Saturday, May 30, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



အားကစားဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်

နှစ်နှစ်တစ်ကြိမ်ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံ များ၏ အားကစားပြိုင်ပွဲကို စင်ကာပူနိုင်ငံတွင် ဇွန် ၅ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားရန် စီစဉ်လျက်ရှိသည်။  ဆီးဂိမ်း ဟု လူသိများသည့် ဤအားကစားပြိုင်ပွဲသည် အရှေ့တောင် အာရှနိုင်ငံများအတွက် ဒေသတွင်း၌အမြင့်ဆုံးသောအားကစား ပြိုင်ပွဲကြီးဖြစ်သည့်အလျောက် ပြိုင်ပွဲဝင်နိုင်ငံတိုင်းက နိုင်ငံနှင့် လူမျိုးဂုဏ်ကိုမြှင့်တင်နိုင်ရန် ဆုတံဆိပ်အများဆုံးရရှိအောင် အပြိုင်အဆိုင်ကြိုးစားကြလေ့ရှိပါသည်။ နိုင်ငံကိုယ်စားပြု အားကစားသမားတိုင်းက မိမိနိုင်ငံ အလံတော်ထိပ်ဆုံးမှလွှင့်ထူ၍ အောင်ပွဲခံနိုင်ရန် အပြင်းအထန်ကြိုးစားနေကြပြီဖြစ်ပါသည်။
(၂၈) ကြိမ်မြောက် စင်ကာပူဆီးဂိမ်းပြိုင်ပွဲကြီးတွင် တီမောလက်စ်တေအပါအဝင် နိုင်ငံပေါင်း ၁၁  နိုင်ငံမှ အားကစားသမား ၇ဝဝဝ ခန့်သည် အားကစားနည်း ၃၆ မျိုးတွင် ပြိုင်ပွဲပေါင်း ၄ဝ၂ ခုဖြင့် ယှဉ်ပြိုင်သွားရန် စီစဉ် ထားကြောင်း သိရသည်။ ဤဆီးဂိမ်းပြိုင်ပွဲသည် အိမ်ရှင် အဖြစ်ကျင်းပခွင့်ရရှိသော နိုင်ငံအနေဖြင့် ဆုတံဆိပ်အများဆုံး ဆွတ်ခူးနိုင်ရန်မျှော်မှန်းထားသည့်အလျောက် စင်ကာပူ အားကစားသမားများက ရေကူး၊ ဒိုင်ဗင်၊ ဝါတာပိုလိုအစရှိသော အားကစားနည်းများဖြင့် ရွှေတံဆိပ်အများဆုံး ဆွတ်ခူးဖွယ်ရှိ ပါသည်။
ပြီးခဲ့သော ဆီးဂိမ်းတွင် အိမ်ရှင်ဖြစ်ခဲ့သော မြန်မာ အားကစားသမားများအနေဖြင့် လှေလှော်၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံးပြိုင်ပွဲများတွင် ရွှေတံဆိပ်အများဆုံးဆွတ်ခူး နိုင်ခဲ့သည်။    မြန်မာအားကစားမောင်မယ်များအနေဖြင့် (၂၇)ကြိမ်မြောက်  အရှေ့တောင်အာရှ  အားကစားပြိုင် ပွဲကြီးတွင် ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခုနှင့် ကြေး တံဆိပ် ၈၅ ခု စုစုပေါင်း ဆုတံဆိပ် ၂၃၃ ခုရယူပေးနိုင်ခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် နိုင်ငံအလိုက်ဒုတိယအဆင့်ရယူပေးနိုင်ခဲ့သည့်အတွက် မြန်မာ့အားကစားသမိုင်းတွင် မြန်မာ နိုင်ငံ၏ ဂုဏ်သိက္ခာကို အားကစားနှင့် မြှင့်တင်ပေးနိုင်သည့် ကမ္ပည်းမော်ကွန်းသစ်ထိုးနိုင်ခဲ့ပါသည်။
မကြာမီကျင်းပတော့မည့် စင်ကာပူဆီးဂိမ်းတွင်လည်း မြန်မာအားကစားမောင်မယ်များအနေဖြင့် ရွှေတံဆိပ်ရလေ့ရှိ သော အားကစားနည်းများတွင် ထပ်မံရရှိအောင် ကြိုးစား အားထုတ်ကြရမည်ဖြစ်သကဲ့သို့ အားနည်းသည့် အားကစား နည်းများတွင်လည်း အတွေ့အကြုံကောင်းများ၊ စံချိန်သစ်များ ရယူသွားနိုင်အောင် ကြိုးစားကြရမည်ဖြစ်သည်။   သို့မှသာ အားကစားဖြင့်   နိုင်ငံ့ဂုဏ်ကိုဆောင်ပြီး  နောင်လာမည့် အားကစား ပြိုင်ပွဲများတွင်လည်း  အတွေ့အကြုံကောင်းများ မှတစ်ဆင့် အောင်မြင်မှုဆုတံဆိပ်များ မျှော်မှန်းနိုင်မည် ဖြစ်ပါသည်။
စင်ကာပူနိုင်ငံ၌ ကျင်းပမည့် ဤဆီးဂိမ်းအားကစား ပြိုင်ပွဲကြီးသို့ မြန်မာအားကစားသမား ၄၁၈ ဦးစေလွှတ်ကာ အားကစားနည်း ၂၂ မျိုးတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း သိရသည်။ ယခုပြိုင်ပွဲကြီးသည် မြန်မာအားကစား မောင်မယ်များအဖို့ နိုင်ငံတော်အတွက် အားကစားလူချွန် လူကောင်းများအဖြစ် ပြသနိုင်သည့် အခွင့်အလမ်းကောင်း တစ်ရပ်လည်းဖြစ်သည်။ ဤအခွင့်အလမ်းကောင်းကို အမိအရ ဆုပ်ကိုင်ပြီး ကြံ့ခိုင်သောစိတ်ဓာတ်၊ မလျှော့သောဇွဲ၊ ပြင်းထန် သောလုံ့လတို့ဖြင့်   နိုင်ငံ့ဂုဏ်ကို   မြှင့်တင်သွားနိုင်လိမ့် မည်ဟု  မြန်မာပြည်သူတစ်ရပ်လုံးက    မျှော်လင့်ထား ပါကြောင်း။  ။

No comments:

Post a Comment