အသည်းကြားက မဲတစ်ပြား
မြန်မာ့နိုင်ငံရေးသမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်မည့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကို မြန်မာနိုင်ငံတစ်ဝန်းတွင် မကြာမီ ကျင်းပတော့မည်ဖြစ်သည်။ အသက် (၁၈)နှစ်ပြည့်ပြီးသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးရမည့်အချက်အလက်များကို မှန်ကန်အောင်ဆောင်ရွက်ပြီး မိမိတို့ သက်ဆိုင်ရာနယ်မြေတွင် ဆန္ဒမဲပေးခြင်းဖြင့် နိုင်ငံသားတစ်ယောက်၏ တာဝန်ကိုကျေပွန်စွာ ဆောင်ရွက်နိုင်စေရန် ကြေးမုံက ဆန္ဒပြုလိုက်ပါသည်။
မဲပေးခြင်းသည် မဲဆန္ဒရှင်ပြည်သူတစ်ဦးချင်းစီ၏ ဦးနှောက်ဖြင့် ဆုံးဖြတ်လိုက်သည့်ဆန္ဒကို မိမိနှလုံးသား အသည်းကြားမှတစ်ဆင့် မဲတစ်ပြား ပေးလိုက်ခြင်းပင်ဖြစ်သည်။ ထိုမဲတစ်ပြားကို သာမန်အားဖြင့်ကြည့်မည်ဆိုလျှင် အများပြည်သူဆောင်ရွက်ရမည့် ထိုနေ့ထိုရက်တွင် အများတန်းတူဆောင်ရွက်လိုက်ခြင်းဖြစ်သည်ဟု သာမန်အားဖြင့် ထင်ကောင်းထင်မြင်နိုင်မည် ဖြစ်သော်လည်း ထိုမဲတစ်ပြားသည် နိုင်ငံအတွက် အလွန်တန်ဖိုးရှိပါသည်။
''နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်နိုင်''ဟုဆိုနိုင်သော်လည်း နှမ်းစေ့ပေါင်း မြောက်မြားစွာကို ဆီဆုံတွင်ကြိတ်လိုက်သောအခါ အသုံးဝင်သည့်ဆီများ ဖြစ်လာသကဲ့သို့ မဲတစ်ပြားသည်မဖြစ်လောက်ပါဟု ထင်နိုင်သော်လည်း တစ်ဦးချင်းစီ၏ မဲအင်အားများ စုစည်းလိုက်သောအခါ နိုင်ငံအတွက်အကျိုးရှိမည့် ကြီးမားသောအင်အားတစ်ရပ် ဖြစ်လာမည်ကို သတိမူဖို့လိုမည်ဖြစ်သည်။
မဲပေးခွင့်ရှိသော ပြည်သူတစ်ဦးချင်းအနေဖြင့် မိမိတို့သဘောဆန္ဒအတိုင်း လွတ်လပ်စွာဖြင့် စိတ်ကြိုက် ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ မဲပေးရန်ဆုံးဖြတ် ရွေးချယ်ရာ၌ ဦးစွာပထမ ရိုးသားတည်ကြည်မှု၊ စိတ်ရှည် သဘောထားကြီးမှုနှင့် အမြော်အမြင်ရှိမှု စသည့်နိုင်ငံသားတန်ဖိုး၊ လူမှုတန်ဖိုးများကို နှလုံးသွင်းပြီး စဉ်းစားဆုံးဖြတ် ရွေးချယ်တတ်ရန် လိုအပ်ပေသည်။ သို့သော် မိမိတို့ ရွေးချယ်ဆုံးဖြတ်ချက် မှားယွင်းမသွားအောင်လည်း ဦးနှောက်ဖြင့်ရွေးချယ် ဆုံးဖြတ်ရမည်ဖြစ်သည်။
ဦးနှောက်ဖြင့် စဉ်းစားဆုံးဖြတ်ရွေးချယ်ရာတွင် မိမိနိုင်ငံနှင့်မိမိတို့ပြည်သူများအား အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့်၊ အမှန်တကယ် လုပ်ဆောင်ပေးနိုင်မည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်၊ မဖြစ်ရေရာသေချာအောင် စူးစမ်းလေ့လာကာ တိကျပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ခိုင်မာစွာမဲပေးရွေးချယ်ကြ ရန်လိုအပ်ပါသည်။ သူများယောင်လို့ယောင်မဖြစ်စေဘဲ ကိုယ်ပိုင်ဆုံးဖြတ် ချက်ဖြင့်ဆုံးဖြတ်တတ်ရန်လည်းလိုသည်။
မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အများဆန္ဒနှင့် ကင်းကွာခဲ့ပြီး မျက်မှောက်ကာလတွင် ဒီမိုကရေစီအလေ့အကျင့်ကောင်းများကို အစပျိုးလာနိုင်သည်ကိုတွေ့ရသဖြင့် မြန်မာနိုင်ငံ၊ မြန်မာ့လူ့အဖွဲ့အစည်းနှင့် မြန်မာ နိုင်ငံသားများသည် စစ်မှန်သည့်ဒီမိုကရေစီစနစ်နှင့် ထိုက်တန်သည်ဟု ထင်မြင်မိပါသည်။ ဒီမိုကရေစီနှင့်ထိုက်တန်သော နိုင်ငံသား၊ နိုင်ငံသူများဖြစ်အောင် ဒီမိုကရေစီအလေ့အကျင့်ကောင်းများကို ဆက်လက်ပျိုးထောင် မြေတောင် မြှောက်ပေးကြရမည်ဖြစ်သည်။
အများဆန္ဒဖြင့် နိုင်ငံ့အကျိုးအတွက်ဆောင်ရွက်ရာတွင် တာဝန်သိသော နိုင်ငံသားများရှိကြသလို ဆန္ဒမဲပေးခြင်းကို သိရှိနားလည်ပါလျက် မိမိအလုပ်ကို ဦးစားပေးကာ မဲပေးခြင်းမပြုကြသော နိုင်ငံသားများလည်း ရှိနေဦးမည်ဖြစ်သည်။ ထိုသူတို့သည် နိုင်ငံသားတစ်ယောက်၏ ဆောင်ရွက်ရမည့်တာဝန်ကို ပျက်ယွင်းခြင်းဖြစ်၍ နိုင်ငံ့အကျိုးအတွက် အချည်းအနှီး ဖြစ်နိုင်ပေသည်။
သမိုင်းတွင်မည့် နိုင်ငံ့အရေးကိစ္စတွင် မပါဝင်လိုက်သူ၊ အချည်းအနှီး ဖြစ်သူ မဖြစ်ရအောင်မဲပေးကြရပေလိမ့်မည်။ မဲပေးခြင်းသည် ကိုယ်ပိုင် လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ဆန္ဒပြုခွင့်ဖြစ်သော်လည်း မဲဆန္ဒပေးခြင်းဖြင့် နိုင်ငံသား တာဝန်ကျေပွန်သူဖြစ်အောင် မအားလပ်သည့်ကြားမှ မဖြစ်မနေ မဲပေးသင့်ပေသည်။ မိမိဆန္ဒသည် တန်ဖိုးကြီးမားလှသဖြင့် မည်သည့်အရာနှင့် မျှ မလဲအပ်သည့်ကိစ္စဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသမိုင်းတွင် သမိုင်းဝင်၊ သမိုင်းတွင်မည့် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံသား မဲပေးခွင့်ရှိသော ပြည်သူ ပြည်သားအပေါင်းတို့အနေဖြင့် မိမိတို့ဦးနှောက်ဖြင့် ဆုံးဖြတ်ထားသော အသည်းကြားမှ မဲတစ်ပြားကို မြန်မာနိုင်ငံ၏ အနာဂတ်တိုးတက် ကောင်းမွန်ရေးကို ရှေးရှုကာ မဲရုံသို့အရောက်သွား၍ မဖြစ်မနေမဲပေးကြရန် တိုက်တွန်းအပ်ပါသည်။ ။
No comments:
Post a Comment