Wednesday, November 4, 2015

မြေနီကုန်းကျေးရွာတွင် နာရီပိုင်းအတွင်းယာဉ်တိုက်မှု နှစ်ခုဖြစ်ပွား သံဃာတစ်ပါးနှင့် လူတစ်ဦး သေဆုံး



သထုံ နိုဝင်ဘာ ၃
မွန်ပြည်နယ် သထုံမြို့နယ် မြေနီကုန်းကျေးရွာတွင် နိုဝင်ဘာ ၂ ရက်က နာရီပိုင်းအတွင်း မနီးမဝေး နေရာနှစ်ခု၌ ယာဉ်တိုက်မှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်တိုက်မှု ကြောင့် သက်တော် (၈၆)နှစ်ရှိ သံဃာ တစ်ပါးနှင့် အသက်(၅ဝ)ခန့်ရှိ လူ တစ်ဦးတို့ သေဆုံးခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါနေ့ ည ၉ နာရီခန့်က သထုံဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ကိုသန့်ဇင်ဖြိုးဝေ မောင်းနှင်လာသည့်ISUZU ခြောက် ဘီး Mini Bus ယာဉ်သည် မြေနီကုန်း ကျေးရွာ ရန်ကုန်-သထုံ အဝေးပြေး လမ်း၊ မိုင်တိုင်အမှတ် (၁၄၇/၃)နှင့် (၁၄၇/၄)အကြားတွင် လမ်းဖြတ်ကူး နေသည့် ဘင်လှိုင်ရပ်ကွက် ဦးဖြူ လမ်းနေ ဦးငွေထွန်းအား အရှိန် မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာ နေရာတွင် သေဆုံးခဲ့သည်။
ထပ်မံ၍ ယင်းနေ့ ည ၁၂ နာရီခန့် တွင် ၄င်းနေရာအနီး မိုင်တိုင်အမှတ် (၁၄၇/၁)နှင့် (၁၄၇/၂)အကြား၌ သထုံမြို့ နေမိန္ဒရကျောင်းသစ်မှ သက်တော်(၈၆)နှစ်ရှိ ရဟန်းတော် တစ်ပါးဖြစ်သူ အရှင်ဝဏ္ဏသိဒ္ဓိအား လမ်းဖြတ်ကူးနေစဉ် ယာဉ်တစ်စီးက တိုက်မိပြီး နေရာတွင် သေဆုံးခဲ့သည်။ 
ဝင်ရောက်တိုက်မိသည့် ယာဉ် မောင်းမှာ ယာဉ်နှင့်အတူ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုများတွင် သထုံမြို့မရဲစခန်းမှ ISUZU ခြောက် ဘီး Mini Bus ယာဉ်မောင်း ကိုသန့်ဇင် ဖြိုးဝေအား အမှုဖွင့်အရေးယူထား ပြီး ထွက်ပြေးတိမ်းရှောင်နေသော ယာဉ်နှင့်ယာဉ်မောင်းအား အရေးယူ နိုင်ရန်အတွက် လိုက်လံစုံစမ်းလျက်ရှိ ကြောင်း သိရသည်။
သက်ဦး(သထုံ)

No comments:

Post a Comment