ထူးခြားသောမြန်မာ့နိုင်ငံရေး
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလများတွင် မျက်မှောက်ကာလမှာ ထူးခြားမှုအရှိဆုံးကာလဟု ဆိုရမည်ဖြစ်သည်။ အသွင်ကူးပြောင်းရေးကာလအတွင်း အရေးအကြီးဆုံး နိုင်ငံရေးအပြောင်းအလဲဖြစ်သည့် သမိုင်းဝင်ရွေးကောက်ပွဲကြီးကို မကြာမီရက်ပိုင်းအတွင်း ကျင်းပတော့မည်ဖြစ်ရာ ၂ဝ၁၅ ခုနှစ်အတွက် အထူးခြားဆုံးအချိန်ကာလဟု ဆိုရခြင်းဖြစ်သည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများအနက် ယခုကျင်းပတော့မည့်ရွေးကောက်ပွဲသည် နိုင်ငံရေးအင်အားစုအားလုံး ပါဝင်ယှဉ်ပြိုင်သော ရွေးကောက်ပွဲဖြစ်၍ ထူးခြားသည့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းဖြစ်လာသည်။ ယနေ့ကာလတွင် နိုင်ငံရေးအဖွဲ့များ ငယ်လျှင်ငယ်သလောက်၊ ကြီးလျှင်ကြီးသလောက် ပြိုင်ဆိုင်မှုပြင်းထန်လာသည်ကို တွေ့ရသည်။
ထိုကဲ့သို့အခြေအနေဖြစ်လာအောင်လည်း နိုင်ငံတော်အစိုးရက ဒီမိုကရေစီစနစ်ရှင်သန်သည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရေးအတွက် အဆင့်ဆင့်သောဖြေလျှော့မှုများနှင့် လက်တွေ့ကျသော အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို မှန်မှန်ကန်ကန် စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရသည်။ ထိုသို့ဆောင်ရွက်ပေးသောကြောင့် ဒီမိုကရေစီ စနစ်၏ လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းလာသည်။
သို့သော်လည်း ဒီမိုကရေစီစနစ်တည်ဆောက်ရေးနှင့်ပတ်သက်သည့် အတွေ့အကြုံများ၊ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အားကောင်းမောင်းသန် မဖြစ်သေးသည်မှာအမှန်ဖြစ်သည်။ ထိုအခက်အခဲများကြောင့် ရာခိုင်နှုန်းပြည့် ပြီးပြည့်စုံသော အထွေထွေရွေးကောက် ပွဲကြီးဖြစ်ပေါ်ရန်အတွက် လိုအပ်ချက်များ ရှိကောင်းရှိနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံသမိုင်းကြောင်းတွင် အပြန်အလှန်ထိန်းကျောင်းမှုအားနည်းသော နိုင်ငံရေးဖြစ်စဉ်နှင့် ဒီမိုကရေစီမဆန်သော အုပ်ချုပ်မှုစနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ကျင်လည်ခဲ့ရသောကြောင့် အားနည်းချက်များ ရှိနေမည်ဟုဆိုရခြင်းဖြစ်သည်။ သို့သော် နိုင်ငံရေးအတွေ့အကြုံနည်းခဲ့သော်လည်း မြန်မာနိုင်ငံသားများ၏ ဒီမိုကရေစီဆန်သော အပြုအမူများနှင့် လုပ်ဆောင်မှုများမှာ အံ့သြဖွယ်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း အသွင်ကူးပြောင်းရေးကို ဆောင်ရွက်ရာ၌ ကဏ္ဍတိုင်းတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို တစိုက်မတ် မတ်လုပ်ဆောင်ပေးနေသည်ကို တွေ့ရသည်။ နိုင်ငံသားများ၏ အနာဂတ်သစ်အတွက် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေးတို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းများကို မျိုးဆက်သစ်များအား လက်ဆင့်ကမ်းပေးနိုင်စေရန် ကြိုးပမ်းဆောင်ရွက်ပေးနေသည်မှာ အမှန်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အစိုးရသက်တမ်းတစ်ကြိမ်အတွင်း ကြီးမားလှသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများနှင့်အခက်အခဲများ အနည်းနှင့်အများရှိနေဦးမည်ဖြစ်သည်။ ပထမဆုံးသက်တမ်းအတွင်းမှာပင် အတွေးအခေါ်ဟောင်း၊ အယူအဆ၊ အမူအကျင့်ဟောင်းများနှင့် အတ္တကို ရှေ့တန်းတင်သည့် အပြုအမူများကို ဖယ်ရှားရန်မှာ အပြောလွယ်သလောက် အလုပ်ခက်သောအခြေအနေများဖြစ်သည်ကို နားလည်ရမည်ဖြစ်သလို သိမ်မွေ့နက်နဲစွာဖြင့် ဖယ်ရှားဆောင်ရွက်နေရသည်ဟု ယုံကြည်ပါသည်။
ထိုအခက်အခဲများကို အောင်မြင်စွာ ကြိုးပမ်းဖြတ်သန်းနိုင်မှသာလျှင် မိမိတို့လူ့အဖွဲ့အစည်းအတွက် အထူးလိုအပ်နေသော နိုင်ငံရေးစနစ်သစ်နှင့် နိုင်ငံရေးယဉ်ကျေးမှုအသစ်များ အမြစ်တွယ်အခြေခိုင်မာလာမည့် အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။ ဖြေရှင်းမှုတိုင်းကို စိတ်ရှည်သည်းခံစွာဖြင့် ဖြေရှင်းကြပြီး စိန်ခေါ်မှုတိုင်းကိုကျော်လွှားနိုင်ရန်အတွက် မတူညီသော စိတ်ထားများကိုဖယ်ရှားကာ တူညီသောစိတ်ထားများဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုး ကောင်းစားရေးအတွက် အလေးအနက်ထား ဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ကို ထင်ဟပ်စေမည့် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် အထွေထွေရွေးကောက်ပွဲကြီးအား စစ်မှန်သော စေတနာဖြင့် အကောင်းဆုံးဆောင်ရွက်ပေးနေသည်ကို ထူးခြားသောနိုင်ငံရေး အခင်းအကျင်းများက သက်သေပြနေပြီဖြစ်၍ နိုင်ငံ့အကျိုးအတွက် နိုင်ငံသားအားလုံး ရှေးရှုဆောင်ရွက်နိုင်စေရန် ဆန္ဒပြုလိုက်ပါသည်။ ။
No comments:
Post a Comment