Tuesday, November 3, 2015

ဘိုင်ယန်အား အာဆင်နယ်ခံစစ်ဖြင့် ကစားမည်မဟုတ်ဟု ဂါဘရီရယ်ကတိပြု



အာဆင်နယ်နောက်ခံကစားသမား ဂါဘရီရယ်က လာမည့် ပွဲစဉ်တွင် အာဆင်နယ်မှာ ဘိုင်ယန်အား အဝေးကွင်းတွင်သွားရောက်ရင်ဆိုင်ရမည်ဖြစ်သော်လည်း ရလဒ်ကောင်းမွန်ရန် လိုအပ်နေဆဲဖြစ်သဖြင့် ပွဲချိန်ပြည့်ခံစစ်ဖြင့် ကစားမည်မဟုတ်ကြောင်း ပရိသတ်များအား ပွဲကြိုသတင်းပေးခဲ့သည်။ အာဆင်နယ်သည် ဘိုင်ယန်အား အိမ်ကွင်းတွင် ရင်ဆိုင်ခဲ့ရစဉ်က တိုက်စစ်ဖွင့်ကစားကာ နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောကြောင့် ချန်ပီယံလိဂ်အုပ်စုတက်ရေး မျှော်လင့်ချက်ကို ဆက်လက်ရှင်သန်ခိုင်မာအောင်ပုံဖော်နိုင်ခဲ့သည်။
ထို့ကြောင့် အားကစားသုံးသပ်သူများက အာဆင်နယ်အနေဖြင့် ဘိုင်ယန်အား ခံစစ် ဦးစားပေးကစားဟန်ဖြင့် ရမှတ်တစ်မှတ်သာရရှိအောင် ကြိုးပမ်းလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်း ပြောကြားခဲ့ရာ ဂါဘရီရယ်က အာဆင်နယ်မှာ ရမှတ်လိုအပ်ချက်မြင့်မားနေဆဲ အနေအထား ကြောင့် ခံစစ်ချည်းသက်သက်ဖြင့်ရင်မဆိုင်ဘဲ ကလပ်အသင်း၏ ကစားဟန်အတိုင်း တိုက်စစ် ဖွင့်ကာ ဆက်လက်ကစားဦးမည်ဖြစ်ကြောင်းဆိုခဲ့သည်။
'' ကျွန်တော်တို့အသင်း အဝေးကွင်းမှာ ကစားရင် အသင်းရဲ့ ကစားဟန်အနေအထားတွေ ပြောင်းလဲတတ်တာ ရှိပါတယ်။ ဒါပေမယ့် ဒါက ပွဲချိန်ပြည့် ခံစစ်ချည်းသက်သက်နဲ့ကစားမယ် လို့တော့ ဆိုလိုတာမဟုတ်ပါဘူး။ကျွန်တော်တို့ကလည်း အသင်းကြီးဖြစ်ပြီး တိုက်စစ်ဖွင့် ကစား တတ်တဲ့အသင်းပါ။ ရလဒ်ကောင်းတစ်ခုရဖို့လည်း အခုချိန်မှာ လိုအပ်နေဆဲဖြစ်တာမို့ ခံစစ်နဲ့ ချည်းကစားမှာ မဟုတ်ပါဘူး။သေချာတာတော့ အာဆင်နယ်အနေနဲ့ ဘိုင်ယန်ကို မရှုံးအောင် ကစားမှာပါ'' ဟု ဂါဘရီရယ်က သတင်းပေးခဲ့သည်။
ထို့ပြင် အာဆင်နယ်နောက်တန်းကစားသမား မာတီဆက်ကာက အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သဖြင့် နိုင်ပွဲဆက်အနေအထားရပ်တန့်သွားသောကြောင့် ဒေါသထွက်နေသော ဘိုင်ယန်မှာ ပွဲချိန်ပြည့် ထိုးဖောက်တိုက်စစ်ဆင်မည်ဖြစ်ရာ အာဆင်နယ်အနေဖြင့် သေချာပေါက် အခက်တွေ့လိမ့်မည်ဖြစ်ကြောင်း အသင်းဖော်များအား သတိပေးစကားပါးခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment