Thursday, January 29, 2015

MNLအမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၄) ဆက်လက်ယှဉ်ပြိုင်ကစားမည်


 


ရန်ကုန် ဇန်နဝါရီ ၂၈

 ၂ဝ၁၅ ရာသီ MNLအမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၄)ကို ဇန်နဝါရီ ၃ဝ၊ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်တို့တွင် ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ပွဲစဉ်(၄)အဖြစ် ဇန်နဝါရီ ၃ဝ ရက်တွင် သုဝဏ္ဏကွင်း၌ မနောမြေနှင့် လက်ရှိချန်ပီယံ ရတနာပုံ၊ ဇန်နဝါရီ ၃၁ ရက်တွင် KBZ ကွင်း၌ ကမ္ဘောဇနှင့် ရခိုင်၊ သုဝဏ္ဏကွင်း၌ ချင်းယူနိုက်တက်နှင့် ရန်ကုန်၊ အောင်ဆန်းကွင်း၌ ဟံသာဝတီနှင့် နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မုံရွာကွင်း၌ ဇေယျာရွှေမြေနှင့် ဧရာဝတီ၊ အောင်ဆန်းကွင်း၌ ဇွဲကပင်နှင့် မကွေးတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ်(၃)အပြီးတွင် ရန်ကုန်နှင့် ဧရာဝတီအသင်းတို့က ကိုးမှတ်စီ၊ လက်ရှိချန်ပီယံ ရတနာပုံအသင်းက ခုနစ်မှတ်၊ ကမ္ဘောဇနှင့် မကွေးအသင်းတို့က ငါးမှတ်စီ၊ ချင်းယူနိုက်တက်နှင့် ဇေယျာရွှေမြေအသင်းတို့က လေးမှတ်စီ၊ ဟံသာဝတီအသင်းက နှစ်မှတ်၊ နေပြည်တော်၊ ဇွဲကပင်နှင့် မနောမြေအသင်းတို့က တစ်မှတ်စီရရှိထားပြီး ရခိုင်အသင်းမှာ သုံးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည့် ရန်ကုန်အသင်းမှာ ချင်းယူနိုက်တက်နှင့် ကစားရမည်ဖြစ်ပြီး အိမ်ကွင်း၌ပြန်လည်ကစားမည့် ကမ္ဘောဇအသင်းမှာလည်း တန်းတက်ရခိုင်နှင့် ကစားရမည်ဖြစ်သည်။ သုံးပွဲဆက်နိုင်ထားသည့် ဧရာဝတီအသင်းမှာ အဝေးကွင်း၌ ဇေယျာရွှေမြေနှင့် ကစားရမည်ဖြစ်ပြီး နိုင်ပွဲဆက်ရေးရုန်းကန်ရဖွယ်ရှိနေသည်။

(ရှိုင်းထက်ဇော်)

No comments:

Post a Comment