Wednesday, November 4, 2015

မင်းဓမ္မမှ ပြောင်းရွှေ့လာသည့် မင်္ဂလာဒုံပတ္တမြားပန်းကွင်း လတ်တလောအရောင်းအဝယ်ပါးသော်လည်း မကြာမီ ပန်းဥယျာဉ်ကမ္ဘာဖြစ်လာရန် မျှော်လင့်လျက်ရှိ




သတင်း - မင်းသစ်၊ ဓာတ်ပုံ - နေလင်း(သတင်းစဉ်)
ရန်ကုန် နိုဝင်ဘာ ၃
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းထောင့်ရှိ မြေ ၈ ဒသမ ၅၂၆ ဧကကို ၂ဝဝဝ ခုနှစ်တွင် ပန်းကွင်း ဖွင့်လှစ်ပြီး အဆိုပါပန်းကွင်းကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ၌ ဒုတိယစီးပွားရေးဇုန်ဖော်ဆောင်ရန် သာကေတမြို့နယ် ယမုံနာလမ်းမကြီးဘေး စည်ပင်ပိုင် မြေ ၃ ဒသမ ၁၄၆ ဧကသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သိရသည်။
မူလမင်းဓမ္မပန်းဥယျာဉ်တွင် ပန်းရောင်းချသူ ၁၁ဝ နှင့် ဆိုင်ခန်းပေါင်း ၅၅ဝ ကျော်ရှိပြီး သာကေတမြို့နယ် ယမုံနာလမ်းမကြီးဘေး ပြောင်းရွှေ့ သွားသည့် ပန်းကွင်း၌ဆိုင်ခန်းပိုင်ရှင် ၅၅ ဦးနှင့် ဆိုင်ခန်းပေါင်း ၃၁၉ ခန်းရှိသည်။
''သာကေတဘက် ပြောင်းလာတာ ကြာပြီဆိုတော့ ဈေးကွက်ကတော့ ရနေပါပြီ။ ပျိုးပင်စိုက်ရောင်းလာတာ ၁၅ နှစ်ရှိပြီ''ဟု ဒေါ်ရီရီစိုးက ပြောသည်။
အဆိုပါ သာကေတမြို့နယ် ပန်းပျိုးဥယျာဉ်တွင် ပန်းပျိုးပင် ရောင်းချ သူများ အလွယ်တကူ ရောင်းချနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်ယာယာရေး ကော်မတီက ၈ လက်မ အဝီစိတွင်းတူးကာ ပေအရှည် ၄၈ဝဝ ရေသွယ် တန်းပေးခြင်း၊ (၁၂ x ၁၂)ပေ အကျယ်ရှိ နှစ်ခန်းတွဲပျိုးပင် ဆိုင်ခန်းပေါင်း ၅၆ လုံးကို အခမဲ့ဆောက်လုပ်ပေးခြင်း၊ ၁ဝ ခန်းတွဲ သန့်စင်ခန်း နှစ်လုံးကို ဆောက်လုပ်ပေးခြင်း၊ မီးရရှိရေးအတွက် ၁ဝဝ ကေဗွီ ထရန်စဖော်မာတစ်လုံး၊ ၂ဝဝ ကေဗွီ ထရန်စဖော်မာ နှစ်လုံးတို့ကို တပ်ဆင်ပေးခဲ့ပြီး ကိုယ်ပိုင်မီတာ ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ မင်းဓမ္မပန်းပျိုးဥယျာဉ်တွင် ကျန်ရှိနေသည့် ဆိုင်ခန်းပိုင်ရှင် ၅၅ ဦးနှင့် ဆိုင်ခန်းပေါင်း ၂၇၉ ခန်းကို ယခုနှစ် စက်တင်ဘာလတွင် မင်္ဂလာဒုံမြို့နယ် ပတ္တမြားလမ်းဘေးရှိ စည်ပင်ပိုင်မြေသို့ ဒုတိယအကြိမ်အဖြစ် ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။
''ကျွန်မတို့လိုချင်တဲ့ ပန်းကွင်းတည်ဆောက်ဖို့အတွက် မြေ ၅ ဧကကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက နှစ် ၆ဝ ဂရန်နဲ့ ဝယ်ယူခွင့် မြေချပါမစ်ပေးခဲ့တယ်။ အားလုံးက လက်ခံသဘောတူပြီး ပြောင်းရွှေ့လာ ကြတယ်။ ပန်းကွင်းကြီးဖြစ်အောင် အားလုံးလုပ်ဆောင်နေကြပါတယ်''ဟု အဆိုပါ ပန်းကွင်းသို့ ရွှေ့ပြောင်းလာသည့် နွယ်ဝတီပန်းဆိုင်မှ ဒေါ်နီဝါလွင်က ပြောသည်။
''ပန်းဥယျာဉ်ဌာနက ပြောင်းရွှေ့ဖို့ အစစအရာရာ ကူညီပေးတယ်။ ဟိုမှာရှိတဲ့ ဆိုင်ခန်းအကျယ်အတိုင်း မြေနေရာအကွက်ပြန်ရိုက်တယ်။ ရေက တော့ သွယ်ပြီးသွားပြီ။ ကုန်ကျစရိတ်ကတော့ ပေးရမှာပါ။ လမ်းကိုလည်း အဝင်ကနေ အတွင်းပိုင်းအထိ ဖောက်ပေးထားတယ်။ လျှပ်စစ်မီးကတော့ မရသေးဘူး။ သက်ဆိုင်ရာက လုပ်ပေးမယ်ဆိုရင်တော့ ကောင်းပါတယ်''ဟု သပြေနန်းပျိုးဥယျာဉ်ပိုင်ရှင် ဒေါ်ချိုချိုဝင်းက ဆိုသည်။

သို့သော် ''မင်းဓမ္မက နှစ်ကြာနေပြီဆိုတော့ လူသိနေပြီ။ ဒီမှာတော့ လောလောဆယ် ရောင်းလို့မရသေးဘူး။ တည်ဆောက်ဆဲကာလ ဖြစ်နေတယ်''ဟု၎င်းက ပြောသည်။
ပန်းပျိုးပင်များစိုက်ပျိုးရောင်းချရာတွင် နည်းပညာဖြင့် ပြုလုပ်ထားသည့် ပန်းပျိုးပင်များနှင့် သစ်ခွတချို့ကို ပြည်ပမှ တင်သွင်းပြီး သီးပင်၊ စားပင်များနှင့် နှစ်ရှည်ပင်များအား ကိုင်းဆက်၊ ကိုင်းပျိုး ကိုယ်တိုင်လုပ်စနစ်ဖြင့် ရောင်းချနေ ရကြောင်း ပန်းပျိုးဥယျာဉ်ရောင်းချသူများထံမှ သိရသည်။
''အိမ်ရာတစ်ခုဖော်ဆောင်တယ်ဆိုရင် မြေယာအလှအပိုင်းပါရတာပဲ။ နေပြည်တော်ကြီး တည်ဆောက်တယ်။ ဒီအပင်တွေ အများကြီး ထည့်ရတာပဲ။ ဘယ်မြို့ပဲ တည်ဆောက်တည်ဆောက် မြေယာအလှ မပါလို့ မဖြစ်ဘူး''ဟု ဒေါ်ချိုချိုဝင်းက ပြောသည်။
''မင်္ဂလာဒုံပတ္တမြားလမ်း နေရာလေးက မကြာခင် စိမ်းစိုနေတဲ့ ပန်းဥယျာဉ် ကမ္ဘာလေးဖြစ်လာတော့မှာပါ။ ပြောင်းခါစဆိုတော့ အသစ်ကနေ ပြန်လုပ် နေရတယ်''ဟု ပျိုးပင်လုပ်ငန်း နှစ်ပေါင်း ၃ဝ လုပ်ကိုင်လာသည့် ဝေဖူး ပန်းဥယျာဉ်မှ ဒေါ်ကြည်ကြည်ဌေးက ပြောသည်။
မင်္ဂလာဒုံမြို့နယ်သို့ ပြောင်းရွှေ့နေရာချထားပေးသည့် ပန်းကွင်း မြေနေရာကို ယခင် မင်းဓမ္မပန်းကွင်းပုံစံအတိုင်း အကွက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ခန်းများအားလုံး၏ မျက်နှာစာတွင် လမ်းများဖောက် သွားမည်ဖြစ်ကြောင်း ပန်းကွင်းဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

No comments:

Post a Comment