Friday, May 29, 2015

RBE အဲကွန်းရထားတွဲသစ် ၃၂ တွဲ ဇွန်လကုန်ပိုင်းမှစတင်ကာ ရိုးရိုးရထားတွဲဆိုင်းနေရာများတွင် အစားထိုးပြေးဆွဲမည်




The Mirror Daily's photo.

ရန်ကုန် မေ ၂၈

ရထားစီးခရီးသွားပြည်သူများ ပိုမိုအဆင် ပြေလွယ်ကူစေရန်နှင့် မြန်မာ့မီးရထားအနေဖြင့် အနာဂတ်ကာလတွင်ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ ရှိနေ သည့်အတွက် ဂျပန်နိုင်ငံမှ ဝယ်ယူရောက် ရှိနေသည့် RBE ရထားတွဲသစ် ၃၂ တွဲကို ရိုးရိုးရထားတွဲဆိုင်းနေရာများတွင် ယခင်ပြေးဆွဲခဲ့သည့် RBE အဲကွန်းရထားတွဲ ဆိုင်းများကဲ့သို့ ဇွန်လကုန်ပိုင်းမှစတင်ကာ အစားထိုးပြေးဆွဲပေးမည်ဖြစ်သည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဝယ်ယူထားသော ပြီးခဲ့သည့်မေလအတွင်းကရောက်ရှိ ခဲ့သည့် RBE အဲကွန်းရထားတွဲ ၃၂ တွဲအား မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများအတွင်းအစားထိုးပြေးဆွဲပေးသွားမည်ဖြစ်ပြီး တွဲပေါင်း ငါးတွဲပါသည့် တွဲဆိုင်း ငါးဆိုင်းဖြင့် ဖွဲ့ဆင် ဆောင်ရွက်တော့မည်ဖြစ်သည်။ လက်ရှိ ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများ၌ စုစုပေါင်း ရထားတွဲဆိုင်း ၂၄ ဆိုင်းအား ခေါက်ရေ ၂၂၅ ခေါက်ဖြင့် ပြေးဆွဲပေးလျက်ရှိနေရာ RBE ရထားတွဲဆိုင်း ခုနစ်ဆိုင်းရှိပြီး လူစီးတွဲများအား စက်ခေါင်းတပ်ဆင်မောင်းနှင်သည့် ရထားတွဲဆိုင်း ၁၇ ဆိုင်းရှိကြောင်း မြန်မာ့မီးရထားမှသိရသည်။ အဆိုပါရထားတွဲ ဆိုင်း ၁၇ ဆိုင်းရှိသည့်အနက်မှ တွဲဆိုင်း ''ပ'' နှင့် ''သ'' တွဲဆိုင်းဖယ်ကာ ကျန်ရထားတွဲဆိုင်း ၁၅ ဆိုင်းထဲမှ တွဲဆိုင်း ငါးဆိုင်းကို ရွေးချယ်ပြီးအသစ်ရောက်ရှိလာသည့် RBE ရထားတွဲများနှင့် လိုအပ်သလို တစ်ဆင့်ပြီးတစ်ဆင့် အစားထိုးပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်းနှင့် ရိုးရိုး ရထားတွဲဆိုင်း ငါးဆိုင်းကို ပြန်လည် ပြင်ဆင်ပြီး လိုအပ်သည့်နေရာများတွင် ဖြည့်စွက်ပြေးဆွဲပေးသွားမည် ဖြစ်သည်။

အဆိုပါ RBE ရထားတွဲသစ် ၃၂ တွဲအား ရထားစီးခရီးသွားပြည်သူ များအတွက် အကျိုးအရှိဆုံးဖြစ်နိုင်မည့် ရိုးရိုးရထားတွဲဆိုင်းများတွင် အစားထိုးပြေးဆွဲပေးသွားမည်ဖြစ်သည်။
ဇွန်လကုန်ပိုင်းတွင် ရထားတွဲဆိုင်း နှစ်ဆိုင်းကို လည်းကောင်း၊ ဇူလိုင်လ ကုန်ပိုင်းတွင် ရထားတွဲဆိုင်း နှစ်ဆိုင်းကို လည်းကောင်း၊ သြဂုတ်လကုန်တွင် ရထားတွဲဆိုင်း တစ်ဆိုင်းကို လည်းကောင်း အစားထိုးပြေးဆွဲသွားရန် မြန်မာ့မီးရထားမှ မျှော်မှန်း ထားကြောင်းသိရသည်။ လက်ရှိ RBE ရထားတွဲသစ် ၃၂ တွဲကို မြစ်ငယ်စက်ရုံ၌ KIHA 11 RBE ရထားတွဲ ၁၆ စီးကို လည်းကောင်း၊ RBE စက်ရုံ၌ KIHA 47, 48 RBE ရထားတွဲ ၁၂ စီးကို လည်းကောင်း၊ အင်းစိန်စက်ခေါင်းစက်ရုံ၌ RBE ရထားတွဲ လေးစီးကို လည်းကောင်း ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိပြီး ဇွန်လကုန်ပိုင်းတွင် ပြေးဆွဲပေးသွားရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြန်မာ့မီးရထားခရီးသည်ဌာနမှ ဒုတိယအထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုးက ''ဒီမြို့ပတ်ရထား တွဲများကို ၂ဝ၁၃ ခုနှစ် ဧပြီ ၁၇ ရက် ကစပြီး တစ်ဆင့်ပြီးတစ်ဆင့် ကစိအေန လုပ်ခဲ့တာပါ။ ရထားစီးပြည်သူတွေ အဆင်ပြေစေဖို့ ရန်ကုန်မြို့ပတ်ရထား လက်မှတ်ခနှုန်းထားမှာလည်း ငွေကျပ် ၅ဝ တန်၊ ၁ဝဝ ကျပ်တန်ကတော့ ဆက်ပြီးရှိနေဦးမှာပါ။ ဒီအသစ် ချိတ်ဆက်ပြေးဆွဲသွားမယ့် တွဲဆိုင်း ငါးဆိုင်းအတွက် အစားထိုးပြေးဆွဲ ပေးမယ်ဆိုတာကလည်း ရန်ကုန်မြို့ မှာသွားလာနေကြတဲ့ ရထားစီးခရီးသွား ပြည်သူအလွှာပေါင်းစုံအတွက် အဆင်ပြေသင့်တော်နိုင်မယ့်တွဲတွေ မှာ အစားထိုးပြေးဆွဲပေးသွားမှာပါ။ ရထားစီး ပြည်သူတစ်ဦးချင်းစီကလည်း စည်းကမ်းရှိစွာနဲ့ မြန်မာ့မီးရထားပေါ် ကူညီစေချင်ပါတယ်။ ရထားပေါ်မှာလည်း ပြည်သူများအတွက် ထိခိုက်စေနိုင်တဲ့အကြောင်း အရာတွေကို အသိပေးကြေညာ ထားတာလေးတွေရှိပါတယ်။ ဒါကို ခရီးသည်များက စည်းကမ်းလိုက်နာ ကြစေချင်ပါတယ်''ဟု ပြောကြားသည်။

မြန်မာ့မီးရထားမှ အထွေထွေ မန်နေဂျာ (အောက်မြန်မာပြည်) ဦးထွန်းအောင်သင်းက ''အခုအသစ် ရောက်ရှိလာတဲ့ ရထားတွဲတွေ အတွက် မီတာကို ပြန်မြှင့်ပေးရပါဦး မယ်၊ လောလောဆယ်ရထားတွဲတွေ ရဲ့ဘိုကီတွေကို အင်းစိန်စက်ခေါင်း စက်ရုံမှာ ပြန်ပြောင်းနေပါတယ်။ လက်ရှိရထားလမ်းပေါ်တွေမှာလည်း အချို့ပျံကျဈေးသည်တွေ ဈေးရောင်း နေကြတယ်။ ဈေးရောင်းထားတဲ့ အမှိုက်တွေကိုလည်း ကျွန်တော်တို့ မီးရထားက ရှင်းလင်းပေးရပါတယ်။ အကယ်လို့ ရထားပြေးဆွဲမှုကို မြန်နှုန်းသာထပ်မြှင့်ပြီး မောင်းမယ်ဆိုရင် ရောင်းသူ၊ ဝယ်သူအကုန်လုံးကို ရထားတိုက်မိသွားလိမ့်မယ်။ လက်ရှိ ရထားပြေးဆွဲမှု နှေးနေတာတောင် တိုက်မိမှုတွေ ဖြစ်နေပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကဆို အမျိုးသား တစ်ယောက်က ဖုန်းနားကြပ်ထိုးပြီး သွားနေတယ်။ နောက်က ရထားဥသြ ဆွဲသံကို သူမကြားဘူး။ တိုက်မိသွား တယ်။ ဦးခေါင်းလေးချက်ချုပ်လိုက် ရတယ်။ လေးလက်မကွဲသွားတာ ပေါ့။ အဲဒီတော့ ပြန်သုံးသပ်ရင် ဒီလိုစည်းကမ်းမဲ့တာကို ဘယ်လို လုပ်ကြမလဲ။ ခုတိုက်ခံထိတဲ့သူကို ပညာမပေးဘူးလားဆို ကျွန်တော်တို့ အသိပညာပေးပွဲတွေ လုပ်ရင် သူတို့မတက်နိုင်ခဲ့ကြလို့ပါဘဲ။ ဒါတွေ က အားလုံးမှာ ကိုယ်စီကိုယ်ငှ တာဝန် ရှိပါတယ်။ ကိုယ်ကိုယ်တိုင်က ဂရု တစိုက်နေမယ်ဆိုရင် ဒီလိုမတော် တဆဖြစ်စဉ် မဖြစ်ပါဘူး''ဟု ဖြည့်စွက် ပြောကြားသည်။

လက်ရှိ ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းရှိ ခရီးမိုင်မှာ စုစုပေါင်း ၇၁ ဒသမ ၁၄ မိုင်ရှိပြီး မြို့ပတ်လမ်းပိုင်း၌ ဘလောက် ဘူတာ ခြောက်ဘူတာနှင့် ဘူတာ စာရေးဘူတာ ၃၂ ဘူတာတို့ဖြင့် စုစုပေါင်း ၃၈ ဘူတာရှိကာ ဆင်ခြေဖုံး လမ်းပိုင်း၌ ဘလောက်ဘူတာ ၁ဝ ဘူတာနှင့် ဘူတာစာရေးဘူတာ ခုနစ် ဘူတာရှိပြီး ဘူတာစုစုပေါင်း ၅၅ ဘူတာရှိနေကြောင်း၊ လက်ရှိ အနေအထားအရ တစ်ရက်လျှင် ရထားစီးခရီးသည် ၈၅ဝဝဝ ခန့် အထိရှိလာသော မြန်မာ့မီးရထား လုပ်ငန်းမှာ အဆင့်မြင့်တွဲဆိုင်းရထား စတင်ပြေးဆွဲခြင်းကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ပတ် လမ်းပိုင်း၌ စတင်ပြေးဆွဲပေးခဲ့ ကြောင်းနှင့် ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းကို ၁၉၅၉ ခုနှစ် မေ ၁ ရက်က စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
သတင်းနှင့် ဓာတ်ပုံ
စိုးဝင်း (MLA)

No comments:

Post a Comment