မန်ချက်စတာယူနိုက်တက်အသင်း ရှေ့တန်းတိုက်စစ်မှူး ရောဘင် ဗန်ပါစီသည်
မန်ယူအသင်းနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ၂ဝ၁၆ ခုနှစ်တွင်
ကုန်ဆုံးမည်ဖြစ်ရာ ၎င်းအား မန်ယူအသင်းက
စာချုပ်သစ် ထပ်မံချုပ်ဆိုရန်မှာ မသေချာဟု ပြောကြားခဲ့သည်။ နယ်သာလန်
အသင်းခေါင်းဆောင်အနေဖြင့် မန်ယူနှင့်ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ၁၈
လသာ ကျန်ရှိတော့ပြီး အသက်အရွယ်အားဖြင့်လည်း ၃၁ နှစ်ရှိနေပြီဖြစ်ရာ
ပရီမီယာလိဂ်တွင် ဆက်လက်ကစားရန်မှာ သေချာမှုမရှိဟု မီဒီယာများက
ရေးသားထားကြသည်။ သို့သော် ဗန်ပါစီက အနာဂတ် အကြောင်းကို အများကြီးစဉ်းစား
မထားဘဲ ယခုထက်ပိုမိုဂိုးများသွင်းယူနိုင်ရန်သာ အာရုံစိုက်ထားသည်ဟု
ဆိုခဲ့သည်။ ဗန်ပါစီက ''အခုလူတွေ စိတ်ဝင်စားနေတဲ့ စာချုပ်သစ်ကိစ္စအပေါ်
ကျွန်တော်အများကြီး မစဉ်းစားထားဘူး။ သေချာတာက အခု ၁၈ လအတွင်း မန်ယူမှာ
ကျွန်တော်ရှိနေမယ်။ နောက်ဘာတွေဆက်ဖြစ်လာ မလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။
ဒီနှစ်ဘောလုံးရာသီတွင်ပွဲ ၂ဝ ဝင် ကစားထားပြီး ရှစ်ဂိုးပဲ သွင်းနိုင်သေးတဲ့
အခြေအနေကို ကျွန်တော်မပျော် ပါဘူး'' ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက မန်ယူအနေဖြင့် နောက်ဆုံးကစားခဲ့သည့် ခြောက်ပွဲတွင် ငါးဂိုးသာ သွင်းယူနိုင်မှုအပေါ်တွင် မန်ယူပွဲထွက် တိုက်စစ်လူစာရင်းအနေဖြင့် အပြည့်အဝတာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။ မန်စီးတီး၊ ချယ်လ်ဆီးနှင့် ဆောက်သမ်တန်တို့ အက်ဖ်အေဖလားမှ ထွက်ခွာခဲ့ရသော်လည်း အာဆင်နယ်၊ ဝက်စ်ဟမ်း၊ လီဗာပူးတို့အပြင် မန်ယူအနေဖြင့်လည်း ကိန်းဘရစ်ခ်ျကို အိမ်ကွင်းတွင် ထပ်မံကစားရမည်ဖြစ်ရာ အက်ဖ်အေဖလားမှာ ပြိုင်ဆိုင် မှုပြင်းထန်နေဦးမည်ဟု ဆိုခဲ့သည်။
ကိန်းဘရစ်ခ်ျအသင်းနှင့် ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့သော်လည်း ပြိုင်ပွဲတွင် ဆက်လက်ရှိနေသည် မှာ ကျေနပ်ဖွယ်ရာပင်ဖြစ်သည်ဟု ဆက်လက်ပြောကြားခဲ့သည်။ မန်ယူ အနေဖြင့် လက်ရှိတွင် ပရီမီယာလိဂ် ဖလားကိုရယူရန်မှာ ဦးဆောင်သူ ချယ်လ်ဆီးနှင့် ၁၂ မှတ်ထိကွာဟလာခဲ့ပြီ ဖြစ်ရာ အက်ဖ်အေဖလားကိုရယူရန် ဗန်ပါစီအနေဖြင့် စိတ်အားထက်သန် လာခြင်းဖြစ်သည်။ မန်ယူအနေဖြင့် ကိန်းဘရစ်ခ်ျကို အိမ်ကွင်းတွင် အနိုင်ယူနိုင်ခဲ့လျှင် ပဉ္စမအဆင့်၌ ပရက်စတန်(သို့မဟုတ်)ရှက်ဖီးယူနိုက်တက်အသင်းနှစ်သင်းထဲမှ တစ်သင်းသင်းနှင့် တွေ့ဆုံရမည်ဖြစ်ရာ နောက်တစ်ဆင့်တက်ရောက်ရန် အခြေအနေကောင်းတစ်ရပ်ကို ရရှိထားသည်။
ဗန်ပါစီသည် အာဆင်နယ်တွင် နောက်ဆုံးရှိနေခဲ့သည့် ၂ဝ၁၁-၂ဝ၁၂ ဘောလုံးရာသီက တစ်ရာသီထဲ ၃၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး မန်ယူသို့ စတင်ရောက်ရှိလာသည့် ဘောလုံးရာသီတွင် ဂိုး ၃ဝ သွင်းယူ ပေးနိုင်ခဲ့သော်လည်း ယမန်နှစ် ဘောလုံးရာသီက ၁၈ ဂိုးသာ သွင်းယူ ပေးနိုင်ခဲ့ရာ ၎င်း၏ အကောင်းဆုံး အချိန်များကို ကျော်လွန်ခဲ့ပြီဟု ဝေဖန်မှုများ ရှိလာခဲ့သည်။ သို့သော် ဗန်ပါစီက ယခင်ခြေစွမ်းမျိုးပြန်လည် ရရှိအောင် အပြင်းအထန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ဂိုးမသွင်းယူ နိုင်မှုမှာ ၎င်းတွင် အပြည့်အဝတာဝန် ရှိသည်ဟု ခံယူကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။

No comments:
Post a Comment