
ဆရာကျော်ဦး
၂ဝ၁၄ ခုနှစ်အတွင်း အမျိုးသားစာပေဆုရ သုတပဒေသာ (အသုံးချသိပ္ပံ) စာပေဆုတွင် ''ဝါး'' (မြန်မာမြင့်စာပေတိုက်) ရေးသားသည့် ဆရာရတနာစိုးနှင့် သုတပဒေသာ (ရိုးရိုးသိပ္ပံ)စာပေဆုတွင် ''စွမ်းအင်နှင့် ဝန်းကျင်''(ပါရမီစာပေ)ရေးသားသည့် ဆရာကျော်ဦးတို့ကို ဆက်လက်သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဆရာရတနာစိုး
ကျွန်တော် ''ဝါး''စာအုပ်ရေးတာ ပထမဆုံးပါ။ ဒီစာအုပ်ရေးဖြစ်တာက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဝါးကိုစီးပွားဖြစ် စိုက်ပျိုးနိုင်အောင် ရည်ရွယ်ပြီးရေးဖြစ်တာပါ။ စာအုပ် ရေးဖြစ်ဖို့အတွက် အချိန်လေးနှစ် လောက်ယူပြီး ပြည်တွင်း၊ ပြည်ပ မှာလေ့လာခဲ့ရပါတယ်။ ''ဝါး'' စာအုပ် ဖြန့်ချိတဲ့အချိန်မှာ အရောင်းရဆုံး ၁ဝ အုပ်မှာ ပထမရခဲ့လို့ ပီတိဖြစ်ခဲ့ရသလို ခုလို အမျိုးသားစာပေဆုပါရခဲ့တဲ့ အတွက် အတိုင်းမသိပါပဲ။ နိုင်ငံတော်က အချိန်ယူပြီး စနစ်တကျ ရွေးချယ်ပေးတဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။
''ဝါး'' အကြောင်းစာအုပ်ထုတ်ဝေပြီးနောက်ပိုင်းမှာ ကျွန်တော့်ဆီကိုNGO အဖွဲ့တွေ စိတ်ဝင်စားသူတွေက ဝါးအကြောင်းလာဆွေးနွေးကြတယ်။ အထူးသဖြင့် အင်းလေးကန် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးNGO နှစ်ဖွဲ့လာတယ်။ ဆွေးနွေးတယ်။ ကျွန်တော်ကလည်း ဝါးမျိုးတွေကို အခမဲ့ပေးတယ်။ နောက်ဝါးအကြောင်း နဲ့ ပတ်သက်တဲ့ အသိပညာပေးတွေ လုပ်တယ်။ ဝါးပျိုးဥယျာဉ် လုပ်ထား တယ်။ ရှမ်းပြည်တောင်ပိုင်းဆိုရင် ဝါးမျိုးတွေကို အခမဲ့ပေးတယ်။ လက်ရှိဝါးပျိုးဥယျာဉ်ကို ဖောင်ကြီးနဲ့ ပြင်ဦးလွင်မှာလုပ်ထားတယ်။ အဓိက တော့ ဝါးစိုက်ပျိုးတာက ဝင်ငွေလည်း ကောင်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်လို့ အသိပညာပေးပွဲ တွေကို ကျေးလက်တွေဆင်းပြီး အခမဲ့လုပ်ပေးနေတာပါ။ နောက်ပိုင်း ဝါးပညာပေးစခန်းလုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း ပြည်သူလူထု အကျိုးပြုဖြစ်မယ့် စာအုပ်တွေထပ်ရေးနေပါတယ်။ ''မှိုနဲ့ လူသား'' စာအုပ် မကြာခင်ထွက်မှာပါ။ မှိုရဲ့ သဘာဝအဆိပ်အတောက်၊ ရောဂါကြီးတွေ ကာကွယ်နိုင်ပုံတို့ကို လူသားအကျိုးပြု ရေးသားထားပါ တယ်။
ဆရာရတနာစိုး၏ အမည်အရင်း မှာ ဦးတင်မောင်စိုးဖြစ်ပြီး ၁၉၄၈ ခုနှစ်တွင် အဘ ဦးတင့်-အမိ ဒေါ်သန်းကြည်တို့က မန္တလေးမြို့တွင် မွေးဖွားသည်။ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ သိပ္ပံဘွဲ့(ရုက္ခဗေဒ)ဖြင့် ၁၉၇ဝ ခုနှစ်က ဘွဲ့ရပြီး ၁၉၇၂ ခုနှစ်တွင် ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၄၃)တွင် တက်ရောက်ကာ ဒုဗိုလ်မှ ဗိုလ်မှူးအဆင့်ထိ တပ်မတော် တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် မြန်မာ့ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သလို နိုင်ငံပိုင် ရာသီသီးနှံစိုက်ကွင်းများနှင့် စက်ရုံ များ တိုးတက်ဖွံ့ဖြိုးရေးအတွက် တာဝန်ယူဆောင်ရွက်ခဲ့သည်။ စီမံ ထူးချွန်(ဒုတိယဆင့်)နှင့် စက်မှု စီးပွားထူးချွန် (ဒုတိယဆင့်) နိုင်ငံတော်မှ ချီးမြှင့်ပေးအပ်ခြင်းခံရပြီး အဆိုပါ ဌာနမှ ၂ဝဝ၈ ခုနှစ်တွင် ညွှန်ကြားရေးမှူးအဆင့်ဖြင့် အငြိမ်း စားယူခဲ့ကာ စာပေရေးသားခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ဆောင် လျက်ရှိပြီး ဇနီး ဒေါက်တာခင်မာစိုး နှင့် သားသမီးသုံးဦးနှင့်အတူ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိ သည်။
ဆရာကျော်ဦး
ကျွန်တော်''စွမ်းအင်နှင့်ဝန်းကျင်'' စာအုပ် အမျိုးသားစာပေဆုရတာ စတုတ္ထအကြိမ်မြောက်ပါ။ ၂ဝဝ၃ ခုနှစ် က ''အနန္တစကြဝဠာ၏ အစွန်းပေါ်သို့'' ပထမအကြိမ်၊၂ဝဝ၆ ခုနှစ်က ''နေသူ ရိန်၏ အရှိန်အဝါအောက်မှာ'' ဒုတိယ အကြိမ်၊ ၂ဝ၁၂ ခုနှစ်က ''ရေကြည် တစ်ပေါက်'' တတိယအကြိမ်ရခဲ့ပါ တယ်။ ၂ဝဝ၉ ခုနှစ်ကတော့ ထွန်း ဖောင်ဒေးရှင်းစာပေဆုကို ''ဥတုရာသီ ပြောင်းခဲ့ပြီ'' စာအုပ်ဖြင့် ရပါတယ်။ ကျွန်တော် စုစုပေါင်းစာအုပ် ငါးအုပ် ထုတ်ခဲ့ပါတယ်။ ငါးအုပ်လုံး ဆုရတာ ထက် ကိုယ်တင်ပြချင်တဲ့အကြောင်း အရာကို ချပြခွင့်ရတဲ့အတွက် ပီတိ ဖြစ်ပါတယ်။ ရွေးချယ်ရေးကော်မတီ က ရွေးချယ်ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ဝမ်းသာမိပါတယ်။
အောင်မြင်တာ၊ ရှုံးနိမ့်တာက ကံ၊ ဥာဏ်၊ ဝီရိယ လုံလောက်မျှတမှုရှိလို့ မြင်ပါတယ်။စာအုပ်ငါးအုပ်လုံး ဆုရလို့ ငါတော်တယ်၊ ငါတတ်တယ်လို့ မမြင် ပါဘူး။ ငါလုပ်ခဲ့တဲ့ဟာက ဘာတွေ လိုအပ်တယ်၊ ဘာတွေထပ်မံဖြည့် ဆည်းရမယ်ကိုရှာပြီး ဆက်လက် ကြိုးစားရမယ်လို့ သုံးသပ်မိပါတယ်။
ဒီခေတ်လူငယ်တွေက စာပေ စိတ်ဝင်စားမှုအပေါ် အလွန်ကျဆင်း နေတယ်။ အားရင် ဖုန်းပွတ်နေတာများ တယ်။ အထူးသဖြင့် သိပ္ပံစာပေအပေါ် စိတ်ဝင်စားမှုပိုနည်းပါးတယ်။ သိပ္ပံ စာပေဆိုတာ ဘယ်အကျိုးကြောင့် ဘယ်အကြောင်းဖြစ်တတ်တယ်ဆိုတာ တိတိကျကျဖော်ပြတဲ့စာပေမျိုး ဖြစ် တယ်။ သိပ္ပံစာပေအဖတ်နည်းလာရင် အဆောတလျင် လမ်းလွဲရောက်နိုင် တယ်။ ဥပမာတစ်ခုပြောရရင် ဓမ္မ စေတီခေါင်းလောင်းအကြောင်းပါ။ ကျွန်တော့်မှာ ဓမ္မစေတီခေါင်းလောင်း ရှိတာ မရှိတာ၊ မြုပ်တာ မမြုပ်တာ တော့ ဆုံးဖြတ်နိုင်စွမ်းမရှိပါဘူး။ ခေါင်းလောင်းက တန် ၃ဝဝ ရှိတယ်။ တစ်ပတ်၊ ၁ဝ ရက်နဲ့ ရွှေတိဂုံပေါ် ရောက်မလိုလိုနဲ့။ ရိုးရိုးရှင်းရှင်းတွေး ကြည့်ရင် ကွန်တိန်နာယာဉ်တစ်စီးက တန် ၃ဝ လောက်ရှိတယ်။ ယင်းယာဉ် ၁ဝ စီးလောက်နဲ့ အလေးချိန် တူ တယ်။ ဆယ်နိုင်ပြီပဲထားဦး ရွှေတိဂုံ ပေါ် ဘယ်လိုတင်မလဲ၊ လမ်းတွေပေါ် ဘယ်လိုဖြတ်မလဲပါ။ ဒီခေတ်လမ်း တွေမပြောသေးဘူး၊ ငဇင်ကာတို့ ခေတ်ကလမ်းတွေက ခေါင်းလောင်း သယ်ဖို့ ခံနိုင်ပါ့မလား။ ဒါတွေ ကို စဉ်းစားတွေးခေါ်တတ်ဖို့ သိပ္ပံ စာပေများများဖတ်ဖို့လိုတယ်လို့ ပြော ချင်တာပါ။ နောက်ပြီး သိပ္ပံပညာ တိုးပွားအောင် လုပ်ဆောင်ရမယ်။ ဒီထက် အဆပေါင်းများစွာ ကြိုးစား ရမယ်။ လူငယ်တွေ စာများများ ဖတ်ဖို့ပဲ တိုက်တွန်းချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးသန့်တို့က စာပေကြောင့် ဦးဆောင်နိုင်ခဲ့တာပါ။ ကျွန်တော် သိပ္ပံစာပေကို ထပ်မံ ရေးသားနေပါတယ်။ ''မိုးရေလှောင် ကန်''ပါ။ ရေအရင်းအမြစ် ပြေါ<ွကယ်ဝတဲ့နိုင်ငံမှာ ရေချိုကို ဘယ်လိုအကျိုးရှိရှိ အသုံးချမှုကိုဖော်ပြ တဲ့ စာအုပ်ပါ။
ဆရာ ဦးကျော်ဦးသည် အဘ ဦးကြူစိုင်-အမိ ဒေါ်သန်းကျင်တို့မှ ၁၉၄၈ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသ ကြီး ထားဝယ်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် စက်မှုတက္ကသိုလ် သို့တက်ရောက်ပြီး မြို့ပြအင်ဂျင်နီယာ ဘွဲ့ရရှိသည်။ ငွေတာရီမဂ္ဂဇင်းတွင် ''ဘိုးအင်း ၇၄၇'' စာမူမှ အစပြု၍ သိပ္ပံဆောင်းပါးများကို စာနယ်ဇင်းများ တွင် ရေးသားခဲ့ပြီး ယနေ့တိုင် ဆောင်းပါး ၇ဝဝ ခန့်ပါရှိပြီးဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်းတွင် ရေပေးရေးနှင့် သန့်ရှင်းမှုအင်ဂျင်နီယာအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး နယ်သာလန်နိုင်ငံ သို့ ရေနှင့်သန့်ရှင်းမှု အင်ဂျင်နီယာ ဘွဲ့လွန်ဒီပလိုမာကို ပညာသင်ကြား ခွင့်ရရှိခဲ့သည်။ ၁၉၉၆ ခုနှစ်မှစပြီး ပါရမီစာပေကို တည်ထောင်၍ စာပေ ထုတ်ဝေရေးလုပ်ငန်းကို လုပ်ကိုင် လျက်ရှိပြီး မြန်မာနိုင်ငံစာပေထုတ်ဝေ သူနှင့် ဖြန့်ချိသူများအသင်း၏ ဒုတိယ ဥက္ကဋ္ဌ(၂)အဖြစ် တာဝန်ထမ်းဆောင် လျက်ရှိသည်။
သတင်း-ကိုသက်(ဗိုလ်တထောင်)
ဓာတ်ပုံ-ဌေးအောင်
No comments:
Post a Comment