
ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါစကီးက ဘိုင်ယန်မှာ ပိုမို ကောင်းမွန်သောအသင်းအဖြစ် သက်သေထူရန်အတွက် အာဆင်နယ်အား အနိုင်ကစားမည်ဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။
အဆိုပါ ပိုလန်တိုက်စစ်မှူး၏ မြင့်မားသော ဂိုးသွင်းစွမ်းရည် ကြောင့် ပရိသတ်များက ၄င်းအား မက်ဆီ၊ စီရိုနယ်လ်ဒိုတို့နှင့်ပင် အဆင့်တူသော ကစားသမားအဖြစ်သတ်မှတ်ထားကြသည်။ လီဝမ် ဒေါစကီးသည် နောက်ဆုံးကစားခဲ့သည့် ၁၅ ပွဲတွင် သွင်းဂိုး ၂၂ ဂိုး သွင်းယူနိုင်ခဲ့သည်အထိ ခြေစွမ်းထက်မြက်နေသူဖြစ်သည်။
ဘိုင်ယန်ကွင်းလယ်ကစားသမား ဗီဒယ်လ်က အာဆင်နယ်မှာ အသင်းကောင်းတစ်သင်းဖြစ်သော်လည်း ဘိုင်ယန်၏ အိမ်ကွင်း ဖြစ်သော အလိုင်းယန့်ဇ်အရီနာကွင်းတွင် ယခင်ပွဲရလဒ်အတိုင်း ရရှိရန် မျှော်လင့်ချက်လုံးဝရှိမည်မဟုတ်ဟု ပွဲကြိုသတိပေးစကား ပြောကြားခဲ့သည်။
''ပြီးခဲ့တဲ့နှစ်ပွဲမှာ ကျွန်တော့်အနေနဲ့ ဘိုင်ယန်အတွက် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ဒါကြောင့် အခုဂိုးပေါက်ပြန်တွေ့နိုင်ဖို့ ကျွန်တော် ပေါက်ကွဲပြချင်နေပါတယ်။ကျွန်တော်တို့က အခုထိအမှတ်လိုအပ် ချက်မြင့်မားနေဆဲ ဖြစ်တဲ့အပြင် ဘိုင်ယန်ဟာ ပိုကောင်းတဲ့ အသင်း ဆိုတာ သက်သေပြချင်တာကြောင့် အာဆင်နယ်ကို အနိုင်ကစား ပြချင်ပါတယ်။ ကျွန်တော်တို့ အာဆင်နယ်ကို သေချာပေါက်အနိုင်ကစားနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ဘက်မှာ အခွင့်အရေးတွေ အပြည့်ရှိနေပါတယ်'' ဟု လီဝမ်ဒေါစကီးက ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ သည်။
အာဆင်နယ်သည် ယခင်ချန်ပီယံလိဂ် ပွဲစဉ်နှစ်ပွဲတွင် ဒိုင်နမိုဇာဂရက်နှင့် အိုလံပီယာကော့စ်တို့အားရှုံးနိမ့်ခဲ့သော်လည်း ဘိုင်ယန်အား နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ကစားကာ ချန်ပီယံလိဂ် မျှော်လင့်ချက်ကို ဆက်လက်အသက်သွင်းနိုင်ခဲ့သည်။ သို့သော် ယခုထိ အုပ်စုအဆင့်တွင် အောက်ဆုံး၌ ဆက်လက်ရပ်တည်နေဆဲ ဖြစ်သောကြောင့် အမှတ်လိုအပ်ချက် မြင့်မားနေဆဲပင်ဖြစ်သည်။
[မေလဲ့သင်း ]
No comments:
Post a Comment