုးရွာဖို့ သဘောတရားတွေရှိလာတယ်။ အောက်မှာရှိတဲ့ ရခိုင်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးစတဲ့ အောက်မြန်မာပြည်မှာ တိမ်ဖုံးတာနဲ့ မိုးရွာဖို့ အလားအလားတွေ ဖြစ်နေတယ်။

မေး။ အထွေထွေရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလ ၈ ရက်နေ့ မိုးလေဝသအခြေအနေ ခန့်မှန်းချက်ကိုသိပါရစေ။

ဖြေ။ လာမယ့် ရွေးကောက်ပွဲနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ မိုးရွာသွန်းနိုင်တဲ့အနေအထားကို ကြည့်ရင် စောစောက ပြောတဲ့အတိုင်း အထက်ပိုင်းမြို့တွေ မြစ်ကြီးနား၊ ကသာ၊ ကလေးဝ၊ စစ်ကိုင်း၊ မုံရွာ၊ မန္တလေး၊မကွေး၊ ရခိုင်၊ ဟားခါး အထိ ရာသီဥတုသာယာမယ်လို့ လောလောဆယ် အဖြေထွက်တယ်။ ဒါပေမယ့် စစ်တွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်။ ရခိုင်မှာ မိုးထစ်ချုန်းရွာနိုင်မယ်။

အောက်ပိုင်းမြို့ဖြစ်တဲ့ ရန်ကုန်မှာ မိုးထစ်ချုန်း ရွာနိုင်မယ်။ ပဲခူးက တိမ်လောက်ပဲဖြစ်မယ်။ ရှမ်းပြည်မြောက်ပိုင်း သာယာမယ်။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးနဲ့ ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်း မယ်။ ကယားပြည်နယ် လွိုင်ကော်၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်းတို့မှာ မိုးထစ်ချုန်းရွာမယ်လို့ အဖြေထွက်ထားတယ်။ ဒီခန့်မှန်းချက်က ဒီ ၃ ရက်နေ့ ကို အခြေပြုပြီး ခန့်မှန်းထားတာဖြစ်ပါတယ်။ နောက်ပိုင်း တစ်ရက်ချင်း မိုးလေဝသထုတ်ပြန်ချက်ကတော့ နည်းနည်းပြောင်းလဲမှုရှိပါတယ်။ လောလောဆယ် အနေအထားကတော့ မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းသလို မိုးထစ်ချုန်းရွာမှာလည်း ဖြစ်နိုင် တယ်။ အပေါ်ပိုင်းတွေက သာယာမယ်လို့ ခန့်မှန်းထား ပါတယ်။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ။

No comments:

Post a Comment