
ရန်ကုန် နိုဝင်ဘာ ၃
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ အဆင်ပြေစွာ မဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒရှင် သက်သေခံကတ်ပြားများကို ထုတ်ပေးလျက်ရှိရာ မရမ်းကုန်း မြို့နယ် အမှတ်(၁)ရပ်ကွက်တွင် မဲဆန္ဒရှင် သက်သေခံကတ်ပြားထုတ် ယူသူများနှင့် ကြိုတင်ဆန္ဒမဲပေးသူများ အဆင်ပြေချောမွေ့လျက်ရှိကြောင်း အဆိုပါရပ်ကွက်ရှိ မဲဆန္ဒရှင် များထံမှ စုံစမ်းသိရှိရသည်။
''မဲစလစ်တွေ ထုတ်ပေးနေပြီ ဆိုတာကြားလို့ လာထုတ်တာပါ။ ကော်မရှင်ကတောင်းတဲ့ အချက် အလက်တွေကို ဖြေနိုင်ရုံနဲ့ မဲစလစ် ရခဲ့တယ်။ ဘာအခက်အခဲမှ မရှိဘူး။တော်တော် အဆင်ပြေပါတယ်''ဟု အဆိုပါရပ်ကွက်ရှိ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲတွင် မဲဆန္ဒရှင် သက်သေခံကတ်ပြား လာရောက်ထုတ်ယူသူ ကိုချိုကပြောသည်။
အဆိုပါရပ်ကွက်တွင် နိုဝင်ဘာ ၁ ရက်မှစတင်၍ ၇ ရက်နေ့အထိ မဲဆန္ဒရှင်သက်သေခံ ကတ်ပြားများကို နံနက် ၈ နာရီမှ ညနေ ၄ နာရီ အထိ ထုတ်ပေးသွားမည်ဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် ခိုင်လုံသော အထောက်အထားဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ လာရောက်၍ ကြိုတင်ဆန္ဒမဲ ပေးသူ မနွဲ့နွဲ့အေးက ''ကျွန်မက ဧည့်လမ်းညွှန်အလုပ်လုပ်တယ်။ မဲပေးရက် မတိုင်မီ ခရီးထွက်ရမှာဖြစ်လို့ ကြိုတင်မဲပေးတာပါ။ သွားမယ့် ခရီးစဉ်ရဲ့ လေယာဉ်လက်မှတ်နဲ့ ရုံးကထောက်ခံချက်ပြပြီး ကြိုတင်မဲပေးခဲ့တာပါ။လာရောက်စုံစမ်းတုန်းကလည်း ကြိုတင်မဲပေးဖို့ အချိန်အခက်အခဲရှိရင် ပြောပါလို့ ကော်မရှင်အဖွဲ့ကပြောခဲ့တယ်။ အခက်အခဲမရှိခဲ့ပါဘူး။ အဆင် ပြေပါတယ်။ ဒါပေမယ့် သူငယ်ချင်း တစ်ယောက်ကတော့ တခြားမြို့နယ် မှာ ကြိုတင်မဲပေးတာ အစိုးရဝန်ထမ်း မဟုတ်လို့ဆိုပြီး အဆင်မပြေဖြစ် နေတယ်''ဟု ပြောသည်။
ထို့အပြင် မဲဆန္ဒရှင် သက်သေခံ ကတ်ပြားထုတ်ပေးနေမှုနှင့်ပတ်သက်၍ အဆိုပါ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ မှ အဖွဲ့ဝင်တစ်ဦးက ''မဲစလစ်ထုတ် တဲ့အခါမှာ ကာယကံရှင် ကိုယ်တိုင် လာထုတ်ဖို့လိုတယ်။ သူကတစ်ဆင့် တာဝန်ခံပြီး မိသားစုဝင်တွေအတွက် ထုတ်ပေးချင်တယ်ဆိုရင် လိုအပ်တဲ့ အချက်အလက်တွေပြောနိုင်ရုံနဲ့ထုတ် ပေးနေပါတယ်။ အချက်အလက်တွေ မသိရင်တော့ သူတို့ရဲ့မှတ်ပုံတင်တွေ လိုတယ်။ ဒါကလည်း မှားယွင်းထုတ် ပေးမှုတွေ ဖြစ်မှာစိုးရိမ်လို့ပါ။ မဲစလစ် လာထုတ်ဖို့ ကျန်နေတဲ့သူတွေကို လည်း ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အနေနဲ့ လိုက်လံအသိပေးနှိုးဆော်မှု တွေလုပ်နေပါတယ်''ဟု ပြောသည်။
အဆိုပါရပ်ကွက်တွင် မဲရုံပေါင်း ၁၇ ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၂ဝ၉၄၅ ဦးရှိရာ နိုဝင်ဘာ ၂ ရက် အထိ ကြိုတင်ဆန္ဒမဲပေးသူ ကိုးဦးရှိခဲ့ သည်။ ထို့အတူ မဲဆန္ဒရှင် သက်သေခံကတ်ပြား ထုတ်ယူသူများလည်း တစ်ရက်ထက်တစ်ရက် ပိုမိုများပြား လာကြောင်းသိရသည်။
သတင်း-ဇော်ကြီး(ပဏီတ)
ဓာတ်ပုံ-မြင့်ဝေ
No comments:
Post a Comment