Wednesday, November 4, 2015

မော်ရင်ဟိုအား ချယ်လ်ဆီးအသင်းနည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့ပါက အန်ဆယ်လော့တီနှင့် မာကီလီလီ ချယ်လ်ဆီးနည်းပြ ဖြစ်လာဖွယ်ရှိ




ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုသည် ပြီးခဲ့သည့်လအတွင်းက ဝက်စ်ဟမ်း အသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်အား ဘဝင်မကျစွာပြုမူပြောဆိုခဲ့မှုများကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)၏ အသင်းနည်းပြအဖြစ်မှ ကိုင်တွယ်ခွင့်တစ်ပွဲပိတ်ပင်ခံခဲ့ရပြီး ပေါင် ၄ဝဝဝဝ ဒဏ်တပ် ခံခဲ့ရ ကြောင်းသိရသည်။ကိုင်တွယ်ခွင့်တစ်ပွဲပိတ်ပင်ခံခဲ့ရခြင်းကြောင့် စတုတ်စီးတီးအသင်းနှင့် ပွဲစဉ်တွင် မော်ရင်ဟို အနေဖြင့် ချယ်လ်ဆီးအသင်းအား ကိုင်တွယ်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။
ထို့ပြင် ပေါ်တူဂီနိုင်ငံသားနည်းပြကြီး မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းအား ယခု နှစ်ကိုင်တွယ်ခဲ့ရာတွင် ပရီမီယာလိဂ် ၁၁ ပွဲ၌ ခြောက်ပွဲအထိ ရှုံးပွဲကြုံခဲ့ပြီး ဖိအားတစ်ရပ်နှင့် ရင်ဆိုင်နေရသူဖြစ်သည်။ ထို့ကြောင့် ချယ်လ်ဆီးနည်းပြမော်ရင်ဟိုသည် ချယ်လ်ဆီး အသင်း၏ ထုတ်ပယ်ခြင်းခံရနိုင်သည်ဟူသည့် သုံးသပ်ချက်များထွက်လာခဲ့ပြီး မော်ရင်ဟို အား ထုတ်ပယ်ခဲ့ပါက အန်ဆယ်လော့တီနှင့် မာကီလီလီတို့အနက် တစ်ဦးမှာ ချယ်လ်ဆီး အသင်းနည်းပြ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
အန်ဆယ်လော့တီနှင့် မာကီလီလီတို့သည် ၂ဝ၁၃ ခုနှစ်က တစ်ဦးနှင့်တစ်ဦး မကွဲကွာမီ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်း၌ အတူတာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သည်။ အဆိုပါနည်းပြနှစ်ဦးသည် ချယ်လ်ဆီးအသင်းက နည်းပြမော်ရင်ဟိုအား ထုတ်ပယ်ခဲ့ပါက ချယ်လ်ဆီးအသင်းနည်းပြရာထူးတာဝန်ကို ထမ်းဆောင်ရန် အသင့်ရှိ နေကြပြီး ထောက်ခံသူများအကြားတွင်လည်း ရေပန်းစားနေသူများဖြစ်သည်။ ထို့ပြင် လက်ရှိတွင်လည်း အန်ဆယ်လော့တီရော မာကီလီလီပါ အသင်းလက်မဲ့ဖြစ်နေသူများ ဖြစ်သည်။
အန်ဆယ်လော့တီသည် ပြီးခဲ့သည့်နွေရာသီကာလအတွင်းက ရီးယဲလ်မက်ဒရစ် အသင်းနှင့် လမ်းခွဲခဲ့သူဖြစ်ပြီး မာကီလီလီသည်လည်း ပီအက်စ်ဂျီအသင်းနည်းပြအဖြစ်မှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။ အန်ဆယ်လော့တီသည် ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ ချယ်လ်ဆီးအသင်းအား ကိုင်တွယ်ခဲ့ရာတွင် ပရီမီယာလိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် ကွန်မြူနတီဒိုင်းတို့ကို ရယူဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်သည်။
(ငွေကြယ်)

No comments:

Post a Comment