သတင်းနှင့်ဓာတ်ပုံ - ရှိုင်းထက်ဇော်
မြန်မာ့ဘောလုံးစာမျက်နှာသစ်ဖွင့်လှစ်နိုင်ခဲ့သည့် ဖီဖာ ယူ-၂ဝ
ကမ္ဘာ့ဖလားပြိုင်ပွဲကို မေ ၃ဝ ရက်တွင် နယူးဇီလန် နိုင်ငံ၌
စတင်ကျင်းပတော့မည်ဖြစ်သည်။ မြန်မာအသင်းမှာ အမေရိကန်နှင့်
ပွဲဦးထွက်ဆုံတွေ့နေပြီး အဖွင့်လှရန် လိုအပ်နေပေသည်။
၂ဝ၁၅ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၂၄ သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး လေးသင်း၊ ခြောက်အုပ်စု ခွဲ၍ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ပထမနေ့ပွဲစဉ်များကို မေ ၃ဝ ရက်တွင် စတင်မည်ဖြစ်ပြီး မြန်မာအသင်းမှာ အဖွင့် ပွဲစဉ်အဖြစ် မြန်မာစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် အမေရိကန်အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲ ကို မေ ၃ဝ ရက်မှ ဇွန် ၂ဝ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုခွဲဝေထားမှု အရ အုပ်စု(က)တွင် အိမ်ရှင် နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန်၊ မြန်မာ၊ အုပ်စု(ခ)တွင် အာဂျင်တီးနား၊ ပနားမား၊ ဂါနာ၊ သြစတြီးယား၊ အုပ်စု (ဂ)တွင် ကာတာ၊ ကိုလံဘီယာ၊ ပေါ်တူဂီ၊ ဆီနီဂေါ၊ အုပ်စု(ဃ)တွင် မက္ကဆီကို၊ မာလီ၊ ဥရုဂွေး၊ ဆားဗီး ယား၊ အုပ်စု(င)တွင် နိုင်ဂျီးရီးယား၊ ဘရာဇီး၊ မြောက်ကိုရီးယား၊ ဟန်ဂေရီ၊ အုပ်စု(စ)တွင် ဂျာမနီ၊ ဖီဂျီ၊ ဥဇဘက်ကစ္စတန်၊ ဟွန်ဒူးရပ်စ်အသင်း တို့ပါဝင်ကြသည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် မေ ၃ဝ ရက် မြန်မာစံတော်ချိန် နံနက် ၁ဝ နာရီခွဲ တွင် အမေရိကန်အသင်း၊ ဇွန် ၂ ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ယူကရိန်းအသင်း၊ ဇွန် ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် အိမ်ရှင် နယူးဇီလန် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မြန်မာယူ-၂ဝ အသင်း၏ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိမှုမှာ ၂ဝ၁၄ ခုနှစ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အာရှယူ-၁၉ ပြိုင်ပွဲအပေါ်တွင် မူတည်ခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ခွင့်ရရန် ရည်မှန်းကာ ယင်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရန် ကြိုးပမ်းခဲ့ပြီး ဒုတိယအဆင့် အနေဖြင့် ဆီမီးအဆင့်သို့တက်ရောက်ရန် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု(က)တွင် ထိုင်းအသင်းနှင့်အတူ ကွာတားအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး အာရှနာမည်ကြီး အီရန်နှင့် ယီမင် အသင်းတို့ကို ကျော်ဖြတ်နိုင်ခဲ့သည်။ ကွာတားအဆင့်တွင် အာရှထိပ်သီး ယူအေအီးအသင်းနှင့် ရင်ဆိုင်ခဲ့ရပြီး တိုက်စစ်မှူးသန်းပိုင်၏ သမိုင်းဝင် ဂိုးနှင့်အတူ ဆီမီးအဆင့်သို့ ရောက်ရှိပြီး ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ခွင့်ရကာ မြန်မာ့ဘောလုံးသမိုင်း စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာယူ-၂ဝ အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ခွင့်ရရှိပြီး နောက်ပိုင်းတွင် ခြေစွမ်းအဆင့်မီစွာ ယှဉ်ပြိုင်နိုင်ရန်နှင့် ရလဒ်ကောင်း များရရှိရန် ခြောက်လကျော်ကြာအချိန် ယူပြင်ဆင်ခဲ့သည်။ ဇန်နဝါရီလတွင် တူရကီခြေစမ်းခရီးစဉ်၊ မတ်နှင့် ဧပြီလတွင် ဂျာမနီ၊ ဆားဗီးယား၊ မက်ဆီ ဒိုးနီးယား၊ ဆလိုဗက်ကီးယားနှင့် ဟန်ဂေရီခရီးစဉ်၊ မေလတွင် သြစတြေးလျ ခရီးစဉ်များသွားရောက်ကာ ပြင်ဆင်ခဲ့သည်။ ယင်းကာလ ကြားတွင်လည်း မြန်မာနိုင်ငံ၌ ခြေစမ်းပွဲများကစားခဲ့ပြီး ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိထားသည့် ဆားဗီးယား၊ ဟန်ဂေရီ၊ ဖီဂျီ၊ ကာတာအသင်းတို့နှင့် ခြေစမ်းကစားထားသည်။
မြန်မာယူ-၂ဝ အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရန်အတွက် ၂ဝ၁၂ ခုနှစ်ကတည်းက ဂျာမန်လူ မျိုးနည်းပြ ဂတ်ဖရိုင်းဒရစ်နှင့် ကာလရှည်ပြင်ဆင်ထားသည့် အသင်းဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရမှု နှင့်အတူ မြန်မာကို ကမ္ဘာကသိလာ ခဲ့ပြီး မြန်မာ့ဘောလုံးအနာဂတ်အတွက် လမ်းပွင့်ခဲ့ပြီဖြစ်သည်။

No comments:
Post a Comment