Tuesday, November 3, 2015

လက်ရွေးစင်နှင့်ယူ-၂၁ အသင်းတို့ ခြေစမ်းမည်



The Mirror Daily's photo.


ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၁ အသင်းတို့ပြိုင်ပွဲအကြိုခြေစမ်းမည် ဖြစ်သည်။ အဆိုပါခြေစမ်းပွဲကို နိုဝင်ဘာ ၃ရက် ညနေ ၆နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး နည်းပြချုပ်သစ် ဂတ်ဖရိုင်းဒရစ်၏ ပွဲဦးထွက်ပွဲလည်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် နိုဝင်ဘာ ၂ ရက် မှစတင်ကာ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာ့လက်ရွေးစင်အသင်းကို ကစားသမာ ၂၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ကစားသမားအချို့မှာ ၎င်းတို့၏ နေရပ်၌ ကြိုတင်မဲများပေးနေသောကြောင့် ပထမဆုံးနေ့တွင် လူစုံလေ့ကျင့်နိုင်ခြင်းမရှိ သေးပေ။ မြန်မာ့လက်ရွေးစင်အသင်းမှာ နည်းပြအပြောင်းအလဲပြုလုပ်ထားပြီး မြန်မာအသင်းအား ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးထားသည့် နည်းပြ ဂတ်ဖရိုင်းဒရစ်က ကိုင်တွယ်လျက်ရှိသည်။ မြန်မာအသင်းသည် နိုဝင်ဘာ ၇ ရက်တွင် ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် ခြေစမ်းမည်ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်တွင် ထွက်ခွာမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နိုဝင်ဘာ ၁၂ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်ပြီး ကူဝိတ်နှင့်ပွဲမှာ ကစားရန် မသေချာသေးပေ။

မြန်မာယူ-၂၁ အသင်းကို ပဏာမကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် အဲရစ်ဝီလျံက ကိုင်တွယ်လျက်ရှိသည်။ မြန်မာယူ-၂၁ အသင်း အတွက် ယခုပွဲမှာ ဒုတိယမြောက်ခြေစမ်းပွဲဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်က ရန်ကုန်အသင်းနှင့် ခြေစမ်းကစားခဲ့ရာ နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည့် မြန်မာ ယူ-၂၁ အသင်းမှာ ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။
[သတင်း၊ ဓာတ်ပုံ - ရှိုင်းထက်ဇော်]

No comments:

Post a Comment