Wednesday, November 4, 2015

မြန်မာရေလုပ်သား ၅ ဦး အမိမြန်မာနိုင်ငံသို့ ထပ်မံပြန်လည်ရောက်ရှိ



The Mirror Daily's photo.


ရန်ကုန် နိုဝင်ဘာ ၃

အိန္ဒိယသမ္မတနိုင်ငံ ပို့ဘလဲယားမြို့ Open Distress Camps ၌ ထိန်းသိမ်းထားသည့် မြန်မာရေလုပ် သားများအား နိုင်ငံတော်အစိုးရက လေယာဉ်စရိတ်များ ကုန်ကျခံကာ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း စင်းလုံးငှားလေယာဉ်ဖြင့် ခေါ်ယူပေးလျက်ရှိရာ ယနေ့တွင် ကျန်ရှိနေသော မြန်မာရေလုပ်သား ၈၅ ဦးကို ဒုတိယအသုတ်အဖြစ် ပြန်လည်ခေါ်ယူသည်။
ထို့နောက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲ ဦးဆောင်သောအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံ ပို့ဘလဲယားမြို့သို့ လေကြောင်းခရီးဖြင့် သွားရောက်ပြီး လေဆိပ်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ နယူးဒေလီသံရုံး စီးပွားရေးသံမှူး ဦးဇော်ညွန့်နှင့် ကိုးလ်ကတ္တားမြို့ ကောင်စစ်ဝန်ချုပ်ရုံး သံရုံးအုပ် ဦးတင်ထွန်းအောင်တို့ထံမှ မြန်မာ ရေလုပ်သား ၈၅ ဦးအား စာရင်း အချက်အလက်များနှင့်အတူ လွှဲပြောင်း လက်ခံရယူသည်။

ယင်းနောက် ပို့ဘလဲယားမြို့ လေဆိပ်မှ ပြန်လည်ထွက်ခွာလာရာ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက် ရှိကြသည်။

ယနေ့ ထပ်မံရောက်ရှိလာသည့် ရေလုပ်သားများအား ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၊ မြန်မာနိုင်ငံပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ တာဝန်ရှိသူများ၊ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) မှ တာဝန် ရှိသူများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုအားပေး စကားပြောကြားကြသည်။

ထို့နောက် တာဝန်ရှိသူများက ရေလုပ်သားများအား ထောက်ပံ့ငွေ၊ အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းများ၊ ခရီးစရိတ်များ၊ ငွေကျပ် ၁ဝဝဝ ဖြည့်ပြီး ဏြွှ ဖုန်းကတ်များ ထောက်ပံ့ပေးအပ်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် နေရပ်ဒေသ အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေးကြသည်။

ယနေ့ ပြန်လည်ရောက်ရှိလာသည့် ရေလုပ်သား ၈၅ ဦးတွင် ဧရာဝတီ တိုင်းဒေသကြီးမှ ၇၇ ဦး၊ ရခိုင် ပြည်နယ်မှ ရှစ်ဦးတို့ပါဝင်ပြီး အဆိုပါ ရေလုပ်သားများသည် အိန္ဒိယရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ပြီး ငါးဖမ်းကြရာမှ အိန္ဒိယ အစိုးရ၏ ဥပဒေအရ အပြစ်ဒဏ်များ ကျခံပြီး မြန်မာနိုင်ငံသားများဖြစ်ကြောင်း အတည်ပြုချက်ရရှိပြီးသူများဖြစ်သည်။

နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် မြန်မာရေလုပ်သားများအား အိန္ဒိယနိုင်ငံမှ ပြန်လည်ခေါ်ယူခဲ့ရာ စုစုပေါင်း ၂၄၃ ဦးရှိပြီဖြစ်သည်။
(သတင်းနှင့် ဓာတ်ပုံ-ဇော်မင်းလတ်)

No comments:

Post a Comment