နေပြည်တော် နိုဝင်ဘာ ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈နာရီ မိနစ်၂ဝ တွင် အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိကြရာ ပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးမြအောင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ပြီး မြောက်ဦးမြို့သို့ရောက်ရှိကြရာ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အရိယာဝံသအား ဖူးမြော်ကြည်ညိုကြသည်။
ယင်းနောက် မြောက်ဦးမြို့ မဟာပညာကျော်စေတီတော် ရတနာစိန်ဖူးတော်နှင့် ရွှေထီးတော်တင်မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမှူးပြုသော ဧည့်ပရိသတ်တို့က မြောက်ဦးမြို့ မဏိရတနာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ သောမထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက မဏိရတနာကျောင်းတိုက်ဆရာတော်ထံ ရတနာစိန်ဖူးတော်၊ ဘုရားဆင်းတုတော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလိုတော်ပြည့် ကျောင်းဆရာတော်ထံ ငှက်မြတ်နားတော်၊ ဘုရားဆင်းတုတော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ပြည်ထောင်စုဝန်ကြီးများက လှူဖွယ် ပစ္စည်းများကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက အလိုတော်ပြည့်ကျောင်းဆရာတော်ထံ ဘုရားဆင်းတုတော် အဆူ ၅ဝ နှင့် ဆိုလာမီးအိမ် ၅ဝ တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပရိသတ်များက အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော်ထံမှ တရားနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဧည့်ပရိသတ်များက ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့ကို အမွှေးနံ့သာရည်တို့ဖြင့် ပက်ဖျန်းပူဇော်ကြကာ လက်ဆင့်ကမ်းပင့်ဆောင်ကြပြီး ပရိသတ်များက စေတီတော်အထွတ်တွင် တင်လှူပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ရတနာစိန်ဖူးတော်ကိုပင့်ဆောင်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ စေတီတော်အထွတ်တွင် တင်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ဘူးရွက်မညိုးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂသာရအား ကထိန်လျာသင်္ကန်းကို ဆက်ကပ်လှူဒါန်းသည်။
အဆိုပါ မဟာပညာကျော်စေတီတော်မှာ မြောက်ဦးမြို့ နန်းတော်ကုန်း၏ အနောက်ဘက် ကိုးတန့်စေ့စေတီ မြို့ဦးခေါင်းတောင်၏အောက်ဘက် မဟာပညာကျော် အိမ်တော်ရာကြီးအတွင်း၌ တည်ရှိသည်။
မဟာပညာကျော်အမတ်ကြီးသည် မြောက်ဦးခေတ် မင်းဗာဘုရင် လက်ထက်မှ မင်းရာဇာကြီးလက်ထက်အထိ မင်းတိုင်ပင်အမတ်ကြီးအဖြစ် ထင်ရှားခဲ့ပြီး ၎င်းနေထိုင်ခဲ့သော အိမ်တော်ရာဝင်းအတွင်း၌ ကောဇာသက္ကရာဇ် (၉၆၂)ခုနှစ် အေဒီ(၁၆ဝဝ)ပြည့် နှစ်တွင် မင်းရာဇာကြီးက တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာ၌ ပြီးခဲ့သည့် သြဂုတ် ၆ ရက်က မြောက်ဦးမြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင် ရေကြီးရေလျှံမှုကြောင့် သဘာဝဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများကို ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် မိမိကိုယ်တိုင်လာရောက်ခဲ့ပါကြောင်း၊ ထိုအချိန်က ရေဘေးသင့်ပြည်သူများကို ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လတ်တလောကူညီထောက်ပံ့မှုများ ဆောင်ရွက်ရန်၊ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန်နှင့် ရေရှည်တွင် မူလအနေအထားထက် ပိုမိုသာလွန်သည့်အခြေအနေကို တည်ဆောက်နိုင်ရန်အတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း။
ယခုအကြိမ်တွင် လုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးမှုကို သိရှိနိုင်ရန်နှင့် လိုအပ်သည်များ ကူညီပံ့ပိုးပေးရန် ထပ်မံလာရောက်ခြင်း ဖြစ်ပါကြောင်း။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင်စွာအကောင်အထည် ဖော်နိုင်ပြီး မိုးစပါးများကိုလည်း ရာခိုင်နှုန်းပြည့်နီးပါး ပြန်လည်စိုက်ပျိုးနိုင်သည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်နိုင်ငံ၏ သုံးပုံတစ်ပုံခန့်သည် သဘာဝဘေးဒဏ်ကို ပြင်းထန်စွာခံစားခဲ့ကြရကြောင်း၊ သို့သော် အစိုးရ၊ တပ်မတော်နှင့် စေတနာရှင်ပြည်သူများ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် မူလအခြေ အနေနီးပါး ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း၊ ဆက်လက်ပြီး မူလအခြေအနေထက် ပိုမိုကောင်းမွန်စေရန်၊ အနာဂတ်တွင် သဘာဝဘေးဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေရန်နှင့် ပျက်စီးဆုံးရှုံးမှုများကို လျှော့ချနိုင်ရန်အတွက် လိုအပ်သည့် အစီအမံများကို ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားရာတွင် မိမိတို့ အစိုးရတာဝန်ယူခဲ့သည်မှာ ငါးနှစ်နီးပါးရှိပြီဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူခဲ့သည့် သက်တမ်းတွင် ပြည်သူ့ဆန္ဒနှစ်ရပ်ဖြစ်သည့် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ ပါကြောင်း၊ စနစ်တစ်ခုမှ လုံးဝကွဲပြားခြားနားသည့် နိုင်ငံရေးစနစ်တစ်ခုသို့ ပြောင်းလဲဆောင်ရွက်ရာတွင် ခြေလှမ်းတိုင်း၊ အဆင့်တိုင်းကို သတိထားပြီး ဆောင်ရွက်ခဲ့သဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို သွေးထွက်သံယိုမရှိဘဲ တည်ငြိမ်အေးချမ်းစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရေးသည် နိုင်ငံ၏ဂုဏ်သိက္ခာအတွက် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲလွန်ကာလများတွင် မတည်ငြိမ်မှုများဖြစ်ပွားပြီး နိုင်ငံ၏တည်ငြိမ်အေးချမ်းမှုကို ထိခိုက်မည်ကို ပြည်တွင်း ပြည်ပမှ စိုးရိမ်ပူပန်မှုများရှိနေကြောင်း။
ထို့ကြောင့် နိုင်ငံတကာမှ အကဲခတ်လေ့လာသူ တစ်ထောင်ကျော်နှင့် ပြည်တွင်းမှ အကဲခတ်လေ့လာသူ ကိုးထောင်ကျော် စုစုပေါင်း တစ်သောင်းခန့်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လေ့လာစောင့်ကြည့်ကြမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့၏ အသွင်ကူးပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒီမိုကရေစီအလေ့အကျင့်နှင့် အတွေ့အကြုံနည်းပါးမှုအပေါ် ယုံကြည်မှု အားနည်းနေ၍ ဖြစ်ကြောင်း။
ထို့ကြောင့် လာမည့်ရွေးကောက်ပွဲကို လုံခြုံအေးချမ်းစွာ ကျင်းပနိုင်ရန်နှင့် လွတ်လပ်ပြီးတရားမျှတမှုရှိစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်အစိုးရကလည်း အစွမ်းကုန်ကူညီပံ့ပိုးပေး မည်ဖြစ်ရာ ပြည်သူများကလည်း ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ်က မြောက်ဦးခရိုင်အတွင်း ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတအား CB KMA Foundation မှ မြောက်ဦးမြို့နယ်အတွင်း ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ဗီဒီယိုမှတ်တမ်းဖြင့် ပြသသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌက မြောက်ဦးမြို့နယ် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မြောက်ဦးဒေသရေဘေးသင့် ပြည်သူများနေထိုင်ရန် CB KMA Foundation မှ တည်ဆောက်ပေးခဲ့သည့် ထမ္မရာဇ်ရွာသစ်မှ နေအိမ်များကို ကြည့်ရှုပြီး ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။
ဆက်လက်၍ ရေဘေးကြောင့်ပျက်စီးခဲ့သည့် မြောက်ဦး အခြေခံပညာအလယ်တန်းကျောင်းဆောင် ပြန်လည်ပြုပြင်ထားရှိမှုကို ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် မြောက်ဦးမြို့မှ ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ကြပြီး မင်းပြားမြို့သို့ ရောက်ရှိကြရာ မြို့တွင်းလမ်းတစ်လျှောက်၌ ဒေသခံပြည်သူများ က သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မင်းပြားမြို့နယ် ရာမောင်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်မိ ရပ်ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက နိုင်ငံတစ်ဝန်းလုံး၌ သဘာဝဘေးဒဏ် ကျရောက်ခဲ့မှုအခြေအနေနှင့် ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ မင်းပြားမြို့သို့ ဒုတိယအကြိမ် လာရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုကို ကူညီပံ့ပိုးပေးမည့်အခြေအနေ၊ နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အေးချမ်းလုံခြုံစွာ မဲဆန္ဒပေးနိုင်ရန်နှင့် လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ရန် လိုအပ်သည့်အခြေအနေ၊ အစိုးရ သက်တမ်းငါးနှစ်အတွင်း ပြည်သူ့ဆန္ဒနှစ်ရပ်ဖြစ်သည့် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ခဲ့မှုအခြေ အနေ၊ မိမိတို့နှင့်တစ်ချိန်တည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းများ စတင်ခဲ့သည့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တည်ငြိမ်အေးချမ်းမှုနှင့် တရား ဥပဒေစိုးမိုးမှုပျက်ပြားပြီး သွေးချောင်းစီးနေသည့်အခြေအနေများ၊ မိမိတို့၏ တည်ငြိမ်အေးချမ်းစွာဖြင့် အသွင်ကူးပြောင်းနိုင်ခဲ့သည့် အခြေအနေသည် နိုင်ငံနှင့် ပြည်သူများအတွက် ငြင်းဆန်၍မရသည့် အောင်မြင်မှုများဖြစ်၍ ရရှိပြီးဖြစ်သော တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆက်လက် ထိန်းသိမ်းရန်လိုအပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မင်းပြားမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ စစ်တွေမြို့သို့ ရောက်ရှိကြသည်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေပွိုင့်သို့သွားရောက်ကြပြီး ပွိုင့်ကမ်းခြေအား နိုင်ငံတကာအဆင့်မီ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုကာ အပန်းဖြေလျက်ရှိကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတအား ဒေသခံရခိုင်တိုင်းရင်းသား ဗိသုကာ ပညာရှင် ဦးထွန်းကျော်က ပွိုင့်ကမ်းခြေ ပြန်လည်ပြုပြင်နေမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
အဆိုပါ ပွိုင့်ကမ်းခြေနေရာကို ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂ဝ၁၅ ခုနှစ် ဇွန်လမှစတင်၍ ငွေကျပ်သိန်း ၂ သောင်း အသုံးပြုပြီး ရခိုင်ရိုးရာ ယဉ်ကျေးမှုနှင့် နိုင်ငံတကာအဆင့်မီ ပညာရပ်များဖြင့် ပေါင်းစပ်ပြုပြင်လျက်ရှိရာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သြဂုတ် ၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့၊ မြောက်ဦးမြို့နှင့် မင်းပြားမြို့များသို့လည်းကောင်း၊ သြဂုတ် ၇ ရက်တွင် ဘူးသီးတောင်မြို့နှင့် ရသေ့တောင်မြို့များသို့ လည်းကောင်း သွားရောက်ခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း'ကိုမန်'ရိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့် ပျက်စီးဆုံးရှုံးခဲ့မှုများဖြစ်ပွားခဲ့သဖြင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေး၍ သဘာဝဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ချမှတ်၍ မူလအနေအထားထက် ပိုမိုသာလွန်သည့် အခြေအနေရရှိနိုင်ရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
(သတင်းစဉ်)

No comments:
Post a Comment