
ရေတာရှည် နိုဝင်ဘာ ၎
လက်ရှိဈေးကွက်တွင် မြင့်တက်လျက်ရှိသည့် ဆန်ဈေးနှုန်းကြောင့် မိသားစုများပြားပြီး ဝင်ငွေနည်းပါးသော မိသားစုများ၌ အခက်အခဲဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။ ကျေးလက်ဒေသနေသူများနှင့် မြို့ပြရှိ ဝင်ငွေ နည်းပါးသည့်မိသားစုများမှာ ဧည့်မထအုပ်စု ဈေးနိမ့်သော ဆန်အမျိုးအစားများဖြစ်သည့် ထိုင်းကောက်၊ သုခအုပ်စု၊ ဆင်းသွယ်လတ်၊ ရတနာတိုးအစရှိသည်တို့ကိုသာ စားသုံးကြပြီး လက်ရှိဈေးကွက်ပေါက်ဈေးအရ ဆန်တစ်အိတ်လျှင် ကျပ် ၂၂ဝဝဝ မှ ၂၈ဝဝဝကျပ်အထိပေး၍ ဝယ်ယူနေကြရကာ ဆန်တစ်ပြည်ဈေးနှုန်းအရ ဆန်အမျိုးအစားပေါ် မူတည်၍ ငွေကျပ် ၉၅ဝ မှ ၁၂ဝဝ-၁၃ဝဝဖြင့် ဈေးကွက် တွင် ရောင်းချနေသည်ကို တွေ့ရသည်။
''တစ်နေ့လုပ်မှ တစ်နေ့ဝယ်စားရတဲ့သူတွေအားလုံး အခက်ဖြစ်ကုန်တယ်။ မိသားစုကများ ဝင်ငွေကနည်းဆိုတော့ တစ်နေ့ထမင်းသုံးနပ်အတွက် အတော့်ကိုရုန်းကန်ရမယ့် အခြေအနေဖြစ်နေတယ်''ဟု ကျေးလက်တောရွာမှ ဈေးလာဝယ်သူတစ်ဦးကပြောသည်။မိုးစပါး အသစ်တင်း ၁ဝဝ လျှင် ခြောက်သိန်းကျပ်ဖြင့် ဝယ်ယူနေကြသော်လည်း လက်ရှိ တရုတ်ဈေးကွက်၏ ဝယ်လိုအားနည်းပါးသည့်အတွက် မူဆယ်ဈေးကွက်၌ အရောင်းအဝယ်အေးစက်နေကြောင်း ဆန်စက်လုပ်ငန်းရှင် ဦးအေးနိုင် ကပြောသည်။ စပါးဈေး နှုန်းမြင့်တက်ခြင်းကြောင့် တောင်သူများဝင်ငွေကောင်းမွန်သော်လည်း နေ့စားလုပ်သားများအတွက် ဝယ်ယူစားသုံး ကြရသည့်အခါ ဈေးနှုန်းမြင့်တက်နေခြင်းသည်အခက်အခဲများစွာ ကြုံတွေ့ကြရကာ ယခုကဲ့သို့ ပြည်ပဆန် ဈေးကွက်အေးသော်လည်း ပြည်တွင်းဆန်ဈေးမြင့်တက်ခြင်းမှာ ငွေကြေးတတ်နိုင်သူများက စပါးနှင့်ဆန်ကိုဝယ်ယူ သိုလှောင်မှုပမာဏများပြားခြင်းအပြင် ရေဘေးသင့်ဒေသများ၏ ဝယ်လိုအားနှင့်လိုအပ်ချက်များကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
ကိုလွင်(ဆွာ)
No comments:
Post a Comment