
နေပြည်တော် နိုဝင်ဘာ ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ စစ်တွေမြို့သို့ ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် စစ်တွေတပ်နယ်ရှိ ဗန္ဓုလခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာ စကားပြောကြားသည်။
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်လင်းဒွေး၊ တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သည် စစ်ရေးစွမ်းရည် အမြဲတမ်းထက်မြက်နေရန်လိုအပ်ကြောင်း၊ တစ်ဦးချင်း စွမ်းရည်ရှိရန် လိုအပ်သလို တပ်ဖွဲ့အလိုက်၊ တပ်အလိုက်လည်း စွမ်းရည်ရှိရန် လိုအပ်ကြောင်း၊ တပ်တွင်းတပ်ပြင် စည်းရုံးရေးဆောင်ရွက်ရာတွင် လက်တွေ့ပါသော စည်းရုံးရေးနှင့် လက်တွေ့မပါသော စည်းရုံးရေးဟူ၍ နှစ်မျိုးရှိကြောင်း၊ လက်တွေ့ပါသောစည်းရုံးရေးဆိုသည်မှာ မြင်သာသော ပြည်သူ့အကျိုးစီးပွား ဖော်ဆောင်ကာကွယ်ပေးမှုများဖြစ်ကြောင်း၊ လက်တွေ့မပါသော စည်းရုံးရေး ဆိုသည်မှာ စစ်သည်တော်ကောင်းတစ်ဦးပီသစွာ နေထိုင်ပြီး ကျင့်ဝတ်(၆ဝ) ပါ ပြည်သူလူထုအပေါ် ပြုကျင့်ရမည့်ကျင့်ဝတ် (၁ဝ)ပါးကို လိုက်နာစောင့် ထိန်းခြင်းပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်များက ခေါင်းဆောင်ပီသစွာ တပ်ကို ကြပ်မတ်ကွပ်ကဲရန်လိုသလို ပေးအပ်ထားသော တာဝန်များကိုလည်း ကျေပွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံရေးနှင့်ပတ်သက်ပြီး မကြာမီ ကိုယ်တိုင်ရွေးချယ်ပေးကြရတော့ မည်ဖြစ်၍ ရွေးချယ်မှုမှန်ကန်ရန်လိုအပ်ကြောင်း၊ တိုင်းပြည်ကို ခေါင်းဆောင်နေသူသည် နိုင်ငံနှင့်ဒေသကို ဖွံ့ဖြိုးအောင်လုပ်မည့်သူ၊ ဒို့တာဝန်အရေးသုံးပါး ကို ကာကွယ်စောင့်ရှောက်မည့်သူ၊ တပ်မတော်အပေါ်နားလည်မှု ရှိသူ၊ အမြင် လေးမြင်ရှိသူ၊ အမျိုးဘာသာသာသနာနှင့်ပတ်သက်ပြီး မှန်မှန်ကန်ကန်နှင့် စနစ်တကျထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ နိုင်ငံခြားသား၊ နိုင်ငံခြား တိုင်းပြည်အဖွဲ့အစည်းတစ်ခုခုဖြင့် တစ်နည်းနည်းဖြင့် ဆက်သွယ်မှုမရှိသူ၊ လွှမ်းမိုးမှု မရှိသူဖြစ်ရန်လိုကြောင်း၊ တိုင်းရင်းသားများဝန်းရံထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စုအပြိုကွဲ မခံနိုင်ကြောင်း၊ ကြိုတင်မဲပေးခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို ပေါ့ပေါ့တန်တန်မလုပ်ဘဲ ၎င်းအပေါ်မှာ အခြေခံပြီး တပ်များ၏စွမ်းရည်ကို မြင့်မားအောင်လုပ်ရန် လိုအပ်ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အပေါ် ဆက်လက်အကောင်အထည်ဖော်ပြီး ထာဝရငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်ပြီး စိတ်ရှည်သည်းခံစွာ ဆောင်ရွက်လျက်ရှိပြီး ကျန်အဖွဲ့များနှင့် လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်နယ်မိသားစုများအတွက် သုတရသစာစောင်များ ပေးအပ်ရာ ဒေသကွပ်ကဲရေးမှူးက လက်ခံရယူသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက အားကစားပစ္စည်းများ ပေးအပ်ရာ တပ်နယ်မှူးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
(မြဝတီ)
No comments:
Post a Comment