
ရန်ကုန် နိုဝင်ဘာ ၎
လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြောင့် အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများနှင့် အရောင်း အဝယ်လုပ်ငန်းများမှာ အနည်းငယ်မှ သိသိသာသာ အေးလာကြောင်း ထုတ်လုပ်၊ ရောင်းဝယ်သူ အများစုက ပြောသည်။
ထိုသို့ အရောင်းအဝယ်များမှာ ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ အနည်းငယ်အေးလာပြီး ယခု ရွေးကောက်ပွဲနီးလာချိန်တွင် သိသိသာသာ အရောင်းအဝယ် လျော့နည်းကျဆင်းလာကြောင်းနှင့် ရွေးကောက်ပွဲပြီးချိန်တွင်လည်း ဈေးကွက်ပြန်လည် ဦးမော့ရန်မလွယ်သေးကြောင်း ဈေးကွက်လေ့လာ သူများက သုံးသပ်ပြောသည်။
ရန်ကုန်မြို့တွင် အထင်ကရဖြစ်သော ဈေး ကြီးများဖြစ်သည့် သိမ်ကြီးဈေးနှင့် မင်္ဂလာဈေးတို့မှာ မြန်မာတစ်နိုင်ငံလုံးသို့ အဓိက ဖြန့်ဖြူးပေးနေပြီး ယင်းဈေးကွက်များပင် သိသိသာသာ အရောင်း အဝယ် ကျဆင်းလျက်ရှိကြောင်း အဆိုပါ ဈေးကွက်မှ သိရသည်။
''ကျွန်မတို့က အသေးစားလုပ်ငန်းလေးတွေ လုပ်တာပါ။ သိမ်ကြီးဈေးကို တင်ပို့ရပါတယ်။ အဲဒီကနေတစ်ဆင့် မြန်မာပြည်အရပ်ရပ်ကို ထပ်ပြီး ဖြန့်ဖြူးပါတယ်။ သိမ်ကြီးဈေးက အော်ဒါတွေ ပိတ်ထားတာကြာပါပြီ။ ရွေးကောက်ပွဲကြောင့်လို့ ပြောပါတယ်။ ကျွန်မတို့က ဒီလို ပွင့်လင်းရာသီကို မျှော်လင့်ပြီး ပစ္စည်းတွေ ကြိုလုပ်ထားတာရှိပါတယ်။ ပွင့်လင်းရာသီလည်းရောက်ရော အော်ဒါတွေ ပိတ်တယ်ဆိုတော့ ကျွန်မတို့ အခက်အခဲဖြစ်နေရ ပါတယ်''ဟု ရန်ကုန်မြို့ရှိ ပလတ်စတစ် ကလေး ကစားစရာ တင်ပို့ရောင်းချသူ ဒေါ်စန်းကြည်က ပြောသည်။
ကျေးလက်ဒေသများရှိ မြို့နယ်အများစုသည် ရန်ကုန်မြို့ရှိ အရောင်းအဝယ်ဈေးကွက်များကို အဓိကအားထားနေရပြီး အရောင်းအဝယ်အခြေ အနေများကိုလည်း စောင့်ကြည့်ရောင်းချမှုများလည်း ရှိသည်။
ထိုသို့ ရန်ကုန်မြို့ရှိ အရောင်းအဝယ်အချို့မှာ ရွေးကောက်ပွဲကြောင့် အရောင်းအဝယ်ရပ်ဆိုင်း မှုများ၊ နှေးကွေးမှုများ၊ အေးစက်မှုများကြောင့် နယ်မြို့များသို့ပါ အရောင်းအဝယ်အေးစက်မှုများ ကူးစက်ပျံ့နှံ့လာကြကြောင်း နယ်မြို့များရှိ အရောင်းအဝယ်လုပ်ကိုင်နေသူများက ပြောသည်။
''ဖိနပ်လုပ်ငန်းဆိုတာက အခုလို ပွင့်လင်း ရာသီကို စောင့်နေရတာပါ။ အရင်နှစ်တွေဆို ဒီအချိန်မှာ အော်ဒါတော်တော်များများရလို့ လက်မလည်အောင် လုပ်နေရတာပါ။ ကျွန်တော်တို့ ဈေးကွက်နယ်တွေကို အားကိုးပြီး လုပ်နေရတဲ့ အတွက် နယ်တွေက ရွေးကောက်ပွဲကြီးနီးလာလို့ အမှာစာတွေ နည်းနည်းပဲရတော့တယ်။ ဒီနှစ်မှာ ကျွန်တော်တို့အနေနဲ့ ထင်မထားပါဘူး။
အခုလို အော်ဒါအေးနေတော့ ကျွန်တော်တို့ ပွင့်လင်းရာသီအတွက် ကြိုလုပ်ထားတာတွေက ရင်းထားရတာ မနည်းပါဘူး။ အခုဆို အရင်းတွေ မြုပ်နေတော့ အခက်အခဲတွေဖြစ်နေရပါတယ်။ နောက်ပြီး ကျွန်တော်တို့ကို မှီပြီးလုပ်နေရတဲ့ ဖိနပ် လုပ်သားတွေရှိပါတယ်။ ကျွန်တော်တို့တောင် အခက်အခဲဖြစ်နေရင် သူတို့လို နေ့စားလုပ်သားတွေ ရဲ့ ဝမ်းရေးအတွက် အခက်အခဲပိုဖြစ်ရပါတယ်''ဟု ရန်ကုန်မြို့တွင်နေထိုင်သည့် ဖိနပ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ထို့အတူ နယ်ဒေသများတွင် အသုံးအဆောင် ပစ္စည်းများ၊ ကုန်ပစ္စည်းများ၊ စားသောက်ကုန်များမှာ ဈေးအနည်းငယ်ကြီးမြင့်လာပြီး စားသောက်ကုန်များ သာ အနည်းငယ်အရောင်းအဝယ်ဖြစ်ကြောင်း နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
ပြည်တွင်းရှိ နေထိုင်သူအများစုသည် နိုင်ငံ အတွင်း တစ်စုံတစ်ရာ အပြောင်းအလဲများနှင့် ကြုံတွေ့ရသည့်အချိန်တိုင်းတွင် အရောင်းအဝယ် အေးမှုများနှင့် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းများဖြစ်ပေါ် လာခြင်းနှင့်အတူ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်မှုမှာလည်း ဓမ္မတာသဘောလို ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက လက်ရှိအခြေအနေ များကို သုံးသပ်ပြောသည်။
ရှင်မင်းနွယ်
No comments:
Post a Comment