Thursday, November 5, 2015

ဒီမိုကရေစီစနစ်ဖြင့် ထိုက်တန်ကြောင်း ကမ္ဘာကို ပြသနိုင်ရန် ရွေးကောက်ပွဲကို အေးချမ်းလုံခြုံစွာ၊ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပရန် အားလုံးပူးပေါင်းဆောင်ရွက်




The Mirror Daily's photo.


နေပြည်တော် နိုဝင်ဘာ ၎

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ခေတ္တဝန်ကြီးချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများနှင့်အတူ ယနေ့နံနက် ၆ နာရီတွင် စစ်တွေမြို့ လောကာနန္ဒာ စေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုပြီး ဆွမ်း၊ ပန်း၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် စေတီတော် လိုဏ်တော်အတွင်း၌ စစ်တွေမြို့မှ မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား တွေ့ဆုံပြီး အမှာစကား ပြောကြားရာတွင် ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရန်နှင့် လျှပ်စစ် ဓာတ်အားရရှိရေးသည် အရေးကြီးကြောင်း၊ မိမိတို့အစိုးရ တာဝန်ယူချိန်တွင် လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်မှစပြီး ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း။

ထို့ကြောင့် လျှပ်စစ်ဓာတ်အားကို သာမန်အိမ်သုံးအတွက်သာ အသုံးမပြုဘဲ အိမ်တွင်းစက်မှုလုပ်ငန်းများ ထွန်းကားစေရန်နှင့် ထိုမှတစ်ဆင့် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများထွန်းကားအောင် ဆောင်ရွက်သွားရန်လိုကြောင်း။

ဒေသဖွံ့ဖြိုးရေးအတွက် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးလိုင်းများ တိုးချဲ့တပ်ဆင်ပြီး ဆက်သွယ်မှုအခြေအနေ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။

ရရှိထားသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုများကို အသုံးပြုပြီး လယ်ယာထွက်ကုန်များနှင့် ရေထွက်ပစ္စည်းများကို တန်ဖိုးမြှင့်တင် ထုတ်လုပ်ရန် လိုအပ်ကြောင်း၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ထုတ်ပေးရန် လိုအပ်သကဲ့သို့ ဒေသနှင့်သင့်တော်သည့် သီးနှံ များကိုလည်း စမ်းသပ်စိုက်ပျိုးရန် လိုအပ်ပါကြောင်း။

မိမိတို့တာဝန်ယူချိန်တွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေအား၊ လူအား စိုက်ထုတ်ဆောင်ရွက်ပေးခဲ့သည်ကို မျက်မြင်တွေ့ရှိ ခံစားနိုင် ပြီဖြစ်ကြောင်း။

ထို့ကြောင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဆက်လက်ထိန်းသိမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း။

စစ်တွေမြို့ကို အဓိကရေပေးဝေနေသည့် ကန်တော်ကြီးကိုလည်း ပြုပြင် မွမ်းမံပြီး သောက်သုံးရေဖူလုံရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

စစ်တွေမြို့ရှိ ကန်တော်ကြီးမှ မြို့အတွက် လက်ရှိရေပေးဝေနိုင်မှုမှာ တစ်နေ့ ဂါလန် ၁ ဒသမ ၂ သန်းဖြစ်ပြီး မြို့၏ တစ်နေ့ရေလိုအပ်ချက်မှာ ဂါလန် ၂ ဒသမ ၆ သန်းဖြစ်၍ ပိုမိုရေသိုလှောင်နိုင်ပြီး လုံလောက်စွာ ရေပေး ဝေနိုင်ရန်အတွက် အဆိုပါကန်တော်ကြီးအား ခန့်မှန်း ငွေကျပ် ၂ ဒသမ ၄၁ ဘီလီယံ အကုန်အကျခံ ပြုပြင်မည်ဖြစ်သည်။ ထိုသို့ ပြုပြင်ပြီးပါက စစ်တွေမြို့ အတွက် တစ်နေ့လျှင် ဂါလန် ၄ ဒသမ ၆ သန်းခန့် ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် Golden Green Energy ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ဝင်းက ငွေကျပ် သိန်း ၁ဝဝဝ၊ ဇေယျကျော်ထင် ဦးမောင်မောင်အုန်း မိသားစုက ငွေကျပ် သိန်း ၂ဝဝ နှင့် အေးငြိမ်း ဆောက်လုပ်ရေးကုမ္ပဏီက ငွေကျပ် သိန်း ၂ဝဝ တို့ကို ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက စေတီတော်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ လက်ခံရယူသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော် ဝန်းအတွင်းရှိ စင်္ကြာမုနိရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်းကာ အလှူငွေများ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့မှ အထူးလေယာဉ်ဖြင့်ထွက်ခွာခဲ့ကြပြီး သံတွဲမြို့ သို့ရောက်ရှိကြရာ သံတွဲလေဆိပ်၌ ဒေသခံပြည်သူများက တစ်ခဲနက် ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ပြီး တောင်ကုတ်မြို့သို့ ရောက်ရှိကြရာ လမ်းတစ်လျှောက် မှ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် တောင်ကုတ်ကောလိပ်ခန်းမ၌ မြို့မိ မြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ ဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ပြည်သူများအား တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် တောင်ကုတ်မြို့နယ်သည်လည်း မဟာဓာတ်အားလိုင်းမှတစ်ဆင့် ၂၄ နာရီ မီးရရှိနေပြီဖြစ်သည့်အတွက် အိမ်တွင်းစက်မှုလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း။

မိမိတို့ အစိုးရတာဝန်ယူချိန်တွင် တောင်ကုတ်မြို့၌ တောင်ကုတ် ကောလိပ်ကို ဖွင့်လှစ်ပေးခဲ့သည့်အတွက် ရခိုင်ပြည်နယ်တောင်ပိုင်းမှ ကျောင်းသား ကျောင်းသူများ လွယ်ကူစွာပညာသင်ကြားနိုင်ပြီဖြစ်ကြောင်း။

တောင်ကုတ်ကောလိပ်မှ ဆရာ ဆရာမများအနေဖြင့် ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာတတ်သော၊ စည်းကမ်းကောင်းသော၊ ပြည်ထောင်စုစိတ်ဓာတ်ရှိသော လူငယ်များကို မွေးထုတ်ပေးရန်လိုကြောင်း။
သို့မှသာ ရှိပြီးဖြစ်သည့် သယံဇာတကြွယ်ဝမှု၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုများကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါင်းစပ်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကျောက်တောင်က မြို့နယ်အတွက်လိုအပ်သည်များကို တင်ပြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး ရမ်းဗြဲမြို့သို့ရောက်ရှိကြရာ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ရမ်းဗြဲမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီနှင့် မြို့နယ်စည်ပင်သာယာ ရေးကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ်၏ သဘာဝဘေး ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးစနစ်တစ်ခုမှ စနစ်တစ်ခုသို့ တည်ငြိမ်အေးချမ်းစွာဖြင့် အသွင်ကူးပြောင်းနိုင်ခဲ့မှု အခြေအနေများ၊ ပြည်သူများ၏ ဆန္ဒနှစ်ခုဖြစ်သည့် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင် နိုင်ရန်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲရေးများကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ဒီမိုကရေစီစနစ်ဖြင့် ထိုက်တန်ကြောင်း ကမ္ဘာကို ပြသနိုင်ရန်အတွက် ရွေးကောက်ပွဲကို အေးချမ်းလုံခြုံစွာ၊ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပရန်၊ အမျိုးသားရေးတာဝန်အဖြစ် အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မှုများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရမ်းဗြဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌက မြို့နယ်အတွက် လိုအပ်သည်များကို တင်ပြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ပြီး မာန်အောင်မြို့သို့ရောက်ရှိကြရာ ဒေသခံပြည်သူများက တစ်ခဲနက် ကြိုဆိုကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် မာန်အောင်မြို့ အောင်ဇေယျခန်းမ၌ မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအား တွေဆုံသည်။

တွေဆုံပွဲတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် မာန်အောင်ကျွန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်းပတ်လမ်းနှင့် လေယာဉ်ကွင်းကို ဖောက်လုပ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျွန်းပတ်လမ်းကို ဆက်လက်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ်မီးရရှိ နေချိန်တွင် သီးခြားကျွန်းဖြစ်နေသည့် မာန်အောင်မြို့နယ်တွင်လည်း လျှပ်စစ်မီး ၂၄ နာရီ ရရှိနိုင်ရေးအတွက် Heavy Fuel Oil သုံး အင်ဂျင်စက်များဖြင့် ဓာတ်အားဖြန့်ဖြူးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဖြစ်ပေါ်လာမည့် အနာဂတ်အခြေအနေကောင်းများကို အသုံးချပြီး ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် မှာကြားပြီး နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အေးချမ်းလုံခြုံစွာကျင်းပနိုင်ရန် လိုအပ်မှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မာန်အောင်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌက မြို့နယ်အတွက်လိုအပ်သည်များကို တင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အဖွဲ့ဝင်များနှင့်အတူ မာန်အောင်မြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ သံတွဲမြို့သို့ ညနေပိုင်းတွင်ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတသည် သံတွဲမြို့နယ် ငပလီမြို့ အဏ္ဏဝါရိပ်သာ၌ မြို့မိ မြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအားတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာတွင် မိမိတို့အစိုးရတာဝန်ယူချိန်တွင် ငပလီကို မြို့အဆင့် တိုးချဲ့ပေးခဲ့ပြီး လမ်းနှင့် လေယာဉ်ကွင်းကိုလည်း အဆင့်မြှင့်တင်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထိုအခြေအနေများကို အသုံးချပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ဒေသခံပြည်သူများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ ဟိုတယ်နှင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမ်းခြေသာယာလှပမှုနှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရန်အတွက် စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် သံတွဲမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး မကွေးမြို့သို့ ရောက်ရှိကြရာ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မကွေးမြသလွန်စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်းနှင့် ဆီမီးတို့ ကပ်လှူပူဇော်၍ အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
(သတင်းစဉ်)

No comments:

Post a Comment