Tuesday, November 3, 2015

BTV CUP ပြိုင်ပွဲကို ရတနာပုံအသင်း ၀င်ရောက်ယှဉ်ပြိုင်မည်





သတင်း၊ ဓာတ်ပုံ-ချစ်ကိုကို
ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် BTV cup ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရတနာပုံအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို နိုဝင်ဘာ ၆ရက်တွင် ဟိုချီမင်းမြို့၌ စတင် ကျင်းပမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို မြန်မာကလပ် ရတနာပုံအသင်း အပါအဝင် ဗီယက်နမ်ကလပ် လေးသင်း၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ဘရာဇီးတို့မှ တစ်သင်းစီ စုစုပေါင်း ရှစ်သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် ရတနာပုံအသင်းမှာ ဘင်ဒေါင်း (ဗီယက်နမ်)၊ ဆန်နာခမ်ဟွာBVN (ဗီယက်နမ်)၊ တောင်ကိုရီးယား တက္ကသိုလ်လက်ရွေးစင် အသင်းတို့နှင့် အတူကျရောက်နေ သည်။ အုပ်စု(ခ)တွင်Quang Ninh Coal (ဗီယက်နမ်)အသင်း၊ Dong Tam Long An (ဗီယက်နမ်) အသင်း၊ ဘန်ဂုအတ်သလက်တီကို (ဘရာဇီးလ်)အသင်းနှင့် ဂျပန်တက္ကသိုလ် လက်ရွေးစင်အသင်းတို့ပါဝင်သည်။
ရတနာပုံအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် နိုဝင်ဘာ ၆ ရက်တွင် ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းနှင့် စတင် ကစားရမှာဖြစ်ပြီး နိုဝင်ဘာ ၈ ရက်တွင် တောင်ကိုရီးယားတက္ကသိုလ်အသင်း၊ နိုဝင်ဘာ ၁ဝ ရက်တွင် ဆန်နာခမ်ဟွာ BVN အသင်းတို့နှင့် ကစားရမည် ဖြစ်သည်။ အုပ်စုပွဲစဉ်များကို နိုဝင်ဘာ ၆ ရက်မှ ၁၁ ရက်အထိ ကျင်းပမည် ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးနှစ်သင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ဆီမီးပွဲစဉ်များကို နိုဝင်ဘာ ၁၃ ရက်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို နိုဝင်ဘာ ၁၅ ရက်တို့တွင် ကျင်းပမည် ဖြစ်သည်။
BTV Cup ပြိုင်ပွဲယှဉ်ပြိုင်မည့် ရတနာပုံအသင်းကို နည်းပြချုပ်အဖြစ် ရီနေးက ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းသို့ ပေးထားရသည့် ကစားသမားငါးဦး ပါဝင်နိုင်မည်မဟုတ်ဘဲ လူငယ်ကစား သမားများကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ရတနာပုံအသင်း သည် ၂ဝ၁၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက် ဘောလုံးပြိုင်ပွဲတို့တွင် ချန်ပီယံဆုများနှင့် လွဲချော်ခဲ့သော်လည်း ဒုတိယနေရာရရှိခဲ့သည့် အသင်းလည်းဖြစ်သည်။

No comments:

Post a Comment