Friday, May 29, 2015

ချင်းတွင်းမြစ်ရေ တစ်ပေခန့်မြင့်တက်၍ အမြန်ရေယာဉ်များသွားလာမှုလွယ်ကူလာ



The Mirror Daily's photo.


ကလေး မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက် မိုးရွာသွန်းခဲ့မှုကြောင့် ချင်းတွင်းမြစ်သည် မေလ ပထမပတ်ထက်စာလျှင် ယခုနောက်ဆုံးပတ်အတွင်း မြစ်ရေသည် တစ်ပေကျော်အထိ မြင့်တက်လာခဲ့ကြောင်း ကလေးဝမြို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။
မြစ်ရေတက်လာမှုနှင့်ပတ်သက်၍ ကလေးဝ မိုး/ဇလ ဦးစီး ဌာနမှ ကိုဆွေက ''ချင်းတွင်းမြစ်ရေက ကျွန်တော်တို့ ခန့်မှန်းထားတဲ့ အတိုင်း တက်လာပါတယ်။ ဒီလ ၂ဝ ရက်နေ့ကဆို ၁၆၉ စင်တီမီတာ ပဲရှိပါတယ်။ ၂၇ ရက်နေ့ နေ့လယ်ပိုင်း တိုင်းတာတာ ၂ဝ၄ စင်တီမီတာ ရှိပါတယ်။ ၃၅ စင်တီမီတာ မြင့်တက်လာပါတယ်။ ပေအားဖြင့်ဆိုရင် တစ်ပေကျော်တက်လာတဲ့ သဘောပါ။ ဆက်လက်ပြီးတော့လည်း မြင့်တက်လာမယ့်သဘောရှိပါတယ်။ ခန္တီးမှာလည်း မြစ်ရေ တက်နေတယ်။ မော်လိုက်မှာလည်း မြစ်ရေတက်နေပါတယ်''ဟု ပြောသည် ။

''ချင်းတွင်းမြစ်ရေတက်လာလို့ အမြန်ရေယာဉ်တွေအတွက် ရေလမ်းကြောင်းတွေပွင့်လာပါတယ်။ အရင်တုန်းကလိုမျိုး ခက်ခက်ခဲခဲကြီး မမောင်းရတော့ပါဘူး။ ကုန်တင်အမြန်ရေယာဉ်ကြီးတွေအတွက်တော့ ရေကနှစ်ပေမှ သုံးပေအထိတက်မှ အဆင်ပြေမှာပါ''ဟု ရွှေနဒီဂိတ်မှူး ဦးတင်ထွန်းလွင် ကပြောသည်။

ချင်းတွင်းမြစ်သည် ယခုနှစ်အတွင်း မြစ်ရေသိသိသာသာကျဆင်းခဲ့ပြီး အမြန်ရေယာဉ်စီးသူများအနေဖြင့် ရေတိမ်သည့် နေရာများတွင် ရေယာဉ် သောင်မတင်စေရန် မြစ်အတွင်းခြေကျင်ပင် လျှောက်ခဲ့ရကြောင်း သိရသည်။
(လင်းလက်ကြယ်စင် )

No comments:

Post a Comment