
ဆရာဟိန်းလတ်
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီက ၂ဝ၁၄ ခုနှစ်အတွင်း အမျိုးသားစာပေဆုရွေးချယ်ချီးမြှင့်ခြင်းခံရသည့် စာရေးဆရာကြီး၊ စာရေးဆရာမကြီးများအနက်မှ သုတပဒေသာ(ဝိဇ္ဇာဘာသာရပ်) စာပေဆုရ ''လယ်ယာမြေသက္ကရာဇ်တွေထဲက သမိုင်း''(သမိုင်းသုတေသနဦးစီးဌာန)စာအုပ်ရေးသားသည့် ဒေါက်တာတိုးလှ၊ ဘာသာပြန်(ရသ)စာပေဆုရ ''ကျွန်မ မာလာလာ''(အလင်္ကာဝတ်ရည်စာပေ)စာအုပ်ရေးသားသည့် ဆရာဟိန်းလတ်နှင့် ဝတ္ထုရှည်စာပေဆုရ ''မြောက်ဖျားက အလွမ်းရာသီ''(ကံ့ကော်ဝတ်ရည်စာပေ)ရေးသားသည့် ဆရာမ စံပယ်ဖြူနုတို့အား သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဒေါက်တာတိုးလ
ှ
ကျွန်တော် ''လယ်ယာမြေ သက္ကရာဇ်တွေထဲက သမိုင်း''စာအုပ်နဲ့ အမျိုးသားစာပေဆုရတာ အလွန်ဝမ်းသာ ပီတိဖြစ်မိပါတယ်။ ၂ဝ၁၄ ခုနှစ်က ''ကုန်းဘောင်ခေတ်လူမှု စီးပွားဘဝ'' စာအုပ်နဲ့ အမျိုးသား စာပေဆုရဖူးပါတယ်။ အဲဒီ ပထမအကြိမ်က ခုလောက်မခံစားရဘူး။ ဒီတစ်ခါတော့ ဝမ်းသာပီတိဖြစ်မှုက အလွန်ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာအုပ်ဖြစ်လာဖို့ကို အချက်အလက်တွေ အနှစ် ၄ဝ ကျော် လောက်စုဆောင်းခဲ့ရတာ။ သုတေ သနစာတမ်းတွေက ဘယ်လောက် အရေးပါလဲ၊ ဘယ်လောက်အထောက် အထားတွေဖြစ်လဲဆိုတာ စံနမူနာ တစ်ခုအနေနဲ့ ထားခဲ့ဖို့အတွက် ရည်ရွယ်ပြီး ရေးသားခဲ့တာပါ။ မြန်မာ့ ဘုရင်တွေ အစဉ်အဆက်လက်ထက် ကတည်းက ငွေကြေးသုံးစွဲပုံ၊ ကောက်ပဲသီးနှံ၊ အဝတ်အထည်၊ မြေယာ၊ ကျွဲ၊ နွားစတဲ့ ခေတ်ကအခြေအနေတွေ၊ ထိုခေတ်ထိုအခါ ပြည်တွင်း ပြည်ပမှ သင်္ဘောသားတွေ၊ သူကြီးတွေ ငွေကြေးသုံးစွဲတွက်ချက်ပုံ အသေးစိတ်ကို ဒီစာအုပ်မှာ ဖော်ပြနိုင်ခဲ့တယ်။ ကျွန်တော်နိုင်ငံခြားမှာ ဒေါက်တာဘွဲ့ ယူစဉ်က ရှေးခေတ်က ငွေချေးစာချုပ် စာတမ်း ၁၅ဝဝ လောက်ယူခဲ့တာ။ အခုစာအုပ်မှာကျတော့ ငွေချေး စာချုပ် ၅ဝဝဝ ကျော်လောက်စုဆောင်းပြီး ရေးဖြစ်ခဲ့တယ်။ ဒီစာအုပ်ရေးဖြစ်ဖို့ အကြမ်းအားဖြင့် ပြောရရင် ၁၉၆၆ ခုနှစ်ကတည်းက တစိုက်မတ်မတ် တစ်နိုင်ငံလုံးအနှံ့သွားလာပြီး စာချုပ် စာတမ်းတွေ မေးမြန်း၊ ကူးယူ၊ ဝယ်ယူစုဆောင်းပြီး ပြီးမြောက်အောင်ရေး နိုင်ခဲ့လို့ ဝမ်းသာနေချိန်မှာ ခုလို အမျိုးသားစာပေဆုရလို့ အတိုင်း မသိပါပဲ။
ဆရာဟိန်းလတ်
''ကျွန်တော် အမျိုးသားစာပေဆုရတာ ဒါနဲ့ဆို ဒုတိယအကြိမ်ပါ။ ပထမအကြိမ်ရတာတော့ ''တတိယ ကမ္ဘာမှ ပထမကမ္ဘာသို့'' စာအုပ်က ဘာသာပြန်(သုတ)နဲ့ ရတာပါ။ အခု ''ကျွန်မ မာလာလာ''စာအုပ်ကျတော့ ဘာသာပြန်(ရသ)နဲ့ရတာ။ ဒီစာအုပ် နဲ့ပဲ ၂ဝ၁၄ ခုနှစ် ကျောင်းသား ခေါင်းဆောင် ဘုန်းမော်ဆု ရခဲ့ပါ တယ်။ ဆုရတာနဲ့ ပတ်သက်လို့ ပြောရရင်တော့ ဘယ်စာရေးဆရာပဲဖြစ်ဖြစ် ဆုရဖို့ ရည်ရွယ်ပြီး ရေးကြတာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံရဲ့စာပေနှင့် ပတ်သက်ရင် အမြင့်ဆုံးစာပေဆုလို့ ပြောလို့ရတဲ့ အမျိုးသားစာပေဆုကိုတော့ ဝမ်းသာပီတိဖြစ်မိပါတယ်။
ကျွန်တော်တစ်ခုပြောချင်တာက ၁၉၇၂ ခုနှစ်က မြန်မာနိုင်ငံမှာ သန်း ၂ဝ လောက်သာရှိတဲ့အချိန်မှာ ဥပမာအားဖြင့် တက္ကသိုလ်ဘုန်းနိုင် အစရှိ တဲ့ စာရေးဆရာတွေရဲ့ စာအုပ်က နှစ်သောင်းကျော်လောက် ရောင်းရတယ်။ အခု မြန်မာနိုင်ငံမှာ သန်း ၅ဝ ကျော်ရှိပြီး စာအုပ်တစ်အုပ်ထုတ်ရင် ထောင်ကျော် ရောင်းရဖို့တောင် အနိုင်နိုင်ဖြစ်နေတယ်။ ဆိုချင်တာက ကမ္ဘာမှာ စာဖတ်တဲ့နိုင်ငံတွေက ထိပ်ဆုံးမှာ အမြဲရောက်နေတယ်။ စာမဖတ်တဲ့နိုင်ငံတွေ နောက်ကောက် ကျကျန်ခဲ့တယ်။ စာများများ ဖတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဖေ့စ်ဘွတ်ခ်၊ အင်တာနက်တွေအတွက် အချိန်ကုန်နေမယ့်အစား စာဖတ်ချိန်နဲ့ အစားထိုးကြပါလို့ပြောချင်ပါတယ်။ ကျွန်တော်က ရသ၊ သုတစာပေတွေ မပြတ်ရေးနေပါတယ်။ ''စင်ကာပူ နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်'' စာအုပ်လည်း မကြာမီထွက်ပါလိမ့် မယ်။ သယံဇာတဘာမှမရှိတဲ့ နိုင်ငံက ချမ်းသာလာတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့နိုင်ငံ အတုယူစရာလေး တွေကို ကိုယ်တွေ့အတွေ့အကြုံနှင့် စာအုပ်တွေပေါင်းပြီး ရေးထားပါတယ်။ ကျွန်တော်နောက်ဆုံးပြောချင်တာကတော့ အရင်က အမျိုးသားစာပေဆုကို ပြန်ကြားရေးဝန်ကြီးဌာနက ကိုင်ခဲ့တာ အခု နှစ်နှစ်လောက်ရှိပြီထင်တယ်။ စာပေပညာရှင်ကြီးတွေ ရွေးတယ်။ ဒါကြောင့် ဒီဆုတွေက ဘက်လိုက်မှု ကင်ပြီး မှန်မှန်ကန်ကန်ရွေးချယ်နိုင် တယ်လို့ ယူဆပါတယ်။
ဆရာမ စံပယ်ဖြူနု
''ကျွန်မစာပေဆုရမယ်လို့တောင် မမျှော်မှန်းထားပါဘူး။ ဒီစာအုပ်က ကျွန်မရဲ့ ပထမဆုံးဝတ္ထုစာအုပ်ပါ။ စာရေးတော့ ဇာတ်အိမ်၊ ဇာတ်ကောင် တွေအဆင်သင့် တွေးထားတာ မရှိသေးဘူး။ ဒီစာအုပ်ကို ဇာတိမြေဖြစ်တဲ့ ကချင်ပြည်နယ်ကို နောက်ခံထားရေး မယ်ဆိုပြီး ကချင်ပြည်နယ်ကို သွားတယ်။ ဟိုရောက်တော့ ဒုက္ခသည် စခန်းတွေလေ့လာတယ်။ သူတို့ရဲ့ ဘဝတွေလေ့လာပြီး ဝတ္ထုရဲ့အပိုင်း တစ်နှင့် အပိုင်းနှစ်ကို ဇာတိမြေမှာ ရေးဖြစ်ပြီး အပိုင်းသုံးကိုတော့ ရန်ကုန်မှာ ရေးဖြစ်ပါတယ်။ ဒီစာအုပ်ရေးတဲ့ အချိန်မှာ စိုးရိမ်စိတ်တော့ဖြစ်မိတယ်။ ထုတ်ပေးမယ့်သူရှိပါ့မလား။ ဖတ်တဲ့ သူကော ရှိပါ့မလားပေါ့။ စာအုပ်ထုတ် ပြီးတော့ စာဖတ်သူတွေရဲ့အသံ ပြန်ကြားရတော့ ဒီလောက်ဆိုရင် ကျေနပ်ပါတယ်ဆိုပြီး ပီတိဖြစ်ခဲ့တာ။ အခုလို ဆုရတယ်လို့ကြားတော့ မယုံနိုင်ဖြစ်ခဲ့တယ်။ ကိုယ်တိုင်သတင်းစာ မှာတွေ့မှ ယုံခဲ့တာ။ အခုဆုရတဲ့ စာအုပ်နဲ့ဆို စုစုပေါင်းဝတ္ထုသုံးအုပ် ထုတ်ထားပါတယ်။
''မြောက်ဖျားက အလွမ်းရာသီ''၊ ''ခေတ်ရယ် အချစ်ရယ်''၊ ''ရှေးရှေး တုန်းက ကံ့ကော်ပွင့်တွေရယ်ပါ''။ စာစရေးဖြစ်တာက ၂ဝဝ၆ ခုနှစ်ကပါ။ အဲဒီတုန်းက ဝတ္ထုတိုပဲရေးဖြစ်တာပါ။ ၂ဝ၁၃ ခုနှစ်ကစပြီး ဝတ္ထုရှည်စရေး ဖြစ်တာပါ'' ဟု ပြောကြားခဲ့သည်။
သတင်း-ကိုသက်(ဗိုလ်တထောင်)
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)
No comments:
Post a Comment